အိမ်မက် ပန်းချီ

တစ်ခါတုန်းက စခန်းသာဆိုတဲ့ တောင်ပေါ်မြို့ကလေးမှာ အလွန်သစ်ပင်တက် ၀ါသနာပါတဲ့ ဖိုးကောင်းဆိုတဲ့ ၆နှစ်အရွယ် ကောင်လေး တစ်ယောက်ရှိတယ်။ သူ့အမေက သူ့ကို တစ်ယောက်တည်း လျှောက်မသွားဖို့နဲ့ သစ်ပင်အမြင့်တွေကို အရမ်းမတတ်ဖို့ အမြဲ ပြောလေ့ရှိတယ်။

တစ်ညနေခင်းမှာတော့ ဖိုးကောင်းဟာ သူ့အမေအလစ်မှာ မြို့စွန်တောင်ကုန်းပေါ်က ဘိုးဘိုးကြီး နတ်ကွန်းရှိရာ ညောင်ပင်ကြီးဆီကို တစ်ယောက်တည်းထွက်လာခဲ့တယ်။

ကစားဖို့ သူငယ်ချင်းတွေလည်း တစ်ယောက်မှ မရှိပါလား၊ ဘယ်များ သွားနေကြပါလိမ့်လို့ တွေးရင်း..

ဖိုးကောင်းက သစ်ပင်ပေါ်တက်ပြိး အဝေးကို ကြည့်ချင်စိတ် ပေါက်လာလို့ ညောင်ပင်ကြီးပေါ်ကို တက်လိုက်တယ်။ တောင်ကုန်းပေါ်မှာ ရှိတဲ့ သစ်ပင်ပေါ်ကနေ မြင်ရတဲ့ မြို့ကလေးဟာ အလွန်လှပနေတယ်။

ဖိုးကောင်းက ကျယ်ပြန့်တဲ့ ကောင်းကင်ကြီးပေါ်ကနေ မြေပြင်ကိုကြည့်ရရင် ကောင်းမှာပဲလို့ စိတ်ကူးယဉ်ပြီး အပေါ်ကိုမော့ကြည့်ရင်း သီချင်းတစ်ပုဒ် အော်ဆိုလိုက်တယ်။ သူ့အသံကုန်ဟစ်ပြီး ဆိုနေတဲ့သီချင်းက သူ စိတ်ကူးပေါက်ရာ စာသားတွေနဲ့ လက်တမ်းစပ် ထားတာပါ။

‘သူငယ်ချင်းတို့ရေ…

ဘယ်ရောက်နေလဲဟေ…

ညောင်ပင်ကြီးအောက် မြန်မြန်လာ …

ကစားကြမယ်ကွာ…

ညောင်ပင်ကြီးပေါ်တက်လို့ကစား…

မိုးတိမ်များရဲ့ကြား…

ဒိန်းတပ်တပ်ဒိန်းဒိန်း…

ဒိန်းတပ်တပ်ဒိန်း…

သူ သီချင်း အော်ဆိုနေတဲ့အချိန်မှာပဲ ၀ှီး…၀ှီး… ဆိုပြီး လေပြင်းတစ်ချက် တိုက်ခတ်သံနှင့်အတူ ထူးဆန်းတဲ့ အသံတစ်သံကို ကြားလိုက် ရတယ်။

‘အို… တယ်ကောင်းတဲ့ သီချင်းသံပဲ၊ ကောင်းလွန်းလို့ ဒီဘက် လာဆိုပြပါကွာ’

ဖိုးကောင်းက နားစွင်းလိုက်တော့ အဲဒီအသံက သစ်ခေါင်းပေါက်ထဲက လာနေတာကိုး။

သစ်ခေါင်းပေါက်ထဲကို ငုံ့လည်း ကြည့်လိုက်ရော ရုတ်တရက် ရွှီးကနဲ့ သစ်ခေါင်းပေါက်ထဲက စုပ်ယူသွားတာ ခံလိုက်ရတယ်။

‘အား… ကျတော့မယ်၊ ကျတော့မယ်…’

ဖိုးကောင်း အော်လို့ မဆုံးခင်ဘဲ တစ်နေရာကို ရောက်သွားတယ်။ အဲဒီနေရာက ညလို မှောင်မည်းနေတဲ့ တောင်တစ်တောင်ပေါ် မှာဖြစ်နေတယ်။

အလို… ထူးဆန်းလိုက်တာ၊ မျက်နှာချင်းဆိုင်က ကောင်းကင်ပေါ်မှာ ထူးဆန်းတဲ့ အကောင်သုံးကောင် ဖိုးကောင်းဘက်ကို ပျံလာနေတယ်။  ဖိုးကောင်း အနားကိုလည်းရောက်ရော သူတို့ကပြောကြတယ်။

‘ငါ့နာမည် မောင်မောင် ၀ံပုလွေ’

‘ကျွန်မနာမည်က မိုမိုရှဥ့်ပျံ’

‘ ငါ့နာမည်က ရတနာဘိုးဘိုး’

‘ဟေး…ဟေး… ကစားမယ်ဟေ့၊ ကစားရအောင်’ ဆိုပြီး ၀ိုင်းပြောကြတယ်။

ဖိုးကောင်းက –

‘ဟင့်အင်း မကစားချင်ပါဘူး၊ နင်တို့က ငါ့သူငယ်ချင်းမှ မဟုတ်တာ’ လို့လည်း ဆိုလိုက်ရော

သုံးကောင်စလုံးက အသံအကျယ်ကြီးနဲ့ တစ်ယောက်တစ်ပေါက် အော်ကြပါရော။

‘ဟင့်အင်း …ဟင့်အင်း… အဲသည်လို မလုပ်ပါနဲ့၊ ကစားရအောင်ပါလို့ နော်… နော်… နော်’

‘ နားငြီးလိုက်တာ… နားငြီးလိုက်တာ…၊ တော်ကြာပါတော့…တော်ကြပါတော့၊ ကစားပါ့မယ်’

ဖိုးကောင်းက ကစားမယ်ဆိုပြန်တော့လည်း သူတို့က နောက်တစ်မျိုး ရန်ပွဲဖြစ်ကြပြန်တယ်။

‘ကျွန်မနဲ့ အရင်ကစားမယ် ‘

‘ မဟုတ်ဘူး… ငါကအရင် ‘

‘ဘာလဲ…ကျုပ်ဗျ၊ ကျုပ်’

ဆိုပြိး သုံးကောင်သား လုံးထွေးသတ်ပုတ်ကြ ပြန်တယ်။ ဖိုးကောင်းက ‘တော်ကြ…တော်ကြ.. ကျားဘိုဆွဲပြိး ဆုံးဖြတ်ကြဆိုတော့ လုံးထွေးရာက ထလာပြီးကျားဘို ဆွဲကြတယ်။

ဒီလိုနဲ့ ပထမဆုံး အလှည့်ကျတာက မိုမိုရှဥ့်ပျံဖြစ်တယ်။ ဖိုးကောင်းရဲ့လည်ပင်းမှာ တန်ခိုးနဲ့ပျံနိုင်တဲ့ ပုဝါကြီးတစ်ထည်ပတ်လိုက်တယ်။ ပြီးတော့ သစ်ကိုင်း တစ်ခု ကနေ တစ်ခု ခုန်ပျံကူးပြိး လိုက်တမ်းပြေးတယ်း ကစားကြတယ်။

နောက် အလှည့်ကျတဲ့သူကတော့ ရတနာဘိုးဘိုးပါ။ နေရာအနှံ့ ဖန်လုံးတွေဖြန့်ကြဲထားပြီး

‘ လာနော်…လာနော်… အဖိုးတန်ဖန်လုံးတွေ၊ အဖိုးတန်ပစ္စည်းချင်း လဲတယ်နော်… ပစ္စည်းချင်းလဲတယ်နော်’

‘ ဘိလပ်ရည်ပုလင်း အဖုံးနဲ့ ဆိုရင်ရော လဲပေးမလေား’လို့ ဖိုးကောင်းကမေးတော့

‘ ဘိလပ်ရည်ဘုရင်ကြီးရဲ့ သရဖူပါလား’လို့ ရတနာဘိုးဘိုးက ၀မ်းသာအားရနဲ့ပြောပြီး

အလွန်ထူးဆန်းတဲ့ ဖန်လုံးနဲ့ လဲလေးလိုက်တယ်။ ဖန်လုံးထဲကို ကြည့်လိုက်တော့ အလွန်ကျယ်ပြန့်တဲ့ ပင်လယ်ကြီးကို မြင်ရတယ်။

နောက်ဆုံး အလှည့်ကျသူကတော့ မောင်မောင်ဝံပုလွေပါပဲ။

ကြိုးခုန် အလွန်တော်တဲ့ မောင်မောင်ဝံပုလွေက လမင်းကြီးနဲ့ တောင်အမြင့်ကြီးကို ကြိုးနဲ့ဆက်ပြီးတော့ ဖိုးကောင်းနဲ့အတူ ကြိုးခုန်ကြတယ်။

အဲဒီနောက်မှာတော့ အားလုံးအတူတူ ကစားကြပြန်သေးတယ်။ သစ်တုံးကြီးကိုစီးပြီး မိုးပေါ်ပျံတက်ကြတယ်။

ပြီးတော့ သံပြိုင်သီချင်းလည်း ဆိုကြတယ်။

‘ဒီညတော့ပျော်ပါတယ်…

အလွန်ပျော်ပါတယ် သူငယ်ချင်းတို့ရယ်

သူငယ်ချင်းတို့ရေ… ဘယ်ရောက်နေလဲဟေ

ညောင်ပင်အောက်မြန်မြန်လာ…

ကစားကြမယ်ကွာ

ညောင်ပင်ကြီးပေါ်တက်လို့ကစား…

မိုးတိမ်များရဲ့အကြား

ဒိန်းတပ်တပ်ဒိန်းဒိန်း… ဒိန်းတပ်တပ်ဒိန်း’

ကစားလို့မောပြီးဗိုက်ဆာလာကြတယ်။ ကောက်ညှင်းထုပ်တွေသီးတဲ့အပင်က ကောက်ညှင်းထုပ်တွေခူးစားကြတယ်။ ကောက်ညှင်းထုတ်တွေက ပျော့ပြောင်းချိုေ မွှေးပြီး အလွန်အရသာရှိတယ်။

စားလည်းပြီးရော သူတို့သုံးယောက်မောပြိး အိပ်ပျော်သွားကြတော့တယ်။ အဲဒီအခါ ဖိုးကောင်းတစ်ယောက်တည်း လမင်းကြီးကိုကြည့်ပြီး ဆောက်တည်ရာ မရအောင် အလွန်စိတ်အားငယ်လာတယ်။ ဒါနဲ့ပဲ

မိုးပေါ်ကိုမော့ပြီး

‘မေမေရေ…’

လို့အသံကုန် အော်လိုက်တယ်။

ဖိုးကောင်းလည်း အဲဒီလိုအော်လိုက်ရော သုံးကောင်စလုံး အိပ်နေရာကနေ ပြိုင်တူထလာကြပြီး-

‘မအော်နဲ့ မအော်နဲ့ ‘လို့ဆိုပြီး ဖိုးကောင်းပါးစပ်ကို လာပိတ်ကြတယ်။ ဒါပေမဲ့ သူတို့ နောက်ကျသါားပါပြီ။

ဖိုးကောင်းရဲ့ အသံနဲ့အတူ ညကောင်းကင်မှာ အလင်းတန်းတစ်ခု ပေါ်လာတယ်။ ရွှေရောင်အလင်းတန်းက ဖိုးကောင်းရဲ့ ခန္ဓာကိုယ်ကို ဆွဲပတ်ယူဆောင် သွားပြီး ချာလည်ချာလည်နဲ့ အမေ့ရင်ခွင်ထဲကို ရောက်သွားပါတော့တယ်။

‘ဖိုးကောင်း၊ သားလေး သတိရပြီလား’

ဆိုပြီး စိုးရိမ်တကြီး အကြည့်နဲ့အတူ မေးလိုက်တဲ့ အမေ့အသံကိုကြားရတယ်။ အဲဒီတော့မှ ဖိုးကောင်းရဲ့ခြေထောက်က အရမ်းနာလာတာကို သတိရတယ်။ ဘေးကဆူဆူညံညံအသံတွေလည်း ကြားလိုက်ရတယ်။

‘သား… သစ်ပင်ပေါ်က လိမ့်ကျတယ်လေ။ သားပျောက်လို့ လိုက်ရှာတော့ သစ်ပင်အောက်မှာ လဲနေတာတွေ့ရတာ၊ မေမေ့ပြောစကားကို သား နားမထောင်ဘူး ၊ အခုတော့သိပြီ မဟုတ်လား’ လို့ မေမေက ဖိုးကောင်းကို ပြောတယ်။

ဖိုေးကာင်းလည်း ‘သားနောက်ကို သစ်ပင်မတက်တော့ပါဘူး၊ မေမေ့ပြောစကား နားထောင်ပါ့မယ်၊ မေမေဘာလို့ သားကို သစ်ပင်မတက်ခိုင်းတာလဲဆိုတာ သားသိပါပြီ’လို့ နောက်တရပြီး ကတိပေးလိုက်တယ်။

မေမေက ဖိုးကောင်းကို ကျောပိုးပြီး ခေါ်လာတယ်။ အိမ်ပြန်လမ်းကနေ နောက်လှည့်ကြည့်ရင်း

‘မောင်မောင်ဝံပုလွေ ၊ မိုမိုရှဥ့်ပျံ၊ ရတနာဘိုးဘိုးတို့ရေ … ဘိုင့် ဘိုင့်’လို့ တိုးတိုးလေး နှုတ်ဆက်မိတယ်။

အိပ်မက်လား၊ တကယ်လား မသိပေမယ့် ဖိုးကောင်းကတော့ သူဆိုခဲ့တဲ့ သီချင်းကလွဲရင် အားလုံးကို ကောင်းကောင်း မှတ်မိနေတယ်။ မေမေ့ကို ပြောပြချင်ပေမယ့် မေမေကယုံပါ့မလားလို့လည်း စိတ်ပူနေတယ်။

ဒါကြောင့် ဖိုေးကာင်းက ပန်းချီဆွဲပြီး သူ့မေမေကို ပြဖို့ စိတ်ကူးနေတယ်။

 သားတို့၊ သမီးတို့ရော ဖိုးကောင်းလေးလိုပဲ ပုံလေးတွေ ဆွဲမကြည့်ချင်ကြဘူးလားကွယ်။ ကြိုးခုန်တော်တဲ့ မောင်မောင်ဝံပုလွေ၊ ခုန်ပျံတက်တဲ့ မိုမိုရှဥ့်ပျံ၊ ထူးဆန်းတဲ့ ဖန်လုံးတွေရောင်းတဲ့ ရတနာဘိုးဘိုးတို့ရဲ့ ပုံတွေနဲ့ သူတို့တွေ ကစားနေကြတဲ့ ပုံလေးတွေကို ကိုယ့်စိတ်ကူးနဲ့ ကိုယ် သရုတ်ဖော်ဆွဲုပြီး သားတို့၊ သမီးတို့ရဲ့ မေမေကို ပြကြည့်ကြရအောင်လား။ မေမေစိတ်ဆိုးတဲ့အခါ ဖိုးကောင်းလေးလိုပဲ နောက်နောင်ကို မေမေပြောတာကို နာေးထာင်တော့မှာပါလို့ မေမေ့ကို ပြောရင်းနဲ့လေ။

 

Source : ချိုချိုအေး