ထမင်းပေါင်း (12Months+)

သမီးလေး ကိုတော့ ထမင်းအစေ့လိုက် မကျွေးသေးလို့ ထမင်းပျော့လေးနဲ့ ကျွေးပါတယ်။

ထမင်း စားပွဲဇွန်း ၂ ဇွန်း
ကြက်သား တောက်တောက် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ငုံးဥ ၂ လုံး
ဥနီ လက် ၁ ဆစ်
ပဲသီး ၁/၂ တောင့်
မုန့်ညှင်းဖြူ ၁ရွက်
ဂေါ်ဒခါးသီး ၁/၆ လုံး
ပြောင်းကော်မှုန့် လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
ဆား အနည်းငယ်
ခရုဆီ အနည်းငယ်
ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်သွန်ဖြူ ၁မွှာ
ကြက်သွန်နီ ၁လုံး (အသေး)

အသီးအရွက် တွေကို အခွံခွာ ရေသေချာဆေးကာ ရေစစ်ထားပါ။
ကြက်သွန်ဖြူ  ကြက်သွန်နီကို ညက်အောင်ထောင်းပါ။
အသီးအရွက်တွေကို သေးသေးလေးတွေလှီးထားပါ။
ငုံးဥပြုတ်ထားပါ။

ဆီကို ဒယ်မှာထည့်ကာ အပူပေးပါ။
ဆီပူလျှင် ကြက်သွန်ထည့်ကာ ဆီသတ်ပါ။
ကြက်သွန်နွမ်းလာလျှင် ကြက်သားထည့်ကာ ခဏကြော်ပါ။ ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ထားပါ။
ကြက်သားနူးလျှင် အသီးအရွက်ထည့်ကြော်ပါ။ ငုံးဥတွေထည့်ပါ။ အဖုံးအုပ်ထားပါ။
အသီးအရွက်နပ်အောင် ရေအနည်းငယ်ထည့်ကာတည်ပါ။
ပြောင်းကော်မှုန့်ကို ရေ စားပွဲဇွန်း ၂ ဇွန်းထည့်ကာ ဖျော်ပါ။ ဆားအနည်းငယ်ထည့်ကာ သမအောင်မွှေပါ။
အသီးအရွက်တွေနပ်လျှင် ပြောင်းကော်ရည်လောင်းထည့်ကာ မွှေပေးပါ။
ခရုဆီ ၁စက်ထည့်ကာ မွှေပါ။ နှမ်းဆီလေးရှိလျှင် အနံ့မွှေးအောင် ၁စက်လောက်ထည့်ပါ။
ခဏ ပွက်လာအောင်တည်ကာ မီးဖိုပေါ်မှချပါ။
ပန်းကန်တစ်ခုထဲ ထမင်း နှင့် ချက်ထားတဲ့ အရည်ကိုထည့်ကာ သမအောက်မွှေကာ နွေးနွေးလေးအနေမှာ ကလေးကိုကျွေးပါ။

 

Source :  Kit Kit’s Mom Yummy House