ပူတင်း ခွက်
|တစ်နေ့ကတော့ အိမ်က တူမလေးနဲ့ ကစ်ကစ်လေးဖို့ ပူတင်းခွက်လေး လုပ်ပေးဖြစ်တယ်။
ကလေးတွေကြိုက်သလို လူကြီးတွေလည်း ကြိုက်ကြတယ်။
လုပ်နည်းလေးကို ကြည့်ပြီး မေမေတို့လည်း အိမ်မှာလုပ်စားကြပါဦးနော်။
ပူတင်းခွက်အတွက်က အထဲက ပူတင်းသားနဲ့ အပြင်က မုန့်ခွက်ကလေးအတွက ၂မျိုးလုပ်ရတယ်။
အပြင်မုန့်ခွက်ကလေးလုပ်နည်းလေးကို အရင်ပြောပြမယ်နော်။
မုန့်ခွက်အတွက် လိုအပ်တာလေးတွေက~~~
ဂျုံမှုန့် စားပွဲဇွန်း ၁၃ဇွန်း
ကြက်ဥ ၁လုံး
ထောပတ် စားပွဲဇွန်း ၁ဇွန်းခွဲ (အခဲ)
သကြား လက်ဖက်ရည်ဇွန်း ၇ဇွန်း
နွားနို့ စားပွဲဇွန်း ၃ဇွန်း ( ကျက်အောင် ကြိုထားပါ။)
ဇလုံ (ပန်းကန်) အကြီး တစ်ခုထဲမှာ ဂျုံ သကြား နဲ့ ထောပတ်အခဲတွေကို နယ်ပါ။ ကြက်ဥတစ်လုံးကို ခလောက်ထားပါ။ ကြက်ဥထည့်ကာ နယ်ပါ။ နောက်ဆုံးမှ နွားနို့ထည့်ကာ လက်ဖြင့်ဖိကာ ဂျုံလုံးဖြစ်အောင်နယ်ပါ။
လက်မှာ မကပ်တော့တဲ့အခါကျမှ ဂျုံလုံးကို အဝတ်ပါးလေးနဲ့ အုပ် ကာ နာရီဝက်ခန့် နှပ်ထားပါ။
ဂျုံလုံး နှပ်ထားတုန်းကို အထဲက ပူတင်းသားအတွက် ပြင်ဆင်ကြမယ်နော်။
ပူတင်းအတွက်လိုအပ်တာတွေကတော့ ~~~
ကြက်ဥ ၂လုံး
နွားနို့ စားပွဲဇွန်း ၁၀ ဇွန်း
သကြား လက်ဖက်ရည်ဇွန်း ၅ဇွန်း
ရေနွေး စားပွဲဇွန်း ၅ဇွန်း
ဗနီလာအနံ့ ၁စက်
ရေနွေး နဲ့ သကြားကို သကြားပျော်တဲ့အထိရောမွှေပါ။
နွားနို့ နဲ့ ကြက်ဥကို သမအောင် သာသာလေးခလောက်ပါ။
ဗနီလာအနံ့ထည့်ကာ မွှေပေးပါ။
ပြီးလျှင် ရေနွေး နဲ့ သကြားရောထားတာကို ထည့်ကာမွှေပါ။
အမြှုပ်တွေမပါစေရန် ပူတင်းလုပ်မယ့်အရည်ကို စကာနဲ့စစ်ကာ ပန်းကန်တစ်ခုထဲကို ထည့်ထားပါ။
Oven ကို ၁၇၀°C နဲ့ ၁၀မိနစ်ခန့် ကြို အပူပေးထားပါ။
ဂျုံလုံးနှပ်ထားတာ နာရီဝက်ပြည့်လျှင် သန့်ရှင်းတဲ့အပြား နဲ့ ဒလိမ့်တုံးကို အသုံးပြုကာ ဂျုံလုံးကို ပြားပါ။ ပြားထားတဲ့ ဂျုံပြားရဲ့ အထူဟာ စင်တီမီတာ တစ်ဝက်လောက်အထူရှိရပါမယ်။
ပြီးရင် ကိုယ်မုန့်ထည့်ဖုတ်မယ့် ခွက်နဲ့ အဆင်ပြေလေက်မယ့် အဝိုင်းပုံလေးတွေဖြတ်ပါ။
မုန့်ဖုတ်မယ့် ပန်းကန်ထဲမှာ ဂျုံပြားထည့်ကာ ကပ်နေအောင်ဖိထည့်ပါ။
ပြီးမှ Oven မှာထည့်ကာ ၁၅မိနစ်ခန့် ထည့်ဖုတ်ပါ။
၁၅မိနစ်ပြည့်လျှင် ပူတင်းအောက်ခံခွက်လေးရပြီ။ အဲ့ပူတင်းအောက်ခံခွက်ထဲကိုပဲ ပူတင်းအရည် ထည့်ပါ။ အပြည့်မထည့်ဘဲ မုန့်ခွက်နှုတ်ခမ်းအောက် နည်းနည်းလျှော့ထည့်ပါ။
Oven မှာ ၁၀မိနစ်လောက်ဖုတ်ပါ။
၁၀မိနစ်ပြည့်လျှင် အပူချိန် ၁၅၀°C နဲ့ ၅မိနစ်လောက်ထပ်ဖုတ်ပါ။
ဒါဆိုပူတင်းခွက်ကလေးကျက်ပါပြီ။
အေးသွားတော့မှ မုန့်ဖုတ်တဲ့ ပန်းကန်ထဲက သာသာလေးကော်ထုတ်လိုက်ပါ။ ဒါဆို အရသာအရမ်းကောင်းပြီး ကလေးတွေ နှစ်သက် လူကြီးလည်းကြိုက်တဲ့ ပူတင်းခွက်လေးရပါပြီရှင်။
Source : Kit Kit’s Mom Yummy House