မီးဖွားပြီး စိတ်ဓာတ်ကျခြင်း ဝေဒနာ

မီးဖွားပြီးစ မိခင်တွေမှာ တစ်ခါတလေ ကိုယ့်ကလေးကို ထိခိုက်နာကျင်အောင် လုပ်လိုက်ချင်တဲ့စိတ်မျိုး ပေါ်ဖူးပါသလား။ အဲဒီအတွေးမျိုး တဒင်္ဂလေး ဖြစ်ဖြစ်ဝင်လာရင် မေမေတွေမှာ ကိုယ့်ကိုကိုယ် အပြစ်အကြီးကြီး လုပ်မိတဲ့လူလို ယူကျုံးမရ ခံစားရ တတ်ပါတယ်။ အဲဒီလက္ခဏာဟာ မိမိမှာ စိတ်ဓာတ်ကျ ဝေဒနာ ခံစားနေရပြီ ဆိုတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ မိခင်တစ်ယောက် လုပ်ရတာ မလွယ်ပါဘူး။ အထူးသဖြင့် ကလေး ပိစိကွေးလေးရဲ့ မိခင်ဖြစ် ရတာပေါ့။ အိပ်ရေးပျက်မယ်။ ပင်ပန်းတယ်။ ဟော်မုန်း အပြောင်းအလဲတွေ အများကြီးဖြစ်တယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးတွင်း ကာလတွေဟာ မိန်းကလေးတွေ အတွက် စိတ်အတက်အကျ အများဆုံးအချိန်ဆိုတာ ငြင်းလို့မရပါဘူး။ ပုံမှန်စိတ်အတက်အကျဖြစ်တာနဲ့ ဝေဒနာခံစားနေရတာ ဘယ်လိုကွဲပြားသလဲဆိုတာ သိရပါမယ်။ ပုံမှန်စိတ်အပြောင်းအလဲဖြစ်တာကို baby blues လို့ခေါ်ပါတယ်။ ကလေးနဲ့ပတ်သက်တဲ့ ဝမ်းနည်းမှု၊ လွမ်းဆွေးမှုလို့ ဘာသာပြန်ရမလားပဲ။

Baby blues ဖြစ်ရင် –
(၁) စိတ်အတက်အကျဖြစ်မယ်။ ခဏနေ ဝမ်းနည်းလိုက်၊ ခဏကြာ ပြန်ကောင်းပြီး ပျော်နေလိုက် ဖြစ်မယ်။
(၂) စိုးရိမ်ပူပန်နေမယ်။ (anxiety)
(၃) ဝမ်းနည်းနေမယ်။
(၄) ဂဏာမငြိမ်ဖြစ်မယ်။ စိတ်တိုလွယ်မယ်။
(၅) ကိုယ်မလုပ်နိုင်တာ၊ မလုပ်တတ်တာ၊ မလုပ်ရသေးတာတွေ အများကြီးရှိနေတယ်လို့ ခံစားနေရမယ်။ (Overwhelmed)
(၆) အကြောင်းမရှိဘဲ ငိုချင်နေမယ်။ ငိုချမိမယ်။
(၇) အာရုံစူးစိုက်မှု နည်းနေမယ်။
(၈) အစားအသောက်ပျက်မယ်။
(၉) အိပ်မပျော်တာဖြစ်မယ်။

Baby blues က စိုးရိမ်စရာမရှိဘဲ တဖြည်းဖြည်း သူ့အလိုလိုပြန်ကောင်းသွားတာများပါတယ်။ မိခင် ၅၀% ကနေ ၈၀% ခံစားရနိုင်ပါတယ်။ ကလေးမွေးစကနေ နှစ်ပတ်လောက်ထိ ဖြစ်တတ်ပါတယ်။ နှစ်ပတ်ကျော်တဲ့အထိ ဒီလက္ခဏာတွေ ဆက်ခံစားနေရရင်တော့ ဘယ်လောက်ပဲ မပြင်းထန်ပါစေ၊ စိတ်ကျဝေဒနာ (Postpartum depression) ခံစားနေရပြီလို့ သတ်မှတ်ပါတယ်။ PPD ဟာ ကလေးမွေးစကနေ တစ်နှစ်အထိ အချိန်မရွေးဖြစ်နိုင်ပါတယ်။ PPD ဖြစ်နေပြီလို့ သံသယရှိပြီဆိုရင် ဆရာဝန် (သို့မဟုတ်) တတ်ကျွမ်းနားလည်တဲ့ စိတ်ရောဂါပညာရှင်နဲ့ အမြန်ဆုံးတိုင်ပင်ရပါမယ်။

Postpartum Depression (PPD) ရဲ့ လက္ခဏာတွေ –
(၁) စိတ်ဓာတ်ကျမယ်။ စိတ်အပြောင်းအလဲ အတက်အကျ အရမ်းဆိုးမယ်။
(၂) ပြင်းပြင်းထန်ထန် ငိုမယ်။ တချိန်လုံးနီးပါး ငိုနေမိမယ်။
(၃) ကိုယ့်ကလေးနဲ့ ချစ်ချစ်ခင်ခင်နေဖို့ ခက်နေမယ်။ (Difficulty bonding with baby)
(၄) မိသားစု သူငယ်ချင်းတွေနဲ့ မဆက်ဆံချင်ဘူး။ ရှောင်ဖယ်ဖယ်လုပ်နေမယ်။
(၅) အစားအသောက်ပျက်မယ် (သို့မဟုတ်) အလွန်အကျွံစားမယ်။
(၆) ညဘက်လုံးဝအိပ်မပျော်တာ (သို့မဟုတ်) အလွန်အမင်း အိပ်နေမယ်။
(၇) အားအင်လုံးဝကုန်ခန်းသလို ခံစားနေရမယ်။
(၈) ကိုယ်အရင်က ဝါသနာပါတဲ့အလုပ်ကလေးတွေကို စိတ်မပါတော့ဘူး၊ မလုပ်ချင်တော့ဘူး။
(၉) ထစ်ကနဲရှိ အရမ်းစိတ်တိုမယ်၊ ဒေါသထွက် အရမ်းလွယ်မယ်။
(၁၀) ကိုယ့်ကိုကိုယ် မိခင်ကောင်းမဟုတ်ဘူးလို့ ခံစားနေရမယ်။
(၁၁) ကိုယ့်ကိုကိုယ် အသုံးမကျတဲ့သူ၊ အပြစ်ရှိတဲ့သူလို့ ခံစားနေရမယ်။
(၁၂) ဆုံးဖြတ်ချက်တွေ ပြတ်ပြတ်သားသား မချနိုင်တော့ဘူး။ ရှင်းရှင်းလင်းလင်း မတွေးနိုင်တော့ဘူး။
(၁၃) စိုးရိမ်တာတွေ အရမ်းများပြီး တစ်ခါတရံ ထိန်းလို့မရနိုင်အောင် ကြောက်လာတာ၊ တုန်လှုပ်တာတွေ ဖြစ်လာမယ်။ (Panic attack)
(၁၄) ကိုယ့်ကိုကိုယ် (သို့မဟုတ်) ကိုယ့်ကလေးကို ထိခိုက်နာကျင်အောင် တစ်ခုခုလုပ်ပစ်လိုက်ချင်တယ်။
(၁၅) ကိုယ့်ကိုကိုယ်သတ်သေချင်တဲ့စိတ်၊ ငါသေသွားရင်ကောင်းမယ်ဆိုတဲ့ အတွေးတွေ ခဏခဏတွေးတတ်လာမယ်။

PPD ကို မကုသရင် နှစ်နဲ့ချီပြီး ခံစားနေရနိုင်ပါတယ်။ မိခင်တွေရဲ့ ၁၅%လောက်ဟာ ဒီဝေဒနာကို ခံစားရတတ်ပါတယ်။ ဒါကြောင့် အပေါ်ကအချက်တွေထဲက တစ်ခုလောက်ပဲ ရှိနေရင်တောင် ဆရာဝန်နဲ့ ချက်ခြင်း တိုင်ပင်ရပါမယ်။

ဒီထက်ဆိုးတာနောက်တစ်ခုကတော့ Postpartum psychosis လို့ခေါ်တဲ့ မီးတွင်းကာလပြင်းထန်တဲ့ စိတ်ဝေဒနာပါ။ ဖြစ်ခဲတယ်။ ဒါပေမယ့် ဖြစ်ခဲ့ရင်လည်း အလွန်ဆိုးပါတယ်။ ဖြစ်မယ်ဆိုရင် မီးဖွားပြီး ပထမတစ်ပတ်မှာ ဖြစ်လေ့ရှိတယ်။

Postpartum psychosis ဖြစ်ရင် –
(၁) ဘာကိုမှ ဆုပ်ဆုပ်ကိုင်ကိုင်မသိတော့ဘူး။ ဝေဝါးပြီး လမ်းပျောက်တဲ့သူလို ဖြစ်နေမယ်။
(၂) ကလေးနဲ့ပတ်သက်လာရင် အစွဲသိပ်ကြီးလာမယ်။ ကလေးကို မျက်စိအောက်က အပျောက်မခံနိုင်ဘဲ အရူးတစ်ပိုင်းစွဲလမ်းနေမယ်။
(၃) တကယ်မရှိတာတွေကို မြင်လာရ ကြားလာရမယ်။
(၄) အိပ်မပျော်ဘူး။
(၅) တပါးသူအပေါ်မှာ ယုံမှားသံသယ လွန်ကဲလာမယ်။ ကိုယ်နဲ့ ကိုယ့်ကလေးကို ရန်ပြုမယ်လို့ သံသယတွေ ကြီးထွားနေမယ်။
(၆) ကိုယ့်ကိုကိုယ် (သို့မဟုတ်) ကိုယ့်ကလေးကို ထိခိုက်နာကျင်အောင် တစ်ခုခုလုပ်ပစ်လိုက်ချင်တယ်။

ဒီလက္ခဏာတွေ တွေ့ရပြီဆိုရင် အသက်အန္တရယ်ထိခိုက်နိုင်တဲ့အတွက် ချက်ချင်းကုသမှု ခံယူရပါမယ်။

ဘယ်အချိန် ကုသမှုခံယူရမလဲ –
(၁) နှစ်ပတ်ကျော်တဲ့အထိ baby blues မသက်သာရင်
(၂) ဒီဝေဒနာတွေ၊ ခံစားမှုတွေကြောင့် ကလေးကို ပြုစုမှုအပိုင်းတွေ ထိခိုက်လျော့ရဲလာရင်
(၃) ဝေဒနာတွေ ပိုဆိုးလာရင်
(၄) ကိုယ့်ရဲ့ နေ့စဉ်လုပ်ဆောင်နေကျ လုပ်ငန်းတွေကို မလုပ်နိုင်တော့ရင်
(၅) မိမိကိုယ်ကို (သို့မဟုတ်) ကလေးကို အန္တရယ်ပြုဖို့ စဉ်းစားမိလာရင်

ချက်ချင်းကုသမှုခံယူရပါမယ်။ ကိုယ့်ရဲ့ အိုဂျီကို အရင်ဆုံးပြောပြပါ။ သူက လိုအပ်သလိုညွှန်ကြားပါလိမ့်မယ်။ အိုဂျီမပြနိုင်တဲ့သူတွေကတော့ စိတ်ကျန်းမာရေးဆရာဝန်ကို တိုင်ပင်ပါ။ သက်သာလာနိုးနဲ့ စောင့်ရင်း အချိန်လုံးဝမဆွဲသင့်ပါဘူး။

ဘယ်သူတွေမှာ ဖြစ်ဖို့အခွင့်အလမ်းပိုများသလဲ –
(၁) စိတ်ဓာတ်ကျရောဂါ အခံရှိဖူးတဲ့သူတွေ
(၂) အရင်ကိုယ်ဝန်နဲ့ ကလေးတုန်းက ဒီရောဂါဖြစ်ဖူးတဲ့သူတွေ
(၃) ကိုယ့်မိသားစုထဲမှာ ဒီရောဂါဖြစ်ဖူးတဲ့သူတွေ (သို့မဟုတ်) အခြားစိတ်ရောဂါဖြစ်ဖူးတဲ့သူရှိရင် ကိုယ့်မှာလည်း ဖြစ်ဖို့ များတယ်
(၄) ကိုယ့်ကလေးက မကျန်းမာရင် (သို့မဟုတ်) Special need လိုတဲ့ကလေးဖြစ်နေရင်
(၅) ကလေးနို့မတိုက်နိုင်တဲ့မိခင်တွေ
(၆) ကိုယ့်လက်တွဲဖော်၊ အိမ်ထောင်ဘက်နဲ့ အဆင်မပြေတဲ့မိခင်တွေ
(၇) ကိုယ့်ကို ဖေးမမယ့်သူမရှိတဲ့ မိခင်တွေ
(၈) ငွေကြေးအခက်အခဲ ရှိတဲ့ မိခင်တွေ
(၉) မလိုချင်ဘဲ ရလာတဲ့ ကိုယ်ဝန် (သို့မဟုတ်) သေသေချာချာ မစီစဉ်ထားဘဲ ရလာတဲ့ကလေးဆိုရင်

ဒီနေရာမှာ ထပ်ဖြည့်ပြောချင်တာလေးက မိခင်က အဲဒီဝေဒနာ (အပျော့စားဖြစ်စေ) ခံစားနေရချိန်မှာ ကိုယ့်အမျိုးတွေကသော်လည်းကောင်း၊ အဖိုးအဖွားတွေကသော်လည်းကောင်း ကိုယ့်ကို အပြစ်တင်ရင်၊ ကိုယ့်ရဲ့ ကလေးစောင့်ရှောက်ပုံကို ဝင်စွက်ဖက်တာများရင် သူတို့ကို ရွဲ့ပြီး ကလေးကို တမင်တကာ ဒုက္ခရောက်အောင် လုပ်ပစ်လိုက်ရင်ကောင်းမလားဆိုတဲ့အတွေးမျိုးတွေလည်း ဝင်နိုင်ပါတယ်နော်။ အဲဒီအခါကျရင် ကလေးအတွက် အန္တရယ်ရှိတဲ့အတွက် ဒါမျိုးစဉ်းစားမိနေပြီဆိုရင် ဆရာဝန်နဲ့ ကုသမှု ခံယူဖို့ အရေးပေါ်လိုအပ်နေပြီဆိုတာ သတိပေးချင်ပါတယ်။

ကုသမှုမခံယူရင် မိခင်ကိုယ်တိုင် နာတာရှည်စိတ်ဝေဒနာခံစားရနိုင်တာအပြင် ကလေးအတွက်လည်း ဘာသာစကားခက်ခဲမှု၊ စကားပြောနောက်ကျတာ၊ အာရုံစူးစိုက်မှုပြသနာ (attention deficit hyperactivity disorder – ADHD) ဖြစ်နိုင်ပါတယ်။ ကိုယ့်အိမ်ထောင်ဘက် လက်တွဲဖော်နဲ့လည်း အိမ်ထောင်ရေးပြသနာတွေ အများကြီး ဆက်ဖြစ်လာတတ်တယ်။ ကလေးကို စိတ်မရှည်ဘဲ ဒေါသအလျောက် မရည်ရွယ်ဘဲ လုပ်မိတာတွေ (ဥပမာ – လှုပ်ခါမိတာ – shaking baby syndrome) ဖြစ်လာနိုင်ပါတယ်။

ဖခင်တွေကိုယ်တိုင်လည်း ကလေးရကာစအချိန်တွေမှာ စိတ်ဓာတ်ကျဝေဒနာ ခံစားရလေ့ရှိပါတယ်။ တစ်ခါတလေ မိခင်က မခံစားရသည့်တိုင် ဖခင်တွေက စိတ်ဓာတ်ကျတဲ့ပြသနာ ရှိနေတတ်ပါတယ်။ အဲဒါကို PPND (Paternal PostPartum Depression) လို့ခေါ်တယ်။

ဒီအကြောင်းလေးကို နီတိုးလေးမေမေကလည်း ရေးထားဖူးပါတယ်။ အောက်က link မှာ သွားဖတ်ကြည့်နိုင်ပါတယ်နော်။
Source : Wellness Mommy

Ref: http://www.mayoclinic.org/diseases-conditions/postpartum-depression/basics/definition/con-20029130
https://www.psychologytoday.com/blog/mommy-mental-health/200902/baby-blues-or-postpartum-depression

Photo courtesy: http://www.huffingtonpost.ca/yummy-mummy-club/work-postpartum-depression_b_2992810.html