ကျွန်မကလေး သွားရည်အရမ်းကျတယ် စိုးရိမ်ရလား

အမေးများသော မေးခွန်းဖြစ်၍ အခြေခံကျကျ သိနားလည်စေလိုပါသည်။

🔷(၁) သွားရည်ကျတာ ပုံမှန်ပဲလား?

ကျွန်မတို့ ပါးစပ်ထဲတွင် သဘာဝ အလျောက်ရှိသော တံတွေးအကျိပ်လေးများသည် အာခံတွင်း စွတ်စိုနေဖို့ တစ်နေ့မှာ ၅၀၀ မီလီလီတာမှ ၂ လီတာထိ (ရေသန့်ဗူးကြီး၂လုံးစာလောက်ထိ) တံတွေးထုတ်ပါသည်။ သို့သော် ကလေးကြီးနှင့် လူကြီးတွင် တံတွေးကို မသိစိတ်မှ အမြဲ မျိုချပေးနေသည့် အတွက် အိပ်ပျော်ချိန်မှတပါး သွားရည်က အပြင်မထွက်ကျလာပါ။🔹

မွေးစမှ ၂ နှစ်ထိ ကလေးများတွင် ခံတွင်းနှင့် လည်ချောင်းထဲမှ ကြွက်သားများ အပြည့်အဝ မဖွံ့ဖြိုးသေးသည့် အတွက် များပြားလှသော သွားရည်ကို အကုန်မျိုချဖို့ရာ မစွမ်းဆောင်နိုင်ပါ။ ထို့ကြောင့် အပြင်ထွက်ကျလာသည်မှာ ပုံမှန်ပါ။ သွားပေါက်ချိန်တွင် သွားရည်ပိုကျခြင်းက ယာယီဖြစ်ပါသည်။🔹

🔷(၂) သွားရည်က ကောင်းကျိုးရှိစေလား?

-သွားရည်က သွား, သွားဖုံး ခံတွင်း ကျန်းမာရေးအတွက် မရှိမဖြစ်လိုသည်။🔹
-သွားရည်တွင် ပါးစပ်ထဲဝင်လာသော ရောဂါပိုးမွှားများကို တိုက်ထုတ်နိုင်သော ခုခံမှုပစ္စည်း IgA ပါရှိသည်။ 🔹
-အစာဝါးခြင်းကို လွယ်ကူစေသည်။🔹
-သွားရည်တွင် ကလေးဆို့သောနို့ကို ခြေဖျက်ပြီး အာဟာရဓာတ်ကို စုပ်ယူပေးနိုင်သည့် အစာခြေရည်ပါရှိသည်။🔹

🔷(၃) ဘယ်အချိန်မှာ စိုးရိမ်ရမလဲ?

📍၄ နှစ်ကျော်မှ သွားရည်လွန်ကဲစွာ ကျနေသေးရင် ဦးနှောက်ဖွံဖြိုးမှု ပုံမှန်မဟုတ်ပါ။ သို့သော် အနည်းစုသော ကလေးများဟာ ဦးနှောက်ပုံမှန်ဖြစ်သော်လည်း ၆ နှစ်ထိ သွားရည် ကျနိုင်ပါသည်။ စိုးရိမ်လျှင် ကလေး အထူးကုနှင့် စစ်ဆေးပါ။

📍ဘယ်အရွယ်ကလေးမဆို ရုတ်တရက် သီးပြီး သွားရည်ဆက်တိုက်ကျလျှင် အစာပြွန်ပိတ်ဆို့နေကြောင်း သတိပေးခြင်းဖြစ်သည်။ အရေးပေါ် ဌာန ခေါ်သွားပါ။

📍ရုတ်တရက် ဖျားပြီး အစာမစားပဲ သွားရည်ကျလျှင် ဆုံဆို့ နှင့် အခြားပိုးများ လည်ချောင်းထဲ ဝင်ရောက်နေတာဖြစ်နိုင်သည်။ အမြန်စစ်ဆေးကုသပေးပါ။

#နေနေမိုးဆွေ (Child Health Myanmar)
#naynaymoeswe