သားအချစ်၊ မြေးအနှစ် မဖြစ်စေဖို့ရာ

 ချစ်စရာ ကလေးလေးတစ်ယောက် မွေးလာချေပြီ။ တစ်အိမ်လုံး ဝိုင်းချစ်ရုံမှတပါး ဘာမှလုပ်စရာ မရှိချေ။ ဦးဦးတွေ ဒေါ်ဒေါ်တွေလည်း အသည်းတုန်အောင်ချစ်ကြသည်။ ဖိုးဖိုးဖွားဖွားတို့ကလည်း အူတုန်အောင် ချစ်ကြလေသည်။ သူ့ထက်ငါ ချစ်ကြောင်း ပြကြသည်။ ကဲပြသဲပြကြသည်။ သို့သော်လည်း လုပ်ပိုင်ခွင့် အလုံးစုံ မည်သူထံမှာ ရှိပါသနည်း။ မှန်ပါသည်။ သူကလေးရဲ့ မိဘနှစ်ပါးမှာပဲ ရှိပါသည်။ ဒီအချက်ကို လက်မခံချင်လည်း လက်ခံရမှာပဲ ဖြစ်သည်။ ဒါကိုလက်ခံနိုင်မှ တရားရာရောက်ပါလိမ့်မည်။ ဆိုင်သာဆိုင်သည် မပိုင်ပါလား ဆိုတာကို နားလည်မှ နေပျော်လိမ့်မည်။

မိဘအသစ်ကလေးတွေသည် အလွန်တက်ကြွစိတ်လှုပ်ရှားနေပေလိမ့်မည်။ ဒီသားလေးသမီးလေးကို ဘယ်လိုသင်လိုက်မယ်၊ ဘယ်လိုဆုံးမပြီး လိမ္မာစေလိုက်မယ်ဆိုတာ မတွေးမိတဲ့မိဘ ရှိမည်မထင်ပေ။ သူတို့လေးတွေရဲ့ စိတ်အားထက်သန်မှုကို လုမယူမိအောင် သတိပြုကြစေချင်သည်။ ဖိုးဖိုးဖွားဖွားတွေအနေဖြင့် မြေးကလေးတွေနှင့်ပျော်အောင် နေစရာအချိန်တွေ အများကြီးရှိလေသည်။ ကိုယ့်သား/သမီးလေးတွေ ခြေကုန်လက်ပန်းကျချိန်မှာ ကလေးကူကြည့်ပေးနိုင်သည်။ ရေမချိုးတတ်လို့ အကူအညီတောင်းရင် ကူလုပ်ပေးနိုင်သည်။ အချုပ်ဆိုရလျှင် အကူအညီတောင်းမှ လုပ်တာ အကောင်းဆုံးဟုပြောချင်သည်။ နှစ်ဦးနှစ်ဘက် စိတ်ချမ်းသာသည်။ မေးမှဖြေပါ။ အကြံတွေ အလကားမပေးပါနဲ့။ ကိုယ့်စေတနာပေါ့ပျက်တတ်သည်။ တီးမှမြည်တဲ့ စည်ကြီးလိုနေလိုက်ပါ။ကိုယ်ကမွေးထားတဲ့ ကိုယ့်သားသမီးပေမယ့် အခုအချိန်မှာ သူတို့လည်း မိဘပြန်ဖြစ်နေပြီဆိုတာကို မေ့ထားလို့ မရပေ။ သူတို့ရဲ့ မိဘဖြစ်နေမှုကို လေးစားရပေမည်။

ဖိုးဖိုးဖွားဖွားတွေအနေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံမှုတစ်ခုတည်ဆောက်ဖို့ဆိုရင် ဘာတွေလုပ်နိုင်သလဲ –

မြေးကလေးတွေရဲ့ ဘဝမှာ ကိုယ့်ပါဝင်ပါတ်သက်မှုအတိုင်းအတာ ဘယ်လောက်ရှိချင်သလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိပါ – ဥပမာ ကိုယ်ဘယ်လောက် ကလေးထိန်းပေးနိုင်သလဲ။ သူတို့ခိုင်းတိုင်းလည်း ၂၄ နာရီ ထိန်းပေးစရာမလိုပါ။ ကိုယ်လုပ်ပေးနိုင်သလောက်ပဲ လုပ်ပေးပါ။ တချို့ကျတော့ ရှိတယ်။ ကလေးမွေးပြီး အဖိုးအဖွားထိန်းခိုင်းမယ်ဆိုတဲ့ မိဘမျိုး။ ဒါမျိုးကိုလည်း လုံးဝအားမပေးပါ။ သူ့တာဝန် ကိုယ့်တာဝန် ယူတတ်ရပါမယ်။ အမှန်ပြောရရင် အဖိုးအဖွားမှာ မြေးကြည့်ကိုကြည့်ပေးရမယ်ဆိုတဲ့ တာဝန် ရှိကိုမရှိပါ။ သားသမီးတွေ သက်သာပါစေတော့ဆိုပြီး ကူပေးတာသာဖြစ်တယ်။ မကြည့်ပေးနိုင်ရင် စိတ်ဆိုးစရာ မရှိချေ။

မိဘတွေရဲ့ ကလေးတွေအပေါ် ချထားတဲ့ စည်းကမ်းတွေကို မေးပါ။ သိအောင်လုပ်ပါ။ ဒါမှ ကိုယ့်ဆီမှာ လာနေတဲ့ အချိန်ကျရင် အဲဒီစည်းကမ်းတွေအတိုင်း ကလေးကို ဆက်ထားနိုင်မယ်။ တသမတ်တည်းကျမှုဟာ ကလေးတွေအတွက် အင်မတန်အရေးကြီးပါတယ်။ မိဘဆီမှာ အနေကျပ်တယ် အဖိုးအဖွားဆီမှာ အနေချောင်တယ် ဆိုတာမျိုး မဖြစ်သင့်ပါ။

ကလေးဆိုးတဲ့အခါ အပြစ်ပေးနိုင်အောင် ကြိုးစားပါ။ မိဘတွေဘယ်လို အပြစ်ပေးသလဲ မေးထားပါ။ ဥပမာ ပြောစကားနားမထောင်ရင် သူကြိုက်တဲ့ဟာတစ်ခုခု ပေးမဆော့တာမျိုး။

ကိုယ့်အိမ်ကို ကလေးအတွက် အန္တရာယ်ကင်းတဲ့ အိမ်ဖြစ်အောင် (baby proof) လုပ်ပါ။ ဒါမှ အမေတို့ဆီပို့မှ ကလေးက ဘာဖြစ်လာတယ် ညာဖြစ်လာတယ်နဲ့ ရန်ဖြစ်ရတာတွေ လျော့သွားမယ်။

မြေးကလေးတွေကို သိပ်ချစ်လွန်းတော့ မရည်ရွယ်ဘဲ လုပ်မိတာလေးတွေ –

မိဘနေရာကို ဝင်ချင်မိတာ – ဘယ်လောက်ပဲမိဘလို ဆုံးမချင် ဆုံးမချင် သင်ဟာ မိဘမဟုတ်တာ အမြဲ သတိထားပါ။ သူတို့ရဲ့ parenting decision ကို လေးစားပေးလိုက်ပါ။ တလွဲဖြစ်နေလည်း ကလေးရှေ့မှာ ဘာမှဝင်မပြောဘဲ နောက်အေးအေးဆေးဆေးရှိချိန်ကျမှ ကိုယ့်သားသမီးကို နားလည်အောင် သင်ပြပြောပြပေးပါ။ အဓိကက ကလေးရှေ့မှာ ခွန်းကြီခွန်းငယ် ဝင်ပြောရင် ကလေးမိဘတွေက သူတို့မှားနေရင်တောင် ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး။ ငါ့ကလေးငါဆုံးမနေတာဆိုတဲ့ စိတ်ကမောင်းတင်ထားတာကိုး။ အချိန်ကလေးနည်းနည်းစောင့် ပြီးမှ ပြောရင် အများအားဖြင့် လက်ခံကြပါလိမ့်မယ်နော်။

မြေးကလေးတွေရဲ့ အချစ်ကို ဝယ်ဖို့ကြိုးစားမိတာ – ကလေးတွေကို လိုချင်တာအကုန်ဝယ်ပေးချင်တာ ဖိုးဖိုးဖွားဖွားတိုင်းရဲ့ ဆန္ဒပါ။ ဒါပေမယ့် တစ်ခုခု ဝယ်ပေးမယ်ကြံတိုင်း သူတို့မိဘတွေကို အရင်မေးပါ။ ဒါမှမဟုတ် ပစ္စည်း ဝယ်ပေးမယ့်အစား ပျော်စရာတစ်ခုခု လုပ်လိုက်ပါ။ ဥပမာ သစ်ပင်တူတူစိုက်ကြတာမျိုး၊ ဟင်းတူတူချက်တာမျိုး အမှတ်တရအမြဲကျန်မယ့်အပြုအမူလေးတွေ လုပ်တာက ပိုပျော်ဖို့လည်းကောင်း၊ ကလေးတွေအနေနဲ့လည်း ငါငယ်ငယ်က ဖိုးဖိုးကြီးနဲ့ ဒါတွေတူတူလုပ်ခဲ့တာပေါ့ဆိုပြီး အမြဲသတိတရလည်းပြောဖြစ်နေမှာ

မြေးဦးတွေကို အများကြီးလုပ်ပေးပြီး ကျန်တဲ့မြေးတွေကို သိပ်မလုပ်ပေးမိတာ – အရင်ဆုံးကလေးကို အချစ်ပိုကြမြဲဖြစ်လို့ နောက်မြေးတွေကို မတရားသလို ဖြစ်သွားတတ်တာပါ။ မချစ်လို့ မဟုတ်ပေမယ့် အမှတ်တမဲ့ ဖြစ်လေ့ရှိတဲ့အချက်ပါပဲ။ အဲဒီအခါ ကိုယ့်သားသမီး (မောင်နှမ ညီအမ) တွေကြားမှာလည်း စိတ်မသက်သာမှုတွေ ဖြစ်လာရပါတယ်။ သူ့ကလေးကျတော့ဘယ်လို ငါ့ကလေးကျတော့ဘယ်ပုံ ဆိုပြီး စိတ်ညစ်ညူးစရာတွေ ပြောကြ ရန်ဖြစ်ကြ ဖြစ်တတ်ပါတယ်။

နောက်ဆုံးကတော့ သိသိကြီးနဲ့ ကလေးက ကိုယ့်ကို မိဘထက်ပိုတွယ်အောင် အလိုလိုက်နေခြင်းပါပဲ။ နည်းနည်းပါးပါးလောက် အလိုလိုက်တာကို လျစ်လျူရှုထားပေးလို့ ရပေမယ့် ကလေးစားချင်တာ အကုန်ကျွေးမယ်၊ ဘယ်လောက်ညနက်နေနေ မအိပ်ဘူးဆိုရင် ပေးဆော့ထားမယ်၊ ကလေးဆိုးနေတာကို ကာဆီးပြီးပြောပေးမယ် စတာတွေလျောက်လုပ်တာကတော့ အဆိုးဆုံးပါပဲ။ ကိုယ်မိဘဖြစ်ခဲ့တုန်းက ကိုယ့်ယောက္မ၊ ကိုယ့်မိဘတွေနဲ့ ဘယ်လို ရန်ဖြစ်ခဲ့ရဖူးတယ်ဆိုတာကို သတိရလိုက်ပါ။ အဲဒီလိုလူမျိုးကိုယ့်ကိုကိုယ်မဖြစ်သွားပါစေနဲ့နော်။ ကိုယ့်သမီးကို ကိုယ်ကမဝယ်ပေးနိုင်ဘူးပြောထားတဲ့ ပစ္စည်းတစ်ခုကို ကိုယ့်မိဘက မပြောမဆိုနဲ့ ကလေးကို ဝယ်ပေးလိုက်တုန်းက ကိုယ်ဘယ်လိုဖြစ်ခဲ့သလဲ၊ ဘယ်လိုခံစားခဲ့ရသလဲဆိုတာမျိုးပေါ့။ ပြန်သတိရလိုက်ပါ။ကျမအမြဲပြောသလိုပဲ ကိုယ်ချင်းစာတရားက အဝေးကြီးရောက်ပါတယ်လို့။

နောက်တစ်ချက်သတိမမူမိတာက ကလေးကို အလိုလိုက်လွန်းတာ ချစ်ရာမရောက်ဘဲ သူကလေးရဲ့ အပြင်လောကမှာ ဆက်ဆံနေထိုင်ပုံ ရွယ်တူကလေးတွေကြားမှာဆက်ဆံနေထိုင်ရာမှာ လိုက်လျောညီထွေမဖြစ်တော့ဘဲ ကလေးဆိုးလေးတစ်ယောက် ဖြစ်သွားအောင် တွန်းပို့နေရာပဲရောက်ကြောင်းပါ။

မိဘနဲ့သားသမီးကြား၊ ဖိုးဖွားနဲ့ မြေးတွေကြား ကျန်းမာတဲ့ ဆက်ဆံရေးကောင်းတွေရအောင် ဦးတည်ရင်း ပျော်စရာကောင်းတဲ့ မိသားစုဘဝကို တည်ဆောက်နိုင်ကြပါစေလို့ ဆုတောင်းလျက်။

 

Source : Wellness Mommy