ကလေးနဲ့ ပရုတ်ဆီ

Menthol ပါတဲ့ ရင်လူးဆေး (ပရုတ်ဆီပေါ့) တွေကို ၂နှစ်အောက် ကလေးတွေကို ပေးမသုံးပါနဲ့။ ကျမသားလေးတုန်းကလည်း သုံးခဲ့ဖူးတယ်။ သိမှမသိဘဲကိုး။ ဒါပေမယ့် သားတုန်းက ခြေဖဝါးလေးတွေ ရင်ဘတ်ကလေးတွေကို ပါးပါးလိမ်းပေးတာ။ နှာခေါင်းဝမှာ လိမ်းတာ ရှုခိုင်းတာ မလုပ်ဖူးဘူး။ ဒါပေမယ့် အဲဒီလို လိမ်းတာလည်း မကောင်းပါဘူးတဲ့။

၂၀၀၉ ခုနှစ်တုန်းက ၁၈လသား ကလေးလေးတယောက် ဆေးရုံပို့ခဲ့ရဖူးတယ်။ Vicks ပရုတ်ဆီကို နှာခေါင်းဝမှာ လူးပေးမိလို့ပါ။ ကလေးကတော့ ပြန်ကောင်းသွားပါတယ်။ ပရုတ်ဆီတွေဟာ အသက်ရှူလေပြွန်လေးတွေ ကျဉ်းနေသေးတဲ့ ကလေးလေးတွေအတွက် အန္တရာယ် ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပရုတ်ဟာ အသက်ရှူလမ်းကြောင်းမှာ ချွဲတွေပိုထွက်စေတယ်။ ကလေးတွေမှာ လေပြွန်ကျဉ်းတဲ့အခါကျတော့ ထွက်လာတဲ့ ချွဲတွေက လေပြွန်လေးတွေကို ပိတ်စေပြီး အသက်ရှူရပ် အသက်ဆုံးတတ်တယ်။ သုတေသနတွေပြောတာကတော့ ခြေဖဝါးမှာလည်း မလိမ်းပေးသင့်ပါဘူးတဲ့။ ဖြစ်ခဲတယ်ဆိုပေမယ့် ကျမအမြဲပြောသလိုပဲ မစွန့်စားသင့်ပါဘူး။ ၁ ရာခိုင်နှုန်းဖြစ်နိုင်ချေ ရှိတယ်ဆိုရင်တောင် ကိုယ့်ကလေးမှာ ဖြစ်ခဲ့ရင် ကိုယ့်အတွက် ၁၀၀ရာခိုင်နှုန်းပါပဲ။ ဘာပရုတ်ဆီမှ မလိမ်းကြပါနဲ့။ မရှုခိုင်းကြပါနဲ့။ အခြား ရင်လူးဆေးတွေလည်း မလိမ်းကြပါနဲ့။ အချို့ဆေးတွေဟာ လိမ်းဆေးဖြစ်ပေမယ့် အာဆန်းနစ်ပါတဲ့အခါ အရေပြားကနေ စုပ်ယူတဲ့အတွက် ကလေးတွေ အာဆန်းနစ်အဆိပ်သင့်တတ်ပါတယ်။ ဘာပစ္စည်းပါမှန်းမသိတဲ့ လိမ်းဆေးတွေကို ယုံကြည်ပြီး ကိုယ့်ရင်သွေးတွေကို ဒုက္ခပေးမိတဲ့ မိဘအဖြစ်မခံပါနဲ့နော်။ ကလေးကို တခုခုတိုက်တော့မယ် လိမ်းတော့မယ်ဆိုရင် ဘာပစ္စည်းတွေနဲ့ လုပ်ထားတဲ့ ဆေးလဲသိမသိ ကိုယ့်ဘာသာ အရင်မေးပါ။ မသိရင်၊ ဆရာဝန်ညွှန်တာ မဟုတ်ရင် လုံးဝ မတိုက်မလိမ်းပါနဲ့။

 

Source :ဒေါ်ပန်းအိ