ပန်းပွင့်စိမ်း ကြက်ဥကင်

ကစ်ကစ်က အခုတလော ထမင်းသေချာ မစားဘဲ မုန့်တွေပဲ စားနေတာနဲ့ ဘာလုပ်ကျွေးရမလဲ စဉ်းစားရင်းနဲ့ ဈေးထဲမှာ ပန်းပွင့်စိမ်း (Broccoli) တွေ တွေ့လို့ ကြက်ဥလေး နဲ့ ကင်ကျွေးဖြစ်တယ်။

သမီးလေးကလည်း အရမ်းကြိုက်လို့ တခါတည်းနဲ့ ၂ခုတောင်စားတယ်။
အဟာရလည်း ပြည့်ပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။
နံနက်စာလေးပဲဖြစ်ဖြစ် အဆာပြေပဲဖြစ်ဖြစ် ထမင်းနဲ့ပဲကျွေးကျွေး အဆင်ပြေစေလို့ လုပ်နည်းလေး ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

ပန်းပွင့်စိမ်း (အရွယ် အလယ်အလတ်) ၁ပွင့် ရဲ့ ၃ပုံ၁ပုံ
ကြက်သွန် (အသေး) ၁လုံး
ကြက်ဥ ၂လုံး
ချိစ် (အပြားသုံးလျှင် ၁ပြား။ အမျှင်ဆိုလျှင် စားပွဲဇွန်း ၁ဇွန်းခန့်။)
ဆား အနည်းငယ်
ဆီ လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

ပထမဆုံး ပန်းပွင့်စိမ်းကို ဆားရည်ခဏစိမ်ထားပါ။
ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ။
ကြက်သွန်နီကို အခွံခွှာရေဆေးကာ သေးသေးလှီးထားပါ။
ပန်းပွင့်စိမ်းတွေကို ကလေးစားနိုင်လောက်တဲ့အရွယ်လေးတွေ လှီးထားပါ။

Oven ကို ၁၅၀°C နဲ့ ကြိုပြီး အပူပေးထားပါ။

ဆီကို ဒယ်တစ်ခုမှထည့်ကာ မီးအရှိန်အနေတော်နဲ့ အပူပေးပါ။
ဆီပူလျှင် ကြက်သွန် နဲ့ ပန်းပွင့်စိမ်းတွေထည့်ကာ ကြော်ပါ။
ခဏနေလျှင် ရေနွေးအနည်းငယ်ထည့်ကာ ပန်းပွင့်စိမ်းနည်းနည်းနူးလာတဲ့အထိတည်ထားပါ။
ပန်းပွင့်ကို အစိမ်းအတိုင်းထည့်ရင် ကြက်ဥကျက်ပြီးပန်းပွင့်မကျက်ပဲနေမှာစိုးလို့ နည်းနည်းနူးအောင် အရင်ကြော်လိုက်တာပါ။
ရေလည်းနည်းနည်းလေးပဲထည့်ပါ။ ပန်းပွင့်နူးပြီးရေခမ်းလျှင် မီးဖိုပေါ်မှချပါ။
ကြက်ဥကို ဆားအနည်းငယ်ထည့်ကာ သာသာလေးခလောက်ပါ။
ချိစ်ထည့်ကာမွှေပေးပါ။
ကြော်ထားတဲ့ ပန်းပွင့် နဲ့ ကြက်သွန်ထည့်ကာမွှေပေးပါ။
ပြီးလျှင် ပန်းကန်လေးတွေထဲထည့်ကာ ၁၀ မိနစ် မှ ၁၅မိနစ်ခန့် ကင်ပေးပါ။

ကျက်ရင် အအေးခံကာ ကလေးကို ကျွေးနိုင်ပါပြီ။

သားသားမီးမီးတို့အားလုံး အဟာရပြည့်ဝစွာ ကျန်းမာပါစေရှင်။

 

Source : Kit Kit’s Mom Yummy House