ကလေးတို့အပေါ် မပြုမူသင့်သည့် အချက်များနှင့် မေမေတို့ နည်းလမ်းကျစွာ ထိန်းကျောင်းပေးဖို့ရာ

ဖြစ်ရပ် ၁

သားငယ်ဟာ ဖေဖေ မေမေ အထိန်းတယောက်နဲ့အတူ ဘုရားပေါ်မှာ ကစားနေပါတယ် တနှစ်ဆယ်လ အရွယ်လေးမို့ လူကြီးတွေနားမှာ ပတ်ဆော့နေတာပါ ခဏနေတော့ ၁၀လအရွယ် သမီးငယ်လေးနဲ့ သူ့မေမေ တက်လာပါတယ် သားငယ်လေးရဲ့မေမေက အဲဒီကလေးမလေးကို ကောက်ချီရင်း ချစ်စကောင်းလိုက်တာ သားကို မချစ်တော့ဘူး ဒီညီမလေးကိုပဲ ချစ်တော့မယ်လို့ပြောလိုက်တယ် သားငယ်လေးက သူ့အမေလက်ထဲက ကလေးကို မမှီတမှီ လိုက်ဆွဲလုရင်း ငိုပါလေရော အမေ လုပ်သူနဲ့ ဘေးက လူတွေက ဒါကို သဘောကျပြီး ရယ်နေကြတယ် အမေကလဲ သားကိုမချစ်တော့ဘူးလို့ထပ်ကာထပ်ကာပြောနေတော့ သားငယ်လေးရဲ့ ငိုသံဟာပို ကျယ်လာခဲ့တယ် တော်တော်ကြီး ငိုတော့မှ မေမေဟာ သူ့လက်ထဲက ကလေးငယ်ကိုချပြီး သားငယ်လေးကို ကောက်ချီတယ်

သားငယ်လေး စိတ်ထဲမှာ ဘာတွေ ခံစားသွားရမလဲ
မေမေတို့ရဲ့ ကလေးထက် တခြားကလေးကို တကယ်ပိုချစ်လား
ကလေး ငိုတာကို တကယ် စိတ်ချမ်းသာပါသလား
အဲဒီအခ်ျန် သားငယ်လေး စိတ်ထဲမှာ ခိုကိုးရာ မဲ့နေတယ်လို့ ခံစားရပါတယ် ကလေးကို ဒီလိုသာစနေရင် ကလေးငယ်ရင်ထဲမှာ မယုံကြည် စိတ်တွေ ကြောက်ရွံ့ စိတ်တွေ သိမ်ငယ် စိတ်တွေ များလာပါလိမ့်မယ် ဒီအဖြစ်မျိုး တွေဟာ မိဘတွေ လုပ်မိတတ်တဲ့ အမှတ်တမဲ့  အဖြစ်တွေပါပဲ ကိုယ့်ကလေးကို နှိမ်မှန်းမသိနှိမ်လိုက်တဲ့အဖြစ်ပါ ကလေးအတွက်တော့ ခံရခက်ပါတယ်

***ကလေးကို ငိုအောင်မစပါနဲ့ ကလေးငိုရင် စာနာနားလည်စွာ ကြင်နာစွာ ထွေးဖက်ချော့မြူပေးပါ ကလေးရဲ့ခံစားချက်ကို နားလည်ဖို့ကြိုးစားပါ***

ဖြစ်ရပ် ၂

၂နှစ်ခွဲအရွယ် သမီးငယ်ဟာ မေမေနဲ့ အတူ ကစားနေပါတယ် ဒီအချိန်မှာ အိမ်ရှေ့က ဖြတ်သွားတဲ့ မေမေနဲ့ သားငယ်လေးက လှမ်းနှုတ်ဆက်တယ် မေမေနှစ်ယောက် စကားပြောဖြစ်တဲ့အခါ

အရမ်းဆိုးတာ ခု နေ့လည်ဆိုလဲမအိပ်ဘူး တောက်လျှောက်ဖွနေတာပဲ မနက်ကလဲ သူ့ဖေဖေ ပစ္စည်းတွေယူဆော့ပြီး ဘယ်နားချ ထားမှန်းမသိဘူး မေးတာကို မဖြေတော့ ကောင်းကောင်း ရိုက်ပေးလိုက်တယ် သိရက်နဲ့မပြောဘူး အနာခံတယ်လေ တော်တော် ပေကပ်ကပ်နိုင်တဲ့ ကောင်မလေး ဆော့လိုက်တာလဲ ညစ်ပတ်နေတာပဲ အကျီင်္ င်္တွေဆို မဲတူးကုန်ရော စိတ်တိုတိုနဲ့ ခေါက်ပစ်လိုက်တယ်

မေမေပြောနေချိန်မှာ သမီးငယ်ဟာ မျက်နှာကို သူ့မေမေနဲ့လိုက်ကွယ်နေရှာတယ် တစိမ်းတယောက်ရှေ့မှာ ဆိုးတယ် ကဲတယ် ပေကပ်ကပ်နဲ့ ဆိုပြီး မေမေဘာကြောင့်ပြောနေရတာလဲ သူမသိပါဘူး
အဲဒီလိုမပြောစေချင်ပေမယ့် မေမေ့ကိုလဲမတားတတ်ပါဘူး ဆော့ကစားတာဟာ ကလေးတွေရဲ့ ကာယ ဥာဏ်ဖွံ့ဖြိုးမှုအတွက် အရေးကြီးပါတယ် ဒါဟာအပြစ်တခုမဟုတ်ပါဘူး ကလေးတွေဟာ ဆော့ကစားရင်း သင်ယူကြပါတယ် ကလေးတိုင်းအတူတူပါပဲ မိဘများ လုပ်ပေးသင့်တာ က ဘေးကင်းစွာ ကစားနိုင်ဖို့နဲ့ လွတ်လပ်စွာ ကစားနိုင်ဖို့ပါ ညစ်ပေတဲ့အကျီ င်္ဟာ ပြန်လျှော်လိုက်ရင် ဖြူသွားမှာပါ ညစ်နွမ်းသွားတဲ့ ကလေးရဲ့စိတ်ကတော့ ဒဏ်ရာဖြစ်ကျန် ခဲ့ပါတယ် မေမေဟာ ငါ့ကို အကောင်းမမြင်ပါလားဆိုတဲ့ အတွေးဟာ ကလေးစိတ်ထဲမှာ စိုးမိုးသွားပြီး ကလေးကလဲ မေမေ့ပြောစကားကို နားမထောင်ချင် တော့ပါဘူး ဒီမေမေဟာ ကလေးကို ချစ်ပေမယ့်လဲ တခြားရွယ်တူ ကလေးတယောက်ရှေ့မှာ ကိုယ့်ကလေးကို နှိမ်မှန်းမသိ နှိမ်နေခဲ့တာပါ ကလေးဆိုးတယ် ဆိုရင် လူကြီးကိုယ်တိုင်က ငါ ဘာများ လိုအပ်နေလဲလို့ပြန်တွေးသင့်ပါတယ် လူတိုင်းဘယ်သူမှ စင်းလုံးချော မကောင်းနိုင်တာမို့ မိမိကလေးကလဲ မကောင်းတာလေးတွေ ရှိနေတတ်တယ်ဆိုတာ နားလည်ပေးပြီး ခွင့်လွှတ်စိတ်နဲ့ အမှန်ကို သင်ကြားပေးဖို့ လိုအပ်ပါတယ်

တကယ်တော့ မိဘဆိုတာ ချစ်စရာမကောင်းတာလေးတွေကိုပဲ တုန်နေအောင် ချစ်နေရတာမဟုတ်လားရှင်

***ကလေးတို့ကို နားလည်ပေးပြီး အပြစ်မတင်ပဲ လမ်းပြပေးနိုင်ကြပါစေ***
ဖြစ်ရပ် ၃

လမ်းလျှောက်တတ် စကလေးငယ်နဲ့ မေမေလမ်းလျှောက်ရင်း ၆လက်မလောက် အကျယ်ရှိတဲ့ မြောင်းလေးတခုတွေ့တယ်
မေမေ ၁
လာ သားသား မေမေချီမယ်
မေမေ ၂
သားသား မေမေ့လက်ကိုတွဲ မေမေနဲ့အတူတူကျော်ရအောင်
မေမေ ၃
ကလေးကို မကြည့်ပဲ တွေးချင်ရာတွေးနေ

လမ်းလျှောက်တတ်ကာစ ကလေးငယ်ဟာ အိမ်ရှေ့မှာ ထိုင်နေတဲ့ မေမေကို ပတ်ချာလှည့်ပြီးပြေးဆော့နေပါတယ်
မေမေ ၁
လာ သားသားဒီမှာမေမေနဲ့ အတူထိုင်နေ
မေမေ ၂
ဟာ လူသန်ကြီးကွ ကြည့်ပါဦး ပတ်ပြေးနေတာလုံးဝမမောဘူး
မေမေ ၃
မပြေးနဲ့ ငြိမ်ငြိမ်နေ

လမ်းလျှောက်တတ်ကာစ ကလေးငယ်ဟာ လမ်းပေါ်ကရေအိုင်လေးတွေကို သဘောကျနေပါတယ်
မေမေ ၁
ရေအိုင်ထဲမဆင်းရဘူးသားသား ညစ်ပတ်တယ်
မေမေ ၂
သားဆော့ချင်လို့လား မိုးတတ်နေပြီဆိုတော့ ဆော့ချင်ဆော့လေ ပြီးရင်မေမေသန့်ရှင်းရေးလုပ်ပေးမယ်
မေမေ ၃
ဒါဆော့စရာလား ဝယ်ပေးထားတဲ့ အရုပ်တွေဆော့လေ ပြောရတော်တော်ခက်တဲ့ ကလေးပဲ ဆိုးလိုက်တာ

ကလေးငယ်ထမင်းစားချိန်မှာ ဆော့ကစားလိုစိတ်နဲ့ စားနေပါတယ်
မေမေ ၁
စားပါ သားသားရယ် ဒီတလုပ်လေးစား
ပြီးရင် သားသားလိုချင်တာဝယ်ပေးမယ်နော် နော်
မေမေ ၂
သားသားကိုယ်တိုင်စားမလား မေမေက ဇွန်းလေးပေးထားမယ်လေ သားလက်ကလေးနဲ့ကိုင်စား
ဟာ တော်လိုက်တာ ကလေးက စားတတ်တယ် များများစားရင် အရပ်ကြီးရှည်လာမှာသားသားရဲ့ ဒီလိုကြီး အရပ်ရှည်လာမှာ ထပ်စားပါဦး
မေမေ ၃
ငြိမ်ငြိမ်စား ဒီလောက်သေချာလေးချက်ပေးထားတာကို ကောင်းကောင်းစားစမ်း
တခြားကလေးတွေ ဒီလိုမစားရဘူးသိလား
ပါးစပ်ဟ ဝါးစား ထမင်းစားတာများ သူ့ကို အဆိပ်ကျွေးတာကျနေတာပဲ

ကလေးငယ်က စာအုပ်ယူဆော့တယ်
မေမေ ၁
သားစာအုပ်ကို သူ့နေရာသူပြန်ထားလိုက်နော် ဆော့စရာမဟုတ်ဘူး
မေမေ ၂
သားသား စာအုပ်ဖတ်ချင်လို့လား လာမေမေနဲ့ အတူတူဖတ်မယ် ဒါကစာအုပ်အဖုံးပေါ့ အဖုံးလေးကိုလှန်လိုက် မေမေဖတ်ပြမယ်
မေမေ ၃
စာအုပ်ကို ယူဆော့ပြန်ပြီ တော်တော်ပြောရခက်တဲ့ ကလေးပါလား ပြဲသွားမယ်မဆော့နဲ့

ကဲ မေမေတို့ ကိုယ်တိုင်ရော ဘယ်ကလေးက ကိုယ်ရည်ကိုယ်သွေး ပိုမြင့်မယ်ထင်ပါသလဲ ကလေးတွေကို လမ်းပြပေးမယ့် လူကြီးကိုယ်တိုင် ကလေးတို့ရဲ့သဘော သဘာဝကို နားလည် ပေးသင့်ပါတယ် ကလေးတွေကို ပိတ်ပင်တားမြစ်မယ့်အစား ကြိုးစားခွင့်ပေးသင့်ပါတယ် ကလေးတယောက် မလုပ်နိုင်တဲ့ အရာ ဆိုရင် မေမေနဲ့အတူ ကြိုးစားကြည့်ရအောင်လို့  လက်တွဲခေါ်ပေးလိုက်ပါ ကလေးတွေဟာ ပုံစံခွက်ထဲက အရုပ်လေးတွေမဟုတ်ပါဘူး ဘောင်ငယ်လေးထဲမှာ ကန့်သတ်ပိတ်လှောင် မထားပဲ စိတ်ကူးရှိသလောက် အတောင်တွေဖြန့်ထုတ်ခွင့်ပေးလိုက်ပါ တကယ်တော့ ကလေးတွေဆိုတာ အနာဂတ်ရဲ့ ကြယ်ပွင့်လေး  တွေပါပဲ

***ကလေးတို့ရဲ့ စိတ်ကူးတွေကို မပိတ်ပင်ပါနဲ့***

ဖြစ်ရပ် ၎

ကလေးကို နာမည်ပြောင်တပ်ခေါ်ကြတာ ကောင်းပါသလား မသိနားမလည်သေးတဲ့ ကလေးကို နှိမ်ချင်လို့ပဲဖြစ်ဖြစ် စနောက်ချင်လို့ပဲဖြစ်ဖြစ် နာမည်ပြောင်တခုခုတပ်ပေးတဲ့အခါ ဆိုးဝါးလှစွာပဲ တချို့နာမည်တွေဟာ ကြီးတဲ့အထိ တွင်သွားတတ်ကြပါတယ် ဒါဟာကလေး အတွက်မကောင်းပါဘူး တခါတလေ မှာတော့ မိဘကိုယ်တိုင်က မသိမသာ နာမည်ပြောင် တပ်မိတာတွေလဲရှိပါတယ် အသက်ကြီးလာတာနဲ့ အမျှ ရှက်တတ်လာတဲ့ ကလေးဟာ ဒီနာမည်ကို မုန်းလာ တတ်ကြပါတယ် လူကြီးကိုပြန်ပြောတဲ့ အခါမှာတော့ လူကြီးဆိုတဲ့ အတ္တစွဲကြီးတတ်ကြတဲ့ လူကြီးတွေဟာ ငါ့ကို ပြန်မပြောနဲ့ ဆိုတဲ့စကားနဲ့ ကလေးကို အနိုင်ယူပစ် လိုက်ကြပါလေရော ကောင်းပါပြီ ဒါဆိုရင်
အဲဒီလိုလူကြီးတွေကိုလဲ ဆိုးဝါးတဲ့ နာမည်ပြောင်တပ်ခေါ်ရင် စိတ်မဆိုးကြဖို့ ပြောလိုက်ချင်ပါတယ် တချို့ နာမည်တွေက မဆိုးဝါးလှပေမယ့် ကြီးလာပြီး လူကြီးဖြစ်လာတဲ့ ကလေးအတွက်တော့ ခံရခက်လှတဲ့ အမည်တွေပါ ကတုံးမ လိပ်ပု ဝက်ပု မြင်းပေါက် ဝက်ကြီး ဂျီးထူဆိုသလို အမည်မျိုးတွေဟာ သိနားလည်လာတဲ့ကလေးအတွက် ရှက်စရာနာမည်တွေဖြစ်လာတတ်ပါတယ် မိဘကိုယ်တိုင်က ဒီလိုပဲ မသိသာစွာ ဆက်ခေါ်နေမယ်ဆိုရင်တော့ ကလေးဟာ အောင့်သက်သက်နဲ့ ခံရခက်မှာ အမှန်ပါပဲ အိမ်နာမည် လှလှလေးတွေပေးပြီး ကိုယ့်ရင်သွေးကို ချစ်မြတ်နိုးစွာ ခေါ်နိုင်ပါတယ် ဘာကြောင့်မလှတဲ့ အမည်တွေတွင်အောင် ခေါ်ဆိုချင်ကြတာလဲ

ဒီဖြစ်ရပ်ကတော့ ဒီနေ့ ကျွန်မကိုယ်တိုင်ကြုံခဲ့ရတာပါ ဒီနေ့ အမျိုးတစ်ယောက်အလှူသွားပါတယ် အလှူအိမ်မှာ အလှူရှင်က ကျွန်မရဲ့သားသားကို မွှေးနီလို့စပါတယ် သားသားက ဆံပင် အရမ်းပါးပါတယ် ဆံသားလေးတွေက နုပြီး ပါးနေတော့ သူခေါ်တာ မဆန်းဘူးလို့တွေးနိုင်ပါတယ် သားသားငယ်ငယ်ကလဲ ဒီလိုခေါ်ဖူးပါတယ် အကြောင်းကြောင်းကြောင့် ကျွန်မ မတုံ့ပြန်ခဲ့ပါဘူး ခုတော့ သားသားက သိတတ်လာတဲ့ အရွယ်ရောက်လာပါပြီ သိပ်စကားတတ်တဲ့ သားသားဟာ သိပ်ကို သိလွယ်တတ်လွယ် လာပါပြီ ဒီနာမည်ဟာ ဒီလိုသာ ဆက်ခေါ်နေမယ်ဆိုရင် အမျိုးတွေကြားမှာ ခေါ်စရာနာမည်တခု ဖြစ်လာနိုင်ပါတယ် တားမဲ့သူလဲမရှိပါဘူး ကျွန်မအဲဒီဦးလေးရဲ့ မျက်နှာကို သေချာကြည့်ပြီး ပြေပြေလေးပဲပြောလိုက်ပါတယ်

သားသား နာမည်ရှိပါတယ် သားသားကို ချစ်တဲ့သူတွေက သားသားလို့ခေါ်ပါတယ်

ကျွန်မ စကားဆုံးတော့ မျက်နှာပျက် သွားတယ် လူတွေ အများကြီးကြားမှာ မကြောက်ပဲ မိခင်တယောက်ရဲ့ ချစ်ခြင်းနဲ့  ကျွန်မပြောထွက်ခဲ့တယ် အဓိက ကတော့ သားသားကို နာမည်ပြောင်နဲ့ မခေါ်စေချင်တာပါပဲ လူမှုရေးအရတော့ ကျွန်မ မှားချင်မှားမယ် မိခင်တစ်ယောက်အနေ နဲ့ကတော့ မှန်တယ်ထင်ပါတယ် ကျွန်မရဲ့ သားသားကို နာမည်တောင် ကျွန်မ မခေါ်ပဲ ချစ်ခြင်းများစွာနဲ့ သားသားလို့ပဲ ခေါ်ပါတယ် ကျွန်မသားအတွက်ဆိုရင် အသေးအဖွဲကအစ သည်းခံမနေနိုင်ပါဘူး ဘာလို့ လဲဆိုတော့ ကျွန်မက မိခင်တစ်ယောက်မို့ပါ

***ကလေးတွေကို မကောင်းတဲ့ နာမည်တွေတပ်ပြီး မခေါ်ကြပါနဲ့ မိမိကိုယ်တိုင်ရော ဒီလို နာမည်ပြောင်တပ်ခေါ်ရင် ကြိုက်ပါ့မလားလို့တွေးပေးကြပါ***

ဖြစ်ရပ် ၅

၂နှစ် ၄လအရွယ် သမီးငယ်ဟာ အိမ်ထဲမှာ ခုန်ပေါက်ဆော့နေတုန်း ဦးဦးတစ်ယောက်ဝင်လာပါတယ် သမီးငယ်ဟာအဲဒီဦးဦးကိုမြင်တာနဲ့ မျက်နှာလေးညှိုးငယ်သွားပြီး မေမေ့နောက်ကို ဝင်ပုန်းပါတော့တယ် အဲဒီဦးဦးက လေသံမာမာကြီးနဲ့ ပြောနေပါတယ်

ဟိတ် ကောင်မလေး ဘာလုပ်နေတာလဲ ငြိမ်ငြိမ်မနေဘူးလား ထမင်းစားရင် ကောင်းကောင်းစား ကြားလား အမသမီး ထမင်းမစားရင် ပြောမရရင် ကျွန်တော့်ကိုပြော ကျွန်တော် ဟိုဘက်မှာရှိတယ် ကြားလားကောင်မလေး နင်မလိမ်မာရင် ငါလာဖမ်းမှာနော်

အဲဒီတနေ့လုံး သမီးငယ်ဟာ မေမေ့စကားကို နားထောင်ပါတယ် ထမင်းလဲကောင်းကောင်းစားပြီး နေ့ခင်းအိပ်ချိန်မှာလဲ ကောင်းကောင်းအိပ်တယ် နိုးနေချိန်လေးမှာ ခုံလေးတစ်လုံးပေါ်မှာ ငြိမ်ငြိမ်လေးထိုင်ပြီး သူ့ဝက်ဝံလေးကို ဖက်ထားရှာတယ် ညအိပ်ချိန်ထိ စကားတောင်ကျယ်ကျယ်မပြောရဲဘူး မေမေကတော့ အားရဝမ်းသာနဲ့ ကျေနပ်နေပါတယ်

အဲဒီဦးဦးကို သူသိပ်ကြောက်တာ ဟိုကပြောလိုက်ရင်တစ်ခွန်းပဲ ငြိမ်သွားရော ကောင်းတယ် ကြောက်ရမဲ့သူလဲရှိဦးမှလေ မဟုတ်ရင် မနိုင်ဘူး

ကျွန်မနားထောင်နေတုန်း သမီးငယ်လေးကတော့ ယုန်ကလေးလို ကြောက်ရွံ့တဲ့ မျက်လုံးဝိုင်းလေးနဲ့ ငေးနေရှာတယ် သမီးငယ်ကြောက်တဲ့ဦးဦးဟာ ကျွန်မနဲ့ သားသားနားကပ်လာပြီး သမီးငယ်ကို ပြောသလိုပဲ သားသားကို ပြောပါတယ်

သားသားက ဒါမျိုးမကြုံဖူးတာမို့ မျက်လုံးလေးနဲ့ စူးစမ်းနေခဲ့ပါတယ် ကျွန်မက သားသားကို ဖက်ထားလိုက်ပြီး

သားသား ဦးဦးကို နှုတ်ဆက်လိုက်ပါဦး မင်္ဂလာပါ ဦးဦးလို့ နှုတ်ဆက်လိုက်နော်

မင်္ဂလာပါ ဦးဦး

သားသားက လိမ်မာပါတယ် ထမင်းလဲ များကြီးစားတယ် လို့ပြောလိုက်ပါဦး ကလေးရယ် ဆိုတော့ သားသားကလိုက်ပြောပါတယ်
အဲဒီဦးဦးက သားသားပါးလေးကိုနမ်းပြီး ဘာမှဆက်မပြောတော့ပဲ ထွက်သွားခဲ့ပါတယ် သားသားလဲ ကြောက်စိတ်မဝင်ခဲ့ပါဘူး

ကျွန်မတို့ရဲ့ ရတနာလေးတွေကို ဘာလို့ကြောက်စိတ်သွင်းပေးချင်ကြရလဲ ကလေးသဘာဝ ဆော့တာ အငြိမ်မနေပဲစူးစမ်းတာဟာ သူတို့လေးတွေရဲ့ ဖွံ့ဖြိုးမှုမှာ အရေးကြီးတဲ့ နေရာက ပါဝင်နေတာပါ ဒါကိုလူကြီး အများစုက ပိတ်ပင်ချင်ကြပါတယ် တကယ်တော့ ကလေးတို့ဟာ လွတ်လပ်စွာ ဆော့ကစားခြင်းနဲ့ သင်ယူကြတာပါ ငြိမ်သက်နေရင်သာ စိတ်ပူရမယ့် သူကလေးတို့ကို ကြောက်အောင် မခြောက်သင့်ပါဘူး ဒေဝေါကြီးတို့ အရူးကြီးတို့ သရဲကြီးတို့အပြင် ဆရာဝန်တွေနဲ့ပါခြောက်လှန့်နေမှတော့ ကလေးရဲ့ စိတ်မှာ မလုံခြုံမှုတွေများလာတော့တာပေါ့ ဒါဟာ ကလေးရဲ့ ကိုယ်ရည် ကိုယ်သွေးကို အများကြီးထိခိုက်စေပါတယ်

မိမိရဲ့ခြောက်လှန့်မှု (တခါတလေ မိဘကိုယ်တိုင်ပါ ) ကြောင့် ကလေးရဲ့ ကိုယ်စိတ်ဖွံ့ဖြိုးမှုမှာ နှေးကွေးနိုင်ကြောင်းနားလည်ထားပေးပါ ခုဖြစ်ရပ်မှာ သမီးငယ်ဟာ သားသားထက် ၇လကြီးပါတယ် အဲဒီအချိန်က သားသားအသက် တစ်နှစ် ကိုးလပါ ကလေးချင်းယှဉ်ပြီးကြည့်တဲ့အကြည့်လေးမှာတောင် သမီးငယ်ရဲ့ အကြည့်က မရွံ့မရဲဖြစ်နေခဲ့ပြီး သားသားလေးကတော့ စူးစမ်းလိုစိတ်နဲ့ ကြည့်ပါတယ် ကြောက်တတ်တဲ့ ကလေးငယ်ဟာ သိမ်ငယ်မှု စိုးရွံ့မှုနဲ့ မလုံခြုံမှုတို့ခံစားရပါတယ် တကယ်တော့ ဒီဖြစ်ရပ်မှာ ကလေးတို့ကို မေမေကာကွယ်ပေးနိုင်ကြောင်းသိစေချင်ပါတယ် ကလေးတိုင်းဟာ လွတ်လပ်ပျော်ရွှင်စွာ စူးစမ်းလေ့လာရင်း ကြောက်ရွံ့ခြင်းမဲ့စွာ ဆော့ကစားစေသင့်ပါတယ် ကျွန်မပြောချင်တဲ့ ကြောက်ရွံ့မှုဆိုတာဟာ ခြောက်လှန့်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ကြောက်ရွံ့မှုကိုဆိုလိုပါတယ်

*ကလေးတို့ကို မခြောက်လှန့်ပါနဲ့ ခြောက်လှန့်သူရှိလာရင် ကလေးစိတ်ထဲမှာ်ါ ကြောက်ရွံ့မှုမရှိအောင် ဖြေဖျောက်ပေးပါ*

ကလေးတို့ကို နားလည်ချစ်ခင်နိုင်ကြပါစေ။ ။

 

Source : မေမေ