ကလေး ရေမွန်းခြင်း

 ကလေးတွေကို မိဘအများစု တတ်စေချင်တဲ့အထဲ ရေကူးတာလဲ ပါမယ်ထင်ပါတယ်…. ရေကူးရင် ကျန်းမာတယ်… သက်လုံကောင်းတယ်… အရပ်ရှည်တယ်… အားကစားကို ဝါသနာပါလာမယ်… အရေးကြုံရင် အသက်ကယ်နိုင်တယ်…. ပျော်ဖို့ကောင်းတယ် စသည်ဖြင့် ယုံကြည်ချက်အမျိုးမျိုးနဲ့ သင်ပေးကြပါတယ်…. ရေကူးမသင်ပေးဖြစ်သေးရင်တောင် ကလေးကို ရေတော့အမြဲချိုးပေးနေရတာပါပဲ… အခုရေးမယ့် အကြောင်းလေးက ကလေးရေမွန်းသွားခဲ့ရင် နောက်ဆက်တွဲ ဖြစ်တတ်တာလေးတွေပါ… အရမ်းအရေးကြီးပါတယ်…. လူကြီးတွေမှာလည်း ဆတူ အန္တရာယ်ရှိပါတယ်…. ကလေးငယ်တွေကျတော့ မပြောတတ်မဆိုတတ်လေးတွေမို့လို့ အသက်ဆုံးရှုံးတဲ့နှုန်း ပိုများတတ်ပါတယ်….

Secondary Drowning / Dry Drowning ဆိုတာဘာလဲ…

ဖြစ်ခဲလှတဲ့ ကိစ္စပေမယ့် ဖြစ်ခဲ့ရင်လည်း ရောဂါလက္ခဏာတွေကို မသိရင် အသက်ဆုံးရှုံးသည်အထိ အန္တရာယ်များတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်…. လူကြီး (သို့မဟုတ်) ကလေးတစ်ယောက်ယောက်ဟာ ရေတွေကို အဆုတ်ထဲရောက်သည်အထိ ရှူသွင်းမိမယ်၊ တနည်းအားဖြင့် ခဏကလေးဖြစ်ဖြစ် ရေမွန်းသွားမယ်ဆိုရင် အဲဒီရေနည်းနည်းကလေးက ကိုယ့်ရဲ့အဆုတ်ကို ယောင်လာစေပါတယ်…. ဘယ်လောက်ပဲ နည်းတဲ့ရေပဲဖြစ်ပါစေ၊ အဆုတ်ထဲကို ပုံမှန်မရှိရမယ့် ရေတွေဝင်သွားတဲ့အတွက် အဆုတ်ရဲ့ပုံမှန်လုပ်ငန်းတွေကို အများကြီး အနှောက်အယှက်ပေးပါတယ်…. ကလေးက ရုတ်တရက် အကောင်းအတိုင်းနေရာကနေ ချက်ခြင်းဆွဲချပစ်လိုက်သလို နုန်းခွေပြီး အရမ်းနေမကောင်းဖြစ်သွားပါလိမ့်မယ်… ယေဘုယျအားဖြင့် ရေမွန်းခဲ့တဲ့အချိန်နဲ့ ၁နာရီကနေ ၂၄နာရီအတွင်း ဖြစ်နိုင်ပါတယ်… ရေနစ်သေဆုံးသူတွေရဲ့ ၁% ကနေ ၂%ဟာ Secondary drowning ကြောင့်ဖြစ်ပါတယ်… ရာခိုင်နှုန်းနည်းပေမယ့် ဖြစ်နိုင်တဲ့ကိစ္စပါ…. ရောဂါလက္ခဏာတွေကို သိထားရင် အသက်ကယ်နိုင်တဲ့အတွက် ရောဂါလက္ခဏာတွေကို မှတ်ထားဖို့ အရေးကြီးပါတယ်…

ပင်လယ်ရေမွန်းတဲ့သူတွေမှာ ပိုဆိုးပါတယ်… သစ်သီးတွေကို ဆားဖြူးပြီး စားဖူးသူတွေ သိပါလိမ့်မယ်… ဆားက ရေကို စုပ်နိုင်တဲ့အာနိသင်ရှိပါတယ်… အသီးတွေကို ဆားဖြူးလိုက်တာနဲ့ အသီးထဲက အရည်တွေ အပြင်ကို ထွက်လာတာတွေ့ဖူးကြမှာပါ… ပင်လယ်ဆားငန်ရေလည်း တူတူပါပဲ… အဆုတ်ထဲရောက်သွားတဲ့အခါ ဆားငန်ရေက အဆုတ်ကလပ်စည်းလေးတွေထဲမှာ ရှိနေတဲ့ ရေတွေကို အပြင်ကို ထွက်လာစေပါတယ်.. အဲဒီအခါ အဆုတ်မှာ ရေဖုံးပြီး ရေနစ်တဲ့အတိုင်းဖြစ်တာပါ…. ဒါကြောင့် ရေချိုမွန်းတဲ့သူတွေအတွက် ပြန်ကောင်းနိုင်ချေပိုများပြီး ရေငန်မွန်းသူတွေဆို အသက်ဆုံးရှုံးတာများပါတယ်… အဆုတ်ထဲအထိ ရေမရောက်ခဲ့ရင်လည်း ကလေးရဲ့ အသံကြိုး (Vocal cord) တွေကို ကြုံ့စေပြီး ပိတ်သွားတဲ့အတွက် ကလေးမှာ အသက်ရှူကျပ်တဲ့ဝေဒနာ ခံစားရပါတယ်…

ဘယ်အချက်တွေကို သတိထားကြည့်ရမလဲ…

တကယ်လို့များ ကိုယ့်ကလေးဟာ ရေနစ်မလိုဖြစ်ခဲ့တယ်ဆိုရင်၊ ရေမွန်းပြီး ရေတွေကို ရှူထည့်လိုက်မိတယ်ဆိုရင်၊ အောက်ပါရောဂါလက္ခဏာတွေကို သတိထားစောင့်ကြည့်ပါ… ရေမွန်းသူတိုင်းမှာ ဖြစ်တယ်လို့ မဆိုလိုပါ… ဒါပေမယ့် ၇၂နာရီကြာတဲ့အထိ သတိထားပြီး စောင့်ကြည့်နေဖို့လိုပါတယ်….
(၁) ချောင်းဆက်တိုက်ဆိုးနေမယ်
(၂) အသက်ရှူရတာ ခက်နေမယ်
(၃) အလွန်အမင်း နုံးခွေနေမယ်
(၄) ရင်ဘတ်အောင့်မယ်
(၅) ကလေးက ဂဏာမငြိမ်ဖြစ်မယ်
(၆) ဖျားမယ်
ဒီအချက်တွေဟာ အဆုတ်က အောက်ဆီဂျင်သန့်ပေးတဲ့အလုပ် ကောင်းကောင်းမလုပ်နိုင်တော့တဲ့အတွက် ဦးဏှောက်ကို အောက်ဆီဂျင် လုံလုံလောက်လောက်မရောက်တော့ဘဲ ဖြစ်လာတဲ့ လက္ခဏာတွေပါ…

ဒါတွေ ဖြစ်ရင် ဘာလုပ်ရမလဲ…

အရေးပေါ်ကို အမြန်ဆုံးသွားပါ…. ကလေးက သူ့အလိုလိုပြန်ကောင်းသွားနိုင်ပေမယ့် တတ်ကျွမ်းနားလည်တဲ့သူတွေရဲ့ အကူအညီကို ယူပြီး စိတ်ချရအောင် စစ်ဆေးစောင့်ကြည့်ပါ… အိမ်မှာ အချိန်ကြာကြာစောင့်ကြည့်နေလေ အသက်အန္တရာယ်များလေ ဖြစ်ပါတယ်….

ဘယ်လိုကာကွယ်မလဲ…

ကာကွယ်ခြင်းဟာ ကုသခြင်းထက်အမြဲထိရောက်ပါတယ်….
(၁) ကလေးကို ရေနားမှာ တစ်ယောက်ထဲ မထားပါနဲ့…. ကလေးအချင်းချင်းအဖော်လုပ်ပြီး စောင့်ကြည့်ခိုင်းထားခြင်းကို ရှောင်ပါ…ကလေးငယ်တွေကို ရေနားသွားချင်တယ်ဆိုရင် မိဘကို အရင်မေး၊ ခွင့်ပြုချက်ရမှ သွားရမယ်ဆိုတာ သင်ထားပေးပါ…..

(၂) ကလေးကို အဆက်မပြတ်စောင့်ကြည့်နေပါ… ကလေးရေကူးလို့ စောင့်နေချိန်မှာ အခြားကို အာရုံမများပါနဲ့…

(၃) အသက်ကယ်အကျီင်္ဝတ်ထားပေမယ့် ၁၀၀%စိတ်မချရပါဘူး… ရေမွန်းနိုင်ပါသေးတယ်…

(၄) ရေကူးတတ်နေပြီးသားကလေးကို ဘယ်တော့မှ တစ်ယောက်ထဲရေမကူးပါစေနဲ့…. ရေကူးဖော်အမြဲပါပါစေ… (ရေကူးတတ်တဲ့ လူကြီးတစ်ယောက်အမြဲစောင့်ကြည့်နေရပါမယ်)

(၅) ကလေးပျောက်နေရင် ရေထဲကို အရင်ဆုံးကြည့်ပါ… ရေနစ်/ရေမွန်းနေတဲ့ကလေးအတွက် တစ်စက္ကန့်ကလည်း အသက်ကယ်နိုင်ပါတယ်….

(၆) ကလေးရေကူးနေစဉ် စောင့်နေသူဟာ သေချာပေါက်ရေကူးတတ်သူ ဖြစ်ရပါမယ်…

(၇) ကလေးကို ရေချိုးပေးနေစဉ်မှာလည်း တစ်မိနစ် တစ်စက္ကန့်မှ မျက်နှာမလွှဲလိုက်ပါနဲ့…

ဒီစာကိုဖတ်လိုက်မှ အစိုးရိမ်လွန်ပြီး ကလေးကို ရေကူးပေးမသင်တာမျိုးလည်း မလုပ်သင့်ပါဘူး…. ရေကူးခြင်းဟာ ကလေးတွေအတွက် အကျိုးအများကြီးရှိပါတယ်… စနစ်တကျ သင်ကြားပေးတဲ့ ဆရာဆရာမတွေနဲ့ သင်ပေးခြင်း၊ ရေထဲမှာ အန္တရာယ်ကင်းအောင် နေထိုင်တတ်ဖို့ သင်ပေးခြင်းအားဖြင့် ကျန်းမာသန်စွမ်းတဲ့ ကလေးတွေအဖြစ် လေ့ကျင့်ပေးကြပါစို့…..

အခုစာမှာ တွဲတင်ပေးထားတဲ့ ဓါတ်ပုံလေးဟာ Secondary Drowning ဖြစ်ပြီး နေပြန်ကောင်းလာတဲ့ ကလေးလေးဖြစ်ပါတယ်…. သူကလေးရဲ့ မေမေကလည်း အင်တာနက်စာမျက်နှာတွေပေါ်မှာ စာရေးတဲ့သူပါ… သူ့ Blog လေးကိုလည်း သွားဖတ်ကြည့်နိုင်ပါတယ်….

Source : Wellness Mommy

Reference:
(http://www.delightedmomma.com/2014/05/secondary-drowning-my-recent-experience.html)
http://www.todaysparent.com/ (http://www.todaysparent.com/family/family-health/secondary-drowning/)
http://www.redcross.org/ (http://www.redcross.org/prepare/disaster/water-safety/swim-safety)

Photo courtesy : http://www.delightedmomma.com/