“ဆေးယဉ်တယ်ဆိုတာ ဘာလဲ ဘယ်လောက် အရေးကြီးသလဲ”

14729085_1549032191792088_1323362775556793697_n

Antibiotics resistance/Antimicrobial resistance) ဆေးယဉ်တဲ့အကြောင်း မရှင်းပြခင် အရင်ဆုံး ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုး မတူဘူးဆိုတာကို အရင်ပြောပြမယ်။ ဘာလို့လဲဆိုတော့ antibiotics လို့ခေါ်တဲ့ ပိုးသတ်ဆေးတွေဟာ ဘက်တီးရီးယားပိုးတွေကြောင့်ဖြစ်တဲ့ ရောဂါတွေကိုပဲ ကုလို့ရတယ်။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ရောဂါကို ပေးရင် ဘာအကျိုးမှ မထူးဘူးဆိုတာ သိရမယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ရောဂါတွေ ဘာတွေလဲဆိုတာလည်း သိဖို့ အရေးကြီးတယ်။

– တုပ်ကွေး
– ချောင်းဆိုး နှာစေးပြီး လည်ပင်းနာတာ (ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ လည်ပင်းနာတာက ချောင်းဆိုး နှာစေးနဲ့ တွဲမဖြစ်ဘူး)
– ချောင်းဆိုးတာနဲ့ လေပြွန်ရောင်တာ
– နှာရည်ကျ နှာရည်ယိုတာ
– ရေယုန်
– ကြွက်နို့
– ရေကျောက် စတာတွေဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာတွေ

မလိုအပ်ဘဲ ပိုးသတ်ဆေးသောက်တာနဲ့ ပိုးသတ်ဆေးကို ဆေးပတ်လည်ကုထုံးပြည့်ဝအောင် မသောက်ဘဲ သက်သာလာတာနဲ့ ကိုယ့်ဘာသာ ရပ်ပစ်လိုက်တာတွေဟာ ဘာကြောင့် ကြောက်ဖို့ကောင်းသလဲဆိုတာ ပြောပြမယ်နော်။

ရောဂါပိုးတွေဟာ ပိုးသတ်ဆေးနဲ့တွေ့တဲ့အခါ သူတို့ဆက်လက်ရှင်သန်ဖို့ အသွင်ပြောင်းဖို့ ကြိုးစားကြတယ်။ မလိုအပ်ဘဲ ဆေးအပြင်းတွေ သောက်တဲ့အခါ ရောဂါပိုးတွေက အဲဒီဆေးအပြင်းစားတွေကို ခုခံတိုက်ခိုက်ဖို့ ပုံပြောင်းကြတယ်။ အဲဒီဆေးကို ရောဂါပိုးက ခံနိုင်ရည်ရှိသွားပြီ နိုင်သွားပြီဆိုရင် နောက်တခါ အဲဒီဆေးသောက်တဲ့အချိန်မှာ ရောဂါမသက်သာတော့ဘူး။ ပိုးက နိုင်သွားပြီလေ။ အဲဒါကို ဆေးယဉ်တယ်လို့ခေါ်တယ်။ ဆေးအပြင်းဆုံး အကောင်းဆုံးဆိုတာကို ရောဂါပိုးက နိုင်သွားတဲ့အခါ ဘယ်ဆေးကို ထပ်သောက်ရမလဲ။ မရှိတော့ဘူး။ လူတွေဆီမှာ ရှိတဲ့ အကောင်းဆုံးလက်နက်ကို ရန်သူက နိုင်သွားပြီ။ ကျမတို့ တိုက်ပွဲရှုံးပြီပေါ့။

ပြသနာက ကိုယ့်လုပ်ရပ်က ကိုယ်တယောက်တည်း ထိခိုက်တာမဟုတ်ဘူး။ ကိုယ်ဆေးအပြင်းသောက်လိုက်လို့ ကိုယ်တင်တိုက်ပွဲရှုံးတာမဟုတ်ဘူး။ ကိုယ့်ဆီကနေ ဒီပိုးက သူများကိုကူးတာကိုး။ နှစ်ရှည်ကြာလာတဲ့အခါ တလောကလုံးမှာ ရှိတဲ့ ပုံစံတူရောဂါပိုးတွေကပါ စူပါပိုး (super-bugs)တွေဖြစ်ကုန်တယ်။ အခုဆို တော်ရုံရောဂါပိုးက အရင်ခေတ်က သိပ်ကောင်းခဲ့တဲ့ amoxicillin ဆိုတာကို မတိုးတော့ဘူး။ ဘာဖြစ်လို့လဲ။ ခဏခဏဒီဆေးနဲ့ တွေ့နေရတော့ ရောဂါပိုးက ဆေးကို ခံနိုင်အောင် ပုံပြောင်းလက်နက်ပြောင်းလိုက်တာကိုး။ Amoxicillin လောက်နဲ့ မရတော့ အခုခေတ် ဘာတွေသုံးလာရသလဲဆိုတော့ augmentin, azithromycin စတဲ့ ဆေးပြင်းတွေကို ပုံမှန်သဘောလောက် သုံးနေရပြီ။ နောက်ကြာလာရင် ဒီဆေးတွေလည်း အာနိသင်ပြင်းတော့မှာ မဟုတ်ဘူး။ ကြောက်ဖို့ကောင်းတယ်နော်။ ဒီဆေးတွေထက် ပြင်းတဲ့ဆေးတွေ တွေ့ရင်တွေ့၊ မတွေ့ရင် ဘာဖြစ်မယ်ထင်သလဲ။ ကပ်ဆိုက်သလို ရောဂါတွေ ကုမနိုင် ကူးမနိုင် ဖြစ်တော့မှာနော်။ အဲဒါကြောင့် ဆေးယဉ်တယ်ဆိုတာ အရမ်းကြောက်ဖို့ကောင်းတဲ့ ပြသနာပါ။ လူသားမျိုးနွယ်တခုလုံးကို ထိခိုက်မယ်လို့တောင် ကြီးကြီးကျယ်ကျယ်ပြောလို့ ရတယ်။ ဒါ့ကြောင့် ကမ္ဘာ့ဆေးပညာလောကတခုလုံးက ဒီဆေးယဉ်တဲ့ကိစ္စကို အကြီးအကျယ်ဆွေးနွေးနေရပါပြီ။

နောက်တခု။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါကို antibiotics သောက်တဲ့အခါ ဘာဖြစ်သလဲ။ ကျမတို့ ကိုယ်ထဲမှာ လူကိုအကျိုးပြုတဲ့ ဘက်တီးရီးယားတွေနဲ့ အန္တရယ်သိပ်မပေးတဲ့ ဘက်တီးရီးယားတွေ အများကြီးရှိတယ်။ အဲဒီပိုးလေးတွေကို ပိုးသတ်ဆေးက သတ်တော့တာပဲ။ တကယ်လိုအပ်လို့ ဆေးသောက်ရတဲ့အခါ အဲဒီပိုးလေးတွေ သေတာကို မတတ်သာလို့ လျစ်လျူရှုလို့ ရပေမယ့် တကယ်တိုက်ရမယ့် ရောဂါပိုးမရှိတဲ့အချိန်မှာ အကျိုးပြုတဲ့ ပိုးလေးတွေကို အများကြီး သတ်ပစ်တော့တယ်။ မိတ်ဆွေပိုးတွေသေတဲ့အပြင် အရင်က သိပ်အန္တရယ်မပေးတဲ့ ပိုးတွေကလည်း ပုံပြောင်းပြီး အန္တရယ်ပေးတဲ့ ရောဂါပိုးအဖြစ် ပြောင်းသွားတတ်တယ်။ အဲဒီအခါကျတော့ မလိုအပ်တဲ့ နောက်ဆက်တွဲ ပြသနာတွေ အများကြီး ဆက်ဖြစ်လာတော့တာပေါ့။

အဲဒါကြောင့် နေမကောင်းဖြစ်ရင် တွေ့ရာနေရာ တွေ့ရာလူပြောတဲ့ ဆေးစပ်ပြီး မသောက်ပါနဲ့။ ဆေးခန်းသွားပါ။ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း မှာချင်ပါတယ်။ မလိုဘဲ ပိုးသတ်ဆေး လုံးဝမပေးပါနဲ့။ ကိုယ်လုပ်တဲ့အလုပ်ရဲ့ နောက်ဆက်တွဲပြသနာကို တွေးပေးပါ။ လူနာကြိုက်အောင် လိုက်မကုပေးပါနဲ့။ လူနာတွေကလည်း လိုအပ်လို့ ပိုးသတ်ဆေးပေးတဲ့အခါ ဆေးပတ်လည်အောင် ဆေးကုန်အောင် အကုန်သောက်ပါ။ မထိတထိ ၂ရက်လောက်သောက်၊ သက်သာရင် ရပ်လိုက်ပြီး ဆေးချန်ထား၊ နောက်တခါဖြစ်ရင် သောက်လို့ရအောင် အဲဒါမျိုးတွေ မလုပ်ပါနဲ့နော်။ သေမလို ရှုံးမလို ဖြစ်နေတဲ့ ရောဂါပိုးက ဆေးရပ်ပစ်လိုက်တဲ့အခါ ပုံလည်းပြောင်း၊ အားလည်းပိုကောင်းပြီး ပိုဆိုးပါတယ်။ ကိုယ့်မှာ အကြောင်းအမျိုးမျိုးကြောင့် ပိုးသတ်ဆေးပိုတွေ ရှိခဲ့ရင်လည်း အမှိုက်ပုံးထဲ ဒီတိုင်းထည့်မပစ်ပါနဲ့။ ဖျက်ဆီးပစ်လိုက်ပါ။ တချို့ဆေးရောင်းတဲ့သူတွေက အမှိုက်ကောက်တဲ့သူတွေကို ပိုက်ဆံပေးပြန်ကောက်ပြီး ဆိုင်ပေါ်ပြန်တင်ရောင်းတတ်တယ်။

အချုပ်ပြောရရင် ဆေးယဉ်လာတဲ့အတွက်

– အရင်တုန်းက ကုလို့ရတဲ့ ရောဂါတွေ ပိုဆိုးတဲ့ ရောဂါတွေ ဖြစ်လာတယ်
– ကိုယ်ထဲမှာ မိတ်ဆွေမကျ ရန်သူမကျနေတဲ့ပိုးတွေ ရန်သူအဖြစ် ပြောင်းသွားမယ်
– ရောဂါသက်သာဖို့ ရက်ကြာလာမယ်
– ရောဂါအပြင်းစားတွေ ပိုများလာပြီး ကုရတာ ခက်လာမယ်
– ဆေးအပြင်းတွေ သုံးရတဲ့အတွက် ကုန်ကျစားရိတ်တွေ အများကြီး ပိုလာတယ်
– အပ်နဲ့ ထွင်းရမယ့်နေရာမှာ ပေါက်ဆိန်နဲ့ပေါက်ရပြီး ဆေးပြင်းတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ နှစ်ရှည်လများ ပိုခံလာရတယ်

ဘာမှအရေးမကြီးဘူး ထင်ရပေမယ့် ရေရည်မှာ ကောင်းကောင်းကြီး ဒုက္ခပေးမယ့် antimicrobial resistance (AMR) ပါ။ တတ်နိုင်သမျှ အနီးအနားနီးစပ်ရာလူတွေကို ပြန်ပြောပြပေးပါ။

Source : ဒေါ်ပန်းအိ

Ref: http://www.cdc.gov/…/…/about/antibiotic-resistance-faqs.html
http://www.who.int/mediacentre/factsheets/fs194/en/

Photo courtesy: http://www.pharmacist.com/working-prevent-antibiotic-resist…