ကလေး ဦးနှောက် ပျက်စီး သွေးယိုရခြင်းအကြောင်း

12346574_766147526864480_1443522099790592171_n

၎လသာရှိသေးတဲ့ သမီးငယ်လေးက အာခေါင်ကို ခြစ်ပြီး ငိုနေဆဲ…. ချော့တစ်ခါ  အော်တလှည့်နဲ့  မေမေရော  ဖေဖေပါ လက်ပန်းကျနေပါပြီ… သမီးလေးက နေ့နဲ့ညလည်း ပြန်မှားနေပြီး လူကြီးတွေလည်း အိပ်ရေးပျက်တာ ၂လဆက်တိုက်မို့လို့ အလဲလဲအကွဲကွဲ… ငိုနေတာ တစ်နာရီနီးပါးရှိလာတော့ စိတ်ကမရှည်တော့ဘူး….. ကိုယ်ပြောနေတာလည်း နားမလည်မှန်းသိနေတော့ အပြောင်းအလဲများ ဖြစ်မလားဆိုပြီး ခပ်ကြမ်းကြမ်းကလေး လှုပ်ချီကြည့်တယ်… မထူး…. စိတ်မရှည်တဲ့အဆင့်ကနေ စိတ်တိုတဲ့အဆင့်ကို သတိမထားလိုက်မိခင်မှာပဲ ချက်ခြင်းပြောင်းသွားတယ်…. ခပ်ကြမ်းကြမ်းကလေးလှုပ်ချီပေးနေရာကနေ အလိုအလျောက် ပခုံးကလေးနှစ်ဘက်ကနေကိုင်ပြီး ရှေ့တိုးနောက်ဆုတ် ကိုင်လှုပ်လိုက်ပါလေရော…. ရုတ်တရက် စိတ်လိုက်မာန်ပါ လုပ်လိုက်မိပြီးမှ သနားသွားပြီးပြန်ချော့ရပြန်တယ်…. တစ်မိနစ်တောင် မကြာလိုက်ပေမယ့် သမီးလေးအတွက်တော့ တစ်ဘဝလုံး ပေးဆပ်ရမယ့် အခြေအနေကို ရောက်သွားခဲ့ပါပြီ….

ကလေးငယ်လေးတွေကို ကြမ်းတမ်းစွာ အဆက်မပြတ်လှုပ်ခါမှုကြောင့် ဦးနှောက်ပျက်စီးရတဲ့အခြေအနေကို Shaken Baby Syndrome လို့ခေါ်ပါတယ်…. အသက်၂နှစ်အောက် ကလေးတွေမှာ ပိုအဖြစ်များပြီး ၅နှစ်အရွယ်လေးတွေအထိ ဖြစ်တတ်ပါတယ်… ကလေးတွေ ငယ်သေးတဲ့အချိန်မှာ ဦးခေါင်းခွံနဲ့ ဦးနှောက်သေးသေးလေးတွေကြားမှာ လွတ်နေတဲ့ နေရာလေးတွေရှိပါတယ်…. ကလေးကို ပြင်းပြင်းထန်ထန် လှုပ်ခါတဲ့အခါ ခေါင်းခွံနဲ့ ဦးနှောက်ရှေ့တိုးနောက်ဆုတ် ရိုက်မိပြီး ဦးနှောက်ပျက်စီး သွေးယိုတာဖြစ်တတ်ပါတယ်…
ရောဂါလက္ခဏာတွေ ချက်ချင်းမပြတတ်ဘဲ နောက်ပိုင်းမှ ကလေးက အစာမစားတော့ဘဲ အရမ်းမှိန်းလာမယ်… ဒါမှမဟုတ် မအိပ်နိုင်တော့ဘဲ ဂဏာမငြိမ်ဖြစ်လာမယ်… အန်မယ်… တက်မယ်…. ကိုယ်မြှူရင် ပြန်မရယ်ပြတော့ဘူး… ဘာမှ မတုန့်ပြန်တော့ဘူး…. အကြောသေသွားမယ်… မလှုပ်ရှားနိုင်တော့ဘူး…. အသားရောင်ဖျော့လာမယ်… ပြာလာမယ်…. အသက်ရှူမမှန်တော့ဘဲ အသက်ရှူရပ်တဲ့အထိ ဖြစ်တတ်တယ်… ကလေးနည်းနည်းစပြီး အနေအထားပြောင်းတာနဲ့ ဆေးရုံကို အမြန်ဆုံးသွားပါ… အပြင်ပန်းဘာမှ ဒဏ်ရာဒဏ်ချက်မရှိပေမယ့် အသက်အန္တရာယ် အစိုးရိမ်ရဆုံးအခြေအနေဖြစ်ပါတယ်… ကလေးအန်နေရင် ဘေးစောင်းထားပါ…. အန်လိုက်တဲ့ အရည်တွေ အဆုတ်ထဲမရောက်အောင် အကောင်းဆုံးကာကွယ်တာဖြစ်ပါတယ်… ထောင်မချီထားပါနဲ့….
ကလေးကို စိတ်ဆိုးလို့ဖြစ်စေ.. ဆော့ကစားမြှူပြီးတော့ဖြစ်စေ ဘယ်တော့မှ ကိုင်မလှုပ်ပါနဲ့…. လူကြီးချင်းရန်ဖြစ်နေချိန်မှာ ကလေးကို ချီမထားပါနဲ့…. ဒေါသအလျောက် စိတ်လိုက်မာန်ပါ လုပ်လိုက်မိတတ်ပါတယ်…. ကလေးကို မွေ့ယာအပျော့ပေါ်ကို ဖြစ်ပါစေ ပစ်မချပါနဲ့…. ကလေးအပေါ်မှာ စိတ်မရှည်ဖြစ်လာပြီဆိုရင် နီးစပ်ရာလူကိုအကူအညီခေါ်ပါ…. လူပြောင်းပြီး ထိန်းပါ….

ဆရာဝန် သူနာပြူများ နဲ့ အခြားကျန်းမာရေးဝန်ထမ်းများအတွက်….
Shaken baby Syndrome လို့ သံသယရှိရင် ဘယ်အချက်တွေ ကြည့်ရမလဲ…. အရင်ဆုံးနဲ့ အလွယ်ဆုံးက Retinal hemorrhage ရှိမရှိကြည့်ပါ…. Ophthalmoscope နဲ့ Retina ကို ကြည့်တဲ့အခါ လှုပ်ခါခံခဲ့ရတဲ့ဒဏ်ကြောင့် မျက်လုံးထဲမှာ သွေးထွက်နေပါလိမ့်မယ်…. CT scan, MRI ရိုက်ကြည့်ရင် ဦးနှောက်ထဲမှာ သွေးထွက်နေတာ (သို့မဟုတ်) ဦးနှောက်ယောင်နေတာ (Encephalopathy) ကို တွေ့နိုင်ပါတယ်…. CT/MRI လုပ်ဖို့ ခက်ခဲတဲ့အခါ…. Lumbar puncture လုပ်ကြည့်ပါ… bloody tap ဖြစ်နေရင် ဦးနှောက်ထဲမှာ သွေးထွက်နေတာ ဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်… (Traumatic tap ကို exclude လုပ်ပါ)… Child abuse ပေါများတဲ့ နေရာတွေမှာတော့ အခြားတွဲဖက်ရှိနိုင်တဲ့ ဒဏ်ရာတွေကို ရှာပါ….(သွေးချည်ဥနေတာတွေ စသည်ဖြင့်)… ကလေးတစ်ကိုယ်လုံးကို ဓါတ်မှန်ရိုက်ပါ… အရိုးကျိုးထားတဲ့ ဒဏ်ရာဟောင်းတွေကို တွေ့နိုင်ပါတယ်… အခြားဖြစ်နိုင်ချေရှိတဲ့ ရောဂါတွေကို exclude လုပ်ပါ…. ဥပမာ… ဦးနှောက်အမှေးယောင် (Meningitis)

Risk factor တွေက ဘာတွေလဲ….
ကလေးအပေါ်မှာ ဘယ်လိုလူတွေက ပိုပြီး စိတ်မရှည်ဖြစ်တတ်သလဲဆိုတာ စဉ်းစားရအောင်…
(၁) ကလေးမလိုချင်ဘဲ မတော်တဆရလာတဲ့မိဘတွေ (ပြင်ဆင်ထားတာဘာမှမရှိဘဲ အဆင်မပြေတဲ့အခြေအနေတွေ အများကြီးရှိနေတတ်တာ)
(၂) အသက်အရမ်းငယ်တဲ့မိဘတွေ (သို့မဟုတ်) Single parent တွေ
(၃) စိတ်ဖိစီးမှု များတဲ့သူတွေ
(၄) အရက်/မူးယစ်ဆေးဝါး စွဲလန်းနေသူတွေ
(၅) အိမ်တွင်းနှိပ်စက်မှု (Domestic violence)ရှိနေ ခံစားနေရတဲ့သူတွေ
(၆) မိသားစု မတည်ငြိမ်မှုတွေ
(၇) ဝင်ငွေခက်ခဲနေတာတွေ
(၈) စိတ်ကျရောဂါရှိသူတွေ
(၉) ကလေးဘဝက ကိုယ်တိုင်နှိပ်စက်ခံခဲ့ရဖူးသူတွေ

နောက်ဆက်တွဲ (နာတာရှည်) ဆိုးကျိုးတွေက ဘာတွေလဲ…
(၁) အသက်သေဆုံးခြင်း
(၂) အသက်မသေဘဲ ကျန်ခဲ့ရင်လည်း မျက်လုံးကွယ်ခြင်း
(၃) နားမကြားတော့ခြင်း
(၄) ဖွံ့ဖြိုးမှု နောက်ကျခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု ဥာဏ်ရည်မမှီဖြစ်ခြင်း၊ စာသင်ကြားဖို့ ခက်ခဲခြင်း
(၅) အတက်ရောဂါရခြင်း
(၆) Cerebral palsy လို့ခေါ်တဲ့ မသန်စွမ်းသူဖြစ်သွားခြင်း စတဲ့နောက်ဆက်တွဲတွေကြောင့် မိသားစုဘဝတွေမှာ စိတ်ဖိစီးခြင်းကို တသက်လုံးခံသွားရတော့တယ်…

မေမေမွေးလိုက်တုန်းက ခြောက်ပစ်ကင်းသဲလဲစင်ကလေး…. ကံမကောင်းအကြောင်းမလှရှာဘဲ တသက်လုံး ဒုက္ခိတဘဝနဲ့ ရှင်သန်သွားရရှာတာ ရင်နာစရာကောင်းလှပါတယ်…. ဒါကြောင့် သတိကြီးကြီးထားကြပါ… ကိုယ့်စိတ်က အရမ်းပင်ပန်းပြီး ရှေ့ဆက်လို့ မရလောက်အောင် စိတ်ဖိစီးနေရင် အကူအညီခေါ်ပါ… မိဘဆွေမျိုးများရဲ့ ပံ့ပိုးမှုကို တတ်နိုင်သလောက်ရှာပါ…. ကျမတို့ ယဉ်ကျေးမှုနဲ့ အသိုင်းအဝိုင်းမှာ ကူမယ့်သူမရှားပါ….. ကိုယ့်သားသမီးကို ကိုယ်တိုင်ပဲ ထိန်းကျောင်းချင်ကြတာ မိဘတိုင်းရဲ့ စိတ်ကူးဖြစ်ပေမယ့် Risk and benefit ကို ချင့်ချိန်ပြီး လိုတိုးပိုလျော့လုပ်သင့်တဲ့အခါ လုပ်ကြရမှာပါ….

ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်လေးတွေ ဖြစ်ကြပါစေး)

Source :Wellness Mommy

Ref: https://www.nlm.nih.gov/medlineplus/ency/article/007578.htm
http://www.emedicinehealth.com/shaken_baby_s…/article_em.htm
http://www.mayoclinic.org/…/…/basics/definition/con-20034461