ကိုယ်ဝန်ဆောင်ကာလမှာ ရေကျောက်ပေါက်တာ ဘာတွေစိုးရိမ်ရလဲ

ကိုယ်ဝန်ဆောင်ကာလမှာ ရေကျောက်ပေါက်တာ ဘာတွေစိုးရိမ်ရလဲ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

သင့်အနေနဲ့ ကိုယ်ဝန်ရှိလာပြီဆိုရင် အားလုံးကို ပုံမှန်နေသားတကျနဲ့ သာသာယာယာရှိချင်မှာ အမှန်ပါပဲ။ယေဘုယျအနေနဲ့ပြောရရင် သင့်အနေနဲ့ နာဖျားမှုတွေကနေ အချိန်အတော်များများမှာ ကာကွယ်ထားနိုင်ပါတယ်။ဒါပေမယ့် ဝမ်းနည်းစရာကို ရှောင်ရှားလို့ မရတဲ့ အခြေအနေတွေလည်း ရှိနေသေးတယ်ဆိုတာပါပဲ။ရေကျောက်ဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတမျိုးဖြစ်ပြီး မိခင်ရော ကလေးကိုပါ ထိခိုက်စေပါတယ်။အောက်မှာ ဖော်ပြထားတာကတော့ ဒီကူးစက်ရောဂါနဲ့ ပတ်သတ်လို့ သိထားသင့်တဲ့ အချက်ငါးချက်ပဲ ဖြစ်ပါတယ်။ဖတ်ကြည့်လိုက်ပါဦး။

ကိုယ်ဝန်ဆောင်စဉ်မှာ ရေကျောက်ပေါက်တာ ဘာစိုးရိမ်စရာတွေ ရှိနိုင်လဲ။

 ကိုယ်ဝန်ဆောင်စဉ်မှာ ရေကျောက်ပေါက်ရင် နမိုးနီးယား အဆုတ်ရောင်ရောဂါဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။ကလေးကိုပါ ထိခိုက်မလား၊မထိခိုက်ဖူးလားဆိုတာက ကိုယ်ဝန်အပတ်နဲ့ ဆိုင်ပါတယ်။တကယ်လို့ ကိုယ်ဝန် ရှစ်ပတ်နဲ့ အပတ်နှစ်ဆယ်ကြားမှာ မိခင် ရေကျောက်ပေါက်တယ်ဆိုရင် ကလေးမှာ Congenital Varicella Syndrome လို့ခေါ်တဲ့ ဆိုးရွားပြင်းထန်တဲ့ မွေးရာပါ ရောဂါတမျိုးကို ခံစားရမှာပါ။ဒီရောဂါကြောင့် ဆက်ဖြစ်နိုင်တာတွေက ကလေးဟာ ခြေလက်တွေပုံစံမမှန်ဘဲ မွေးလာမယ်၊အရေပြားမှာ အမာရွတ်တွေလိုမျိုးပါလာမယ်၊ခေါင်းလေးက အရမ်းသေးနေမယ်၊မျက်လုံးတွေ ရောင်ကိုင်းနေမယ်၊အမြင်အာရုံဆိုင်ရာ ပြဿနာတွေ၊ခြေ၊လက်တွေမှာ ပြဿနာတွေ နဲ့ ကြုံရမယ် ဒါမှမဟုတ် ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ပြဿနာတွေ ရှိနေမယ်။ရေကျောက်ပေါက်တာဟာ အသေလေးမွေးတဲ့ အထိကို အန္တရာယ်ရှိနေပါတယ်။တကယ်လို့ မီးဖွားဖို့ ရက်အနည်းငယ်အလို ဒါမှမဟုတ် မီးဖွားပြီး နှစ်ရက်လောက်အကြာမှာ သင်ရေကျောက်ပေါက်တယ်ဆိုရင်လည်း သင့်ကလေးဟာ ဗိုင်းရပ်စ်နဲ့ ထိတွေ့မှုရှိနေဦးမှာဖြစ်ပြီး အဲ့ဒီ့ ဗိုင်းရပ်စ်ကို တိုက်ထုတ်မယ့် ပဋိပစ္စည်းကိုတော့ အချင်းကနေတဆင့် ရနိုင်တော့မှာ မဟုတ်ပါဖူး။ဒါကြောင့် သင့်ကလေးအနေနဲ့ မွေးကင်းစရေကျောက်ပေါက်ဖို့ ဒါမှမဟုတ် ပိုဆိုးရင် neonatal varicella syndrome ဖြစ်ဖို့ ရာခိုင်နှုန်းပိုများနေပါတယ်။နှစ်ခုလုံးက အသက်အန္တရာယ်ရှိတဲ့ ရောဂါတွေချည်းပါ။

ရေကျောက်ပေါက်နေတဲ့ သူနဲ့ ထိတွေ့ပြီးရင် ဘာလုပ်သင့်သလဲ။

တကယ်လို့ သင်ဟာ ရေကျောက်ရောဂါအတွက် ကိုယ်ခံအားရှိပြီးသားဆိုရင်(ဆိုလိုတာက အရင်က ရေကျောက်ပေါက်ဖူးရင် ဒါမှမဟုတ် ကာကွယ်ဆေးထိုးဖူးရင်) စိုးရိမ်စရာ သိပ်မရှိလှပါဖူး။တကယ်လို့ သင့်မှာ ကိုယ်ခံအားရှိမရှိ မသေချာဖူးဆိုရင် ဆရာဝန်ကို ဆက်သွယ်မေးမြန်းပါ။သင့်ဆရာဝန်က သင့်ကို သွေးစစ်ခိုင်းပါလိမ့်မယ်။သွေးစစ်လို့ သင့်ဆီမှာ ပဋိပစ္စည်းမရှိဖူးလို့ အဖြေထွက်ရင် immune globulin လို့ခေါ်တဲ့ ဗိုင်းရပ်စ်တိုက်ထုတ်နိုင်တဲ့ ပစ္စည်းတမျိုးကို ထိုးဖို့ သင့်ဆရာဝန်က အကြံပေးပါလိမ့်မယ်။အဲ့ဒီ့အထဲမှာ ပဋိပစ္စည်းတွေပါဝင်ပါတယ်။ရေကျောက်ကို ကာကွယ်ဖို့ ဒါမှမဟုတ် ဖြစ်ရင်လည်း ပြင်းထန်မှုကို လျှော့ချဖို့ဆိုရင် ရေကျောက်ရောဂါနဲ့ ထိတွေ့ပြီး ဆယ်ရက်အတွင်းမှာ immune globulin ကို ထိုးသင့်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ဒီဆေးက သင့်ကလေးကိုတော့ ကာကွယ်ပေးနိုင်မှာ မဟုတ် ပါဘူး။

ရေကျောက်ရောဂါ ရပြီး ဘယ်လောက်ကြာရင် ရောဂါလက္ခဏာတွေ ပြလာမလဲ။

 ရောဂါနဲ့ ထိတွေ့ပြီး ဆယ်ရက်ကနေ နှစ်ဆယ့်တစ်ရက် အကြာမှာ ရောဂါလက္ခဏာတွေပြလာပါလိမ့်မယ်။ပထမဆုံးအနေနဲ့ တုပ်ကွေးလက္ခဏာတွေပြပါလိမ့်မယ်(ဥပမာ အဖျားတက်တာ)။ပြီးရင် ယားတဲ့ အနီစက်တွေထွက်လာပါမယ်။အနီစက်တွေဟာ မျက်နှာနဲ့ ရင်ဘတ်မှာ အရင်ပေါ်ပြီး တကိုယ်လုံးကို ဖြည်းဖြည်းချင်း ပျံ့သွားပါလိမ့်မယ်။အနီစက်တွေက ကြီးကြီးလာပြီး နောက်ပိုင်းမှာ ခြောက်သွားကာ ကွာကျသွားပါလိမ့်မယ်။

ရေကျောက်ရောဂါ ကာကွယ်ဆေးထိုးထားတဲ့သူဆီက ရောဂါကူးနိုင်လား။

ဒီလိုအခြေအနေမျိုးက အရမ်းရှားတဲ့အတွက် စိုးရိမ်စရာ မလိုပါဖူး။ဒါမျိုးအနေအထားက ကူးတာထက် ရေကျောက်ပေါက်နေတဲ့ အတူနေမိသားစုဆီက ကူးတာကအများကြီး ပိုဖြစ်နိုင်ပါတယ်။

သင့်ကလေးကို ရေကျောက်ရောဂါ အန္တရာယ်ကနေ ဘယ်လို ကာကွယ်မလဲ။

 တကယ်လို့ သင်ဟာ ရေကျောက်ပေါက်ပြီးသားဆိုရင် သင့်ခန္ဓာကိုယ်မှာ ရောဂါကို တိုက်ထုတ်နိုင်တဲ့ ပဋိပစ္စည်းတွေ ထွက်ပြီးသား ဖြစ်နေပါလိမ့်မယ်။အဆိုပါ ပဋိပစ္စည်းတွေကို သင့်ဆီကတဆင့် ကလေးက ရမှာ ဖြစ်တဲ့အတွက် ကလေးကိုပါ ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။တကယ်လို့ သင်ဟာ ရေကျောက်လည်းမပေါက်ဖူးဘူး ကိုယ်ဝန်လည်း မရှိသေးဖူးဆိုရင် ကာကွယ်ဆေးထိုးနိုင်ပါတယ်။ တခုရှိတာက ကာကွယ်ဆေးထိုးပြီး ၃လအတွင်းမှာတော့ ကိုယ်ဝန်ရှိမလာအောင် ကာကွယ်ထားရမှာ ဖြစ်ပါတယ်။သင့်မှာ ရေကျောက်မပေါက်ဖူးသလို ကာကွယ်ဆေးလည်း မထိုးဖူးဘူး၊ ဒါပေမယ့် ကိုယ်ဝန်ရှိနေပြီ ဆိုရင်တော့ ဆရာဝန်ဆီ သွားပါ။သင့်ဆရာဝန်က သင့်ကို immune globulin ထိုးဆေး ထိုးဖို့ အကြံပြုပါလိမ့်မယ်။ဒီထိုးဆေးကို ထိုးမယ်ဆိုရင် သင့်သွေးထဲမှာ ရေကျောက်ရောဂါအတွက် ပဋိပစ္စည်းတွေ ရှိလာမှာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ရေကျောက်ပေါက်တာဟာ ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြဿနာတွေဆီ ဦးတည်လာနိုင်ပါတယ်။ဒါကြောင့်မို့ သင့်ကလေးနဲ့ သင်ကိုယ်တိုင်ကို ကာကွယ်ပေးဖို့အတွက် ရေကျောက်ကာကွယ်ဆေးကို ကိုယ်ဝန်မရှိခင်မှာ ထိုးထားသင့်လှပါတယ်။တကယ်လို့ သင်ဟာ ရေကျောက်ရောဂါနဲ့ ထိတွေ့မှုရှိခဲ့တယ်ဆိုရင် ဆရာဝန်ကို အမြန်ပြောပြပါ။ပြဿနာတွေ နည်းနိုင်သမျှ အနည်းဆုံး ဖြစ်စေဖို့အတွက် ထိုးဆေး ဒါမှမဟုတ် သောက်ဆေးတွေကို သင့်ဆရာဝန်က အကြံပြုပါလိမ့်မယ်။