ကလေးတို့ကို ဖြည့်စွက်စာ ဘယ်လို စပြီး မိတ်ဆက်မလဲ။ (၆-လ နှင့်အထက်)

ကလေးငယ် အများစုအတွက် ဖြည့်စွက်စာကို purée တစ်ခုခုနဲ့ စတင်ကျွေးပေးလို့ အဆင်ပြေနိုင်ပါတယ်။
Cereal ပဲ စကျွေးရမယ် ဆန်မှုန့်ပဲ စကျွေးရမယ် ဆိုတာမျိုး မဟုတ်ဘဲ ကလေးနဲ့ သင့်တော်မယ့် အသီးအနှံတွေနဲ့လည်း စတင်နိုင်ပါတယ်။ ဘာနဲ့စကျွေးရင် ကလေးကို ပိုပြီး အကျိုးရှိစေပါတယ် ဆိုတဲ့ ဆေးပညာ အထောက်အထားမျိုး အတိအကျ မရှိသေးပါဘူးလို့ ဆိုပါတယ်။ စတင်မိတ်ဆက်ပေးဖို့ ကောင်းမွန်တဲ့ အစားအစာတွေကတော့ ကန်စွန်းဥ၊ ငှက်ပျောသီး၊ သစ်တော်သီး၊ ပန်းသီး၊ ထောပတ်သီး၊ မက်မွန်သီး စတာတွေကို ကြိတ်ချေထားတဲ့ purée လေးတွေပါ။

✅ပထမဆုံး စပြီးကျွေးတော့မယ် ဆိုရင်

? ကလေးကို မိခင်နို့( သို့) နို့ဗူး တိုက်ပါ။ အဲဒီနောက်မှ purée ကို စတီးဇွန်းနဲ့ တစ်ဇွန်း(သို့) နှစ်ဇွန်းကို ကျွေးပေးနိုင်ပါတယ်။

?Cereal (သို့) ဆန်မှုန့် ကို စတင်ကျွေးမယ်လို့ ဆုံးဖြတ်ထားရင်တော့ Cereal (သို့) ဆန်မှုန့်ကို မိခင်နို့( သို့) နို့မှုန့်နဲ့ ရောပြီး အရည်ကျဲကျဲလေး ဖြစ်အောင် ဖျော်ပြီး ကျွေးပေးနိုင်ပါတယ်။

?ကလေးရဲ့ ခံတွင်းကို ထိခိုက်မှု မရှိစေရန် ကလေးငယ်တို့အတွက် ထုတ်ထားတဲ့ ထိပ်တုံးတုံး ဇွန်းလေးတွေကို အသုံးပြုပြီး ကျွေးပါ။ ဇွန်းထိပ်မှာ အစာ အနည်းငယ်သာတင်ပြီး စကျွေးပါ။

?တကယ်လို့ ကလေးဟာ ဇွန်းနဲ့ စားရမှာကို စိတ်မဝင်စားဘူး၊ လိုလိုလားလား မရှိသေးဘူးဆိုရင် အရင်ဆုံး အစာရဲ့ အရသာနဲ့ အနံ့ကို ထိတွေ့ခံစားစေလိုက်ပါဦး။ မွေးစကတည်းက နို့အရည်သာစို့ခဲ့ရတာမို့ အစာအသစ်ကို စစားမယ်ဆိုရင် ကလေးတို့အတွက် အဆင့်သင့်ဖြစ်ဖို့ အချိန်လိုပါတယ်။ ဒါကြောင့် အတင်းခွံ့တာမျိုး မလုပ်ဘဲ သူအဆင်သင့် ဖြစ်ချိန်ထိ စောင့်သင့်ရင် စောင့်တာက ပိုကောင်းပါတယ်။

?cereal ကို ကလေးရဲ့ နို့ဘူးထဲ ထည့်ဖျော်ပြီး စုပ်ယူစေတာမျိုးလည်း မပြုလုပ်သင့်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကလေးငယ်ဟာ အစားအစာဆိုတာ ထိုင်ပြီး စားရတယ်၊ ဇွန်းကနေ စားရတယ်စသဖြင့် သဘောတရားကို မသိဘဲ ဖြစ်သွားနိုင်လို့ပါ။

?တစ်နေ့ကို #တစ်ကြိမ် စတင်ကျွေးပါ။ ကလေးနဲ့ မိခင် အဆင်ပြေတဲ့ တစ်နေ့တာရဲ့ ဘယ်အချိန်မှာမဆို ကျွေးလို့ ရပါတယ်။ဒါပေမယ့် ကလေး ပင်ပန်းနေတဲ့အချိန်၊ ဂျီကျနေတဲ့အချိန်၊ အိပ်ချင်နေတဲ့ အချိန်မျိုးတွေကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

?ကလေးဟာ အစစချင်းကျွေးရင် အများကြီး စားချင်မှ စားပါဦးမယ်။ နို့မဟုတ်တော့တဲ့ အစာသစ်စားခြင်း အတွေ့အကြုံကို ကျင့်သားရဖို့ အချိန်ပေးသင့်ပါတယ်။ တချို့ကလေးတွေဟာ အစာကို သူတို့ ပါးစပ်ထဲ ထားပြီး မြိုချဖို့ရာ အလေ့အကျင့်လိုတတ်ကြပါတယ်။

?ဖြည့်စွက်စာကျွေးတော့မယ်ဆိုရင် ကလေးရဲ့ အနားမှာ လူကြီး တစ်ယာက်ယောက် အမြဲတမ်း ရှိနေဖို့ လိုအပ်ပါတယ်။ ကလေးတို့ အစာနင်နိုင်တဲ့ အနေအထားမျိုးတွေ ရှိတတ်လို့ပါ။

?အစားအစာများကို ထိခွင့်၊ ကိုင်ခွင့် ပေးသင့်ပါတယ်။

?ကလေးဟာ အစာကို ကိုယ်တိုင်ကိုင်တွယ်ချင်စိတ်ရှိတာကို ပြပြချင်း သူတို့လက်နဲ့ သူတို့ကိုယ်တိုင် အစာစားခွင့် ပေးပါ။

?ကလေးဟာ အစာစားဖို့ စိတ်ဝင်စားဟန် မပြရင် အတင်းတိုက်တွန်းပြီး ပန်းကန်ထဲက ကုန်အောင် မကျွေးသင့်ပါဘူး။ နောက်နေ့မှသာ နောက်တစ်ခါ ထပ်ကျွေးသင့်ပါတယ်။

?ဇွန်းနဲ့ကျွေးရင် ကလေးပါးစပ်ဟတဲ့အထိ စောင့်ဆိုင်းပြီးမှ ကျွေးသင့်ပါတယ်။ ကလေးဟာ အစာခွံ့ကျွေးစဉ် ဇွန်းကို လှမ်းကိုင်ပြီးမှ ပါးစပ်ဖွင့်ပေးတာလည်း ဖြစ်နိုင်ပါတယ်။ ကိုင်ခွင့်ပေးသင့်ပါတယ်။

?အစားအစာများရဲ့ အပူချိန်ကို စစ်ဆေးပြီးမှ ကျွေးသင့်ပါတယ်။

?ကလေးငယ်ရဲ့ ဖြည့်စွက်စာထဲမှာ ဆား၊ သကြား၊ အစာအတုံးလေးတွေ မထည့်ရပါဘူး။

အထက်ပါ အချက်များကတော့ ကလေးငယ်တို့ကို ဖြည့်စွက်စာ စစကျွေးချင်း ပြုလုပ်သင့်တဲ့ အချက်တွေပါ။ ဒီလို အလေ့အကျင့်ကောင်းနဲ့ စခဲ့ရင် ကလေးငယ်တို့ရဲ့ အစားစာချင်စိတ်၊ ကိုယ်တိုင်စားချင်စိတ်တွေ အတွက်လည်း အစပျိုးပေးပြီးသား ဖြစ်စေပါတယ်။

Source : ?ယုငယ်( နီတိုးလေးမေမေ)

Ref; http://www.nhs.uk/Conditions/pregnancy-and-baby/Pages/solid-foods-weaning.aspx

http://www.babycenter.com/0_introducing-solids_113.bc]

Photo; http://recipes.howstuffworks.com/