ကလေးတို့နဲ့အတူ ကစားကြမယ်။

ကစားကြမယ်။
************
ကလေးတွေဟာ ကစားရတာကို ပျော်ကြပါတယ်။ နှစ်သက်ကြပါတယ်။ ကစားရာမှာလည်း ဖေဖေ မေမေတို့နဲ့ ကစားရတာကို ပိုပြီး ပျော်ရွှင်ကြပါတယ်။ ကစားတယ်ဆိုတာ ရိုးရိုးတန်းတန်း အပျော်သက်သက် ကစားတာ မဟုတ်ပဲ ကလေးတို့ရဲ့ ခန္ဓာကိုယ်ဖွံဖြိုးဖို့၊ ဉာဏ်ရည်ဖွံဖြိုးဖို့ အတွက် များစွာ အထောက်အကူပြုပါတယ်။ အတူတူပျော်ရွှင်ဖို့နဲ့ အတူတူ သင်ယူဖို့ အကောင်းဆုံးအခွင့်အရေးဟာ အတူတူ ကစားခြင်းပါပဲ။

“ကစားတာပေါ့ ။ တစ်နေ့လုံး မျောက်ရှုံးအောင် ဆော့တာ။ ထိန်းတောင်မနိုင်ဘူး”
” ဆော့လွန်းလို့ တားနေရတယ်။”

စသဖြင့် ပြောတတ်ကြပါတယ်။ ဟုတ်ပါတယ်။ ကလေးတွေဟာ မရပ်မနားဆော့တတ်ကြပါတယ်။ ဒါပေမယ့် ကစားရာမှာ ဒီအတိုင်း ရည်ရွယ်ချက်မရှိ ကစားနေတာနဲ့ ဖွံဖြိုးမှုအတွက် အထောက်အကူဖြစ်အောင် နည်းလမ်းနဲ့ ကစားတာဆိုပြီး ကွဲပြားပါသေးတယ်။ ဖေဖေ မေမေတို့အနေနဲ့ လည်းဝေယျာဝစ္စအလုပ်တွေ၊ အိမ်အလုပ်တွေ၊စီးပွားရေးအတွက် အလုပ်တွေ စသဖြင့် အလုပ်ရှုပ်နေကြတာကလဲ အမှန်ပါပဲ။ ဒါပေမယ့် အလုပ်တွေ ပြီးချိန်မှာပဲ ဖြစ်ဖြစ် ၊ ခဏနားနေချိန်မှာပဲ ဖြစ်ဖြစ် တစ်နေ့ကို နာရီဝက်လောက် ကလေးတို့နဲ့ အတူတူ ကစားနည်းလေးတွေနဲ့ ကစားပေးသင့်ပါတယ်။

ကလေးတို့နဲ့ အတူတူ ကစားခြင်းရဲ့ အကျိုးရလာဒ်ဟာ အရောင်ခြယ်စာအုပ်မှာ အရောင်စုံလေးတွေခြယ်ပြီးရင် လှသွားတဲ့ ပုံလေးတွေကို ချက်ချင်းမြင်ရသလို မြင်ရမှာ မဟုတ်ပါဘူး။ တခါနှစ်ခါ ကစားရုံနဲ့လည်း သိသာတာမဟုတ်ပါဘူး။ နေ့စဉ်ပုံမှန် လုပ်ရိုးလုပ်စဉ်လို လုပ်လာရင်းနဲ့မှ ကလေးတို့ အရွယ်ရောက်လာတာနဲ့ အမျှ ကျွန်မတို့ ခြယ်ထားတဲ့ အရောင်စုံလေးတွေကို ကလေးတို့မှာ တဖြေးဖြေးချင်း ပုံပေါ်လာပြီး မြင်ခွင့်ရတာပါ။ ဖေဖေ မေမေတို့ တီထွင်ဖန်တီးနိုင်မှု စွမ်းရည်ကောင်းစွာ ခြယ်သနိုင်ရင် ခြယ်သနိုင်သလို ကလေးတို့ဟာ အရောင်စုံစွာ လှပလာကြမှာပါ။

မွေးစအရွယ်မှစပြီး ဖေဖေ မေမေတို့ ကလေးလေးတို့နဲ့ ပျော်ရွှင်စွာ ကစားနိုင်မယ့် နည်းလမ်းအချို့ကို ပြောပြပေးပါ့မယ်။ နည်းနည်းကြီးတဲ့ ကလေးများရှိရင်လည်း ကစားနည်းလေးတွေနဲ့ မိသားစုလိုက် ရင်းနှီးချစ်ခင်မှု၊ သင်ကြားမှု စတဲ့ အခွင့်အရေးလေးတွေ ဖန်တီးနိုင်ပါတယ်။

မွေးစကနေ ၃-လ ကစားနည်း
***********************
ဒီအချိန်မှာ ကလေးလေးတွေဟာ အချိန်တော်တော်များများအိပ်နေတတ်ကြပါတယ်။ ဒါပေမယ့် သူတို့နိုးတဲ့အချိန်လေးတွေကို ဖေဖေ မေမေတို့ ကောင်းစွာ အသုံးချသင့်လှပါတယ်။

(၁) သီချင်းလေးနဲ့ ယိမ်းမယ်
**********************
မွေးစကလေးလေးရဲ့ sense of balance ဟန်ချက်ညီထိန်းနိုင်မှုကို ရိုးရိုးရှင်းရှင်း သားချော့တေးကဗျာလေးတွေနဲ့ မိတ်ဆက်ပေးပြီး ကစားပေးလို့ရပါတယ်။ မိခင်နဲ့ ကလေးရဲ့ ချစ်ခြင်းမေတ္တာကို တိုးစေတဲ့ bonding တစ်ခုဖြစ်သလို ခုမှ လူ့လောကထဲရောက်လာတဲ့ ကလေးကို စကားလုံး အသစ်လေးတွေ မိတ်ဆက်ပေးသလိုလည်း ဖြစ်ပါတယ်။

ကလေးရဲ့ ကျောနဲ့ ဦးခေါင်းကို သေချာကိုင်ပေးထားပြီး
” သမီးလေး… သမီးလေး..ချစ်စရာ မေမေ့သမီးလေး…..”
” သားလေးက ချစ်စရာ မေမေကချစ်တာ.. ဖေဖေကချစ်တာ… ဖိုးဖိုးကလည်းချစ်တာ… ဖွားဖွားကလည်းချစ်တာ အားလုံးချစ်ကြတာ….”
” သားကလေး… တီတာတာ… မေမေ့ အနားလာ…..မပီကလာသူ့စကား …တူတူရေဝါး….”
” မေမေ့ သားလေးပုန်းစရာ လက်ဝါးလေးနဲ့ကာ
” twinkle twinkle little star….” စတဲ့
lullaby ကလေးသီချင်း သံစဉ် ရိုးရိုးလေးပဲ ဖြစ်ဖြစ်…. ကဗျာတိုလေးတွေပဲ ဖြစ်ဖြစ် … မိမိတို့ ကိုယ်ပိုင် ကဗျာသံစဉ်လေးတွေပဲ ဖြစ်ဖြစ်ဆိုပေးပြီး ကလေးကို စည်းချက်ညီညီ လှုပ်ယိမ်းပေးနိုင်ပါတယ်။ နောက်တော့ သီဆိုရတာ သက်တောင့်သက်သာ ရှိလာရင် ကိုယ့်ကလေးရဲ့ နာမည်လေးထည့်ပြီး ဆိုနိုင်ပါသေးတယ်။

(၂) လှည့်ပါ… လှည့်ပါ… ဝိုင်းကြီးပတ်…
******************************
ကလေးငယ်ကို အနှီးလဲချိန်၊ diaper လဲချိန်တွေမှာ ( သို့) ရေချိုးပြီးအချိန် ပက်လက်ကလေးရှိနေချိန်တွေမှာ ကလေးရဲ့ ပေါင်ကို ကိုင်ပါ။ ဒူးအောက်နားမှာ မိမိရဲ့ လက်မကို ထားပြီး ဆုပ်ကိုင်သလိုမျိုးပါ။ ပြီးရင် ကလေးရဲ့ ခြေထောက်လေးကို ငြင်သာစွာ စက်ဘီးစီးသလို ပုံစံမျိုး ရွေ့လျားပေးနိုင်ပါတယ်။ ပါးစပ်မှလည်း
” လှည့်ပါ… လှည့်ပါ … ဝိုင်းကြီးပတ်… တစ်ပတ်ပြည့်အောင်ပတ်…တစ်လှမ်း… နှစ်လှမ်း .. သုံးလေးလှမ်း … အိမ်လေးထဲမှာ လှမ်း”
စသဖြင့်ဆိုပြီး ခြေထောက်လေးကို ညင်သာစွာ လှုပ်ရှားပေးပါ။တဖက်ကို ၁၀-ကြိမ်စီလောက် ညင်သာစွာ ပြုလုပ်ရမှာပါ။ ကလေးရဲ့ ခြေထောက်လေးတွေ သန်မာစေပြီး ဖေဖေ မေမေတို့ ဆိုပြတဲ့ ကဗျာလေးတွေ မှတ်မိတတ်လာမှာပါ။ မိမိတို့ ကလေးနဲ့ သက်ဆိုင်တဲ့ ကိုယ်ပိုင် ကဗျာလေးတွေဆိုရင် ပိုကောင်းပါတယ်။

(၃)ခေါင်းလောင်းသံလေးပေးမယ်
**************************
ဖေဖေ မေမေတို့ရဲ့ ကလေးလေးတွေ အကြားအာရုံ အားကောင်းအောင်၊ အသံဘယ်ကလာသလဲ ဆိုတဲ့ direction ကို သိနိုင်အောင် လေ့ကျင့်ပေးတဲ့ ကစားနည်းပဲ ဖြစ်ပါတယ်။ ခေါင်းလောင်းသေးသေးလေး(သို့) ချူလေးကို ကလေးရဲ့ နားနားလေးမှာ လှုပ်ခါပေးပါ.။ ခြူလေးကို မမြင်စေဘဲ ဖွက်ထားပြီး အသံလာရာကိုလိုက်ရှာစေတဲ့ ကစားနည်းလေးလို ကစားလို့ရပါတယ်။ ခြူလေးကို ကလေးလေးရဲ့ ညာဘက်နားနားမှာ ၊ဘယ်ဘက်နားနားမှာ ၊ ပြီးတော့ ပက်လက်အိပ်နေရင် မျက်နှာပေါ်မှာ လှုပ်ခါ အသံမြည်စေပါ။

၃- ၆ လ အရွယ် ကစားနည်း
**********************
အိပ်နေတတ်တာများတဲ့ မွေးစကလေးလေးတွေဟာ ၃- လကျော်လာရင်တော့ နိုးနေတဲ့ အချိန်တွေပိုလာပါပြီ။ ဖေဖေ မေမေတို့ကိုတွေ့တာနဲ့ ပြုံးပြ ရယ်ပြပြီး ဖေဖေ မေမေတို့ ကို အရာ
ည်ပျော်အောင်လည်းတော်တော်လုပ်တတ်နေပါပြီး။ ပိုပြီး တက်ကြွတဲ့ ပျော်စရာ game တွေနဲ့ လူမှုရေး game တွေ ကစားလို့ ရနေပါပြီ။ ပိုပြီးပျော်စရာကောင်းတော့မယ့် ကာလတွေပါပဲ။

(၄) အရုပ်လေးတွေနဲ့ သရုပ်ပြ ကစားမယ်
*********************************
မွေးပွ အရုပ်သေးသေးလေးတွေပဲဖြစ်ဖြစ်၊ finger puppets ( လက်ချောင်းထိုးအရုပ်လေးတွေ)နဲ့ပဲ ဖြစ်ဖြစ်အသုံးပြုပြီး.. ” Old McDonald had a farm” nursery songs ကို ကလေးကို ဆိုပြနိုင်ပါတယ်။ cow ရဲ့ ” moo” နေရာ ၊ pig ရဲ့ ” oink” နေရာနေတွမှာ ဟန်ပါပါ အမူအယာနဲ့ဆိုပြရင် ကလေးငယ်တို့ သိပ်သဘောကျပါတယ်။ Old McDonald song ရယ်လို့ မဟုတ်ပဲ မိမိတို့ အိမ်မှာရှိတဲ့ အရုပ်ကလေးတွေ အလိုက် ကဗျာလုပ်ဆို အသံလုပ်ပြ ရင်လည်း ရတာပါပဲ။

(၅) စကားပြောကြမယ်
******************
၅-လ ၆-လ ကလေးလေးတွေ ဝူး…ဝါးနဲ့ စကားပြော ကြရင် သိပ်ကို ချစ်စရာကောင်းပါတယ်။ သူတို့လေးတွေလုပ်တဲ့ အသံမျိုးလေးအတိုင်းလိုက်လုပ်ပြီး ပြန်ပြောရင်း ကလေး အသံထွက်ချင်အောင် စကားပြောချင်အောင် အားပေးရပါမယ်။ ” ဟုတ်လား…” ” ဪ သမီးလေးက အဲလိုထင်လား” ” ဘာဖြစ်လဲ သမီး..” ” ဖေဖေ့နောက်ကို သမီးလိုက်သွားတာလား” စသဖြင့် မေးခွန်းလေးတွေလည်း မေးပေးရပါမယ်။ ဒီလို အချိန်တွေဟာ သိပ်ကို ကြည်နူးဖို့ကောင်းတဲ့ အမှတ်တရ အချိန်တွေပေါ့။

(၆) လက်ချောင်းပင့်ကူများ
**********************
ကလေးငယ်ရဲ့ visual tracking skill မျက်လုံးက လိုက်ကြည့်နိုင်စွမ်းကို လေ့ကျင့်ပေးဖို့ ဈေးကြီးတဲ့ ရွေးလျား ဘတ္တရီ ကစားစရာတွေ၊ သံပတ် ကစားစရာတွေ မလိုပါဘူး။ ရိုးရိုးလေးပဲ မေမေတို့ လက်ချောင်းတွေကို ပုံစံမျိုးစုံ ကလေးရှေ့မှာ လုပ်ပြလို့ရပါတယ်။ သူတို့ သဘောကျပြီး လိုက်ကြည့်ပါတယ်။ လက်ညှိုးလက်ခလယ်လေးနဲ့ ပင့်ကူသွားသလို လုပ်ပြီး ကလေးရဲ့ ဗိုက်ကလေးပေါ် ၊ လက်ကလေးပေါ် ရွေ့လျားပေးရင် သူတို့ စိတ်ဝင်စားပါတယ်။ လိုက်ကြည့်ပါတယ်။ ပါးစပ်ကလဲ အသံလေးတွေထည့်ပြီး မျက်နှာ အမူအယာ လေးနဲ့ ဆို ပို စိတ်ဝင်စားစရာကောင်းတာပေါ့။

ညင်ညင်သာသာလေး ကလိထိုးတမ်း ကစားတာလဲ ပျော်စရာကောင်းပါတယ်။ ကလေးရဲ့ အထိအတွေ့၊ အာရုံခံစနစ်တွေကို နှိုးဆွပေးတဲ့ အပြင် ပျော်စရာလည်းကောင်းတယ်လေ။ မေမေတို့ရဲ့ လက်ညှိုးလေးကို တွန့်လိမ်တွန့်လိမ် လုပ်ပြီး ကလေးရဲ့ မျက်နှာနားလေးကို နီးလာလိုက် ဝေးသွားလိုက်လုပ်ပေးပြီ ” ပုဇဉ်းလေးက ဇီး……….ဆိုပြီး မီးမီးဆီလာပြီ……ဇီး…………..” ဆိုပြီး ကစားပေးနိုင်ပါတယ်။ မိမိ နှစ်သက်တဲ့ အကောင်အသံ ပြောင်းပြောလို့ ရပါတယ်။ ကိုယ့်ကလေးနဲ့ အဆင်ပြေတာပေါ့။ ကလေးရဲ့ အာရုံစူးစိုက်မှုကိုလည်း ရပါတယ်။တခစ်ခစ်နဲ့ ရယ်လို့ ပျော်စရာလည်းကောင်းပါတယ်။ လက်နဲ့ ပုံသဏ္ဍာန် အမျိုးမျိုးလုပ်ပြီး အရိပ်ပြကွက်လုပ်ပြီး ကစားရင်လည်း ကလေးတို့ နှစ်သက်ပါတယ်။ ကစားရင်းနဲ့ ကလေးတို့ရဲ့ဉာဏ်ရည်တိုးအောင် ကူညီပေးနိုင်ပါတယ်။

၉-လ အရွယ်အထိ ကစားနည်း
************************
ဖေဖေ မေမေတို့ရဲ့ ၆-လကနေ ၉-လ အရွယ် ကလေးတို့ဟာ ပိုပြီးတော့ လူမှုဆက်ဆံရေးကို ပိုသိလာပါပြီ။ သူရဲ့ ပတ်ဝန်းကျင်က လူတွေကို မှတ်မိလာပြီး အပြင်လောကကို စူးစမ်းကြည့်ရတာ ပိုနှစ်သက်လာပါပြီ။ ကလေးက ပိုပြီး လှုပ်ရှားနိုင်လာပြီမို့ လှုပ်လှုပ်ရှားရှား ကစားနည်းတွေ ကစားလို့ရပါပြီ။

(၇) ပျော်ရွှင်စရာ ထိုင်ထ
********************
ကလေးကို ဆောင့်ကြောင့် ထိုင်နေရာကနေ လက်ကိုဆန့်မြှောက်ပြီး သူရဲ့ နာမည်ကို အော်စေပြီး ခုန်ထစေပါ။ ကလေးကို ကိုင်ထားပေးဖို့ လိုသေးရင် ကိုင်ထားပေးရပါမယ်။ သူ့လက်လေးကို ထိန်ထားပေးပေါ့။ ကလေး အကြီးလေးရှိရင် လည်း တူတူ ကစားလို့ရပါတယ် ။ ဘယ်သူခုန်နိုင်နိုင်၊ ဘယ်သူ အော်နိုင်နိုင် စသဖြင့် အားပေးပြီး game ကို အသက်သွင်းလို့ရပါတယ်။ ကလေးရဲ့ ခြေထောက်တွေ သန်မာစေပါတယ်။ ပျော်လည်းပျော်ရတယ်လေ။

(၈) တူ…တူ…ရေ….ဝါး
*******************
ကလေးတွေဟာ အသက် ၈-လ လောက်ကနေစပြီး အရာဝတ္ထု တွေဟာ မမြင်ရပေမယ့် ရှိနေတယ်ဆိုတာကို သိလာပါပြီလို့ Clinical psychologist Jean Piaget က ဆိုပါတယ်။ ဒီထက်ငယ်တုန်းကတော့ သူတို့ မြင်နေရမှ ရှိနေတယ် လို့ ထင်တာပါ။

ဒါကြောင့် ဖေဖေ မေမေတို့ မျက်နှာကို ကွယ်လိုက်ပြီး ကစားတဲ့ တူတူရေဝါး လေးတွေ ကစားပေးရင် ပျော်တတ်နေပါပြီ။ ပုံမှန် လက်ဝါးလေးနဲ့ ကာတဲ့ တူတူရေဝါး ( pee- ka- boo) အပြင် အခြားနည်းလမ်းလေးတွေနဲ့လည်း ပြောင်းကစားလို့ ရပါသေးတယ်။

ဟိုဘက်ဒီဘက် ထုတ်ချင်းပေါက် မြင်နိုင်လောက်အောင်ပါးတဲ့ ပဝါကို မေမေတို့ ခေါင်းမှာ အုပ်ထားလိုက်ပါ။ ပြီးတော့ ကလေးငယ်ကို ဆွဲ ဖို့ သင်ပေးပါ။ ပဝါအောက်က ထွက်လာတဲ့ မေမေတို့ရဲ့ မျက်နှာကို ကလေးငယ်ဟာ စိတ်လှုပ်ရှားထူးဆန်းစွာ ကြည့်မှာပါ။ ဘယ်နှခါလုပ်လုပ် သိပ်စိတ်ဝင်စားပြီး ပျော်တတ်ပါတယ်။ ဖေဖေ မေမေတို့လည်း ပျော်စရာ မျက်နှာပုံစံမျိုးစုံနဲ့ စိတ်ဝင်စားစရာ အသံတွေ လုပ်ပေးနိုင်ပါတယ်။
ပြီးတော့ ပဝါ၊ စောင်ပါး စတာတွေအောက်မှာ အရုပ်လေးတွေကို ကလေးငယ်မြင်သားအောင်ဖွက်လိုက်ပါ။ ပြီးတော့ ” ဟော …. ဘယ်ရောက်သွားလဲ မီးမီး ရုပ်ရုပ်လေး….ဘယ်မှာလဲဟေ့ ….ဒီမှာလား…” စသဖြင့်ပြောပြီး ကလေးငယ်ကို အရုပ်ရှာခိုင်းပါ။ ကလေးရဲ့ မျက်လုံးအကြည့်နဲ့ မှတ်မိနိုင်စွမ်းအားကိုလည်း အားပေးတဲ့ ကစားနည်းလေးပါပဲ။

(၉)Row, Row, Row your Boat ( လှေကလေးကို လှော်မယ်)
*************************************************
ကလေးငယ်ဟာ ကောင်းကောင်းထိုင်နိုင်နေပြီဆိုရင် မေမေက ခြေထောက်ဆင်းထားပြီး ကလေးကို မေမေနဲ့ မျက်နှာချင်းဆိုင်ထိုင်စေပါ။ ပြီးတော့ ကလေးလက်ကလေးကို ကိုင်ပြီး ” Row Row Row your boat ” ကို ဆိုပြီး ကလေးနဲ့ မေမေရဲ့ ကိုယ်ကို ရှေ့တိုးနောက်ငင် လှုပ်ယိမ်းပေးပါ။ အင်္ဂလိပ်လို nursery song မဟုတ်လည်း ” လှေကလေးကို လှော်မယ်…” ဆိုလို့ရပါတယ်။
ဒီလို ကစားပေးခြင်းဖြင့် ကလေးငယ်ရဲ့ နောက်ကြောက်ဘက် ကြွက်သားများကို သန်မာစေပြီး ကလေးကို ဟန်ဆောင်ကစားနည်း ကစားတတ်စေရန် အစပျိုးပေးရာလည်း ရောက်ပါတယ်။ ဖေဖေ မေမေတို့နဲ့ ကလေးငယ်ရဲ့ ရင်းနှီး ဆက်နွယ်မှုကိုလည်း တိုးစေပါတယ်။

၁၂-လ အရွယ်အထိ ကစားနည်း
*************************

(၁၀) လေးဘက်သွားမယ်…. တူတူပုန်းမယ်….
************************************
၉-လ ကျော်လာတဲ့ ကလေးငယ်ရဲ့ တူတူပုန်းတမ်းဟာ ကိုင်စရာလေးကိုင်ရပ်ပြီး မျက်နှာလေးပုန်းတာ၊ ထိုင်ပြီး ပဝါလေးနဲ့ ပုန်းတာမျိုးမဟုတ်တော့ပဲ ခြေရောလက်ရော လေးဘက်လုံးကို သုံးပြီး ကစားလာပါပြီ။
ကုတင်နောက် ၊ ထိုင်ခုံနောက်တွေမှာ မေမေက ပုန်းပါ။ ပြီးတော့ ကလေးငယ်ကို လာဖမ်းဖို့ လှမ်းအသံပေးပြီး စောင့်နေပါ။ ပြီးတော့ ကလေးငယ်အနားရောက်လာရင် ထွက်ပြီး surprise လုပ်ပေးပါ။ မေမေနဲ့ ကလေးငယ် တလှည့်စီ ပုန်းပါ။ အလှည့်ကျ ကစားတတ်အောင်လည်း စတင် မိတ်ဆက် သင်ပေးရာရောက်ပါတယ်။

(၁၁) ဘောလုံးလေးလှိမ့်မယ်။
************************
ဘောလုံးလေးတွေဟာ မွေးစ လသားအရွယ်လေးကနေ toddler အရွယ်အထိ ကစားလို့ ကောင်းတဲ့ကစားစရာလေးတွေပါ။ လသား အရွယ်တွေအတွက်တော့ အဝတ်နဲ့ လုပ်ထားတဲ့ ဘောလုံးလေးတွေ သင့်တော်ပါတယ်။

ကလေးငယ်လေးနဲ့ ကြမ်းပြင်မှာ တူတူထိုင်ပါ။ ပြီးတော့ ဘောလုံးကို ဘယ်လို အဝေးကိုရောက်သွားအောင် တွန်းပြီး လှိမ့်အောင် လုပ်ရတယ်ဆိုတာ ကို ပြသပါ။ ကလေးကို ချိုင်းမှ ချီကိုင်ပြီး ခြေထောက်လေးကို ဘောလုံးကန်သလို ဖြစ်အောင် လုပ်ပြပြီးလည်း ဘောလုံးကန်တတ်အောင် သင်ပေးလို့ ရနေပါပြီ။ ဒီကစားနည်းဟာ ပျော်ရွှင်စရာ ကောင်းတဲ့ အပြင် ကလေးနဲ့ quality time သုံးပြီး အကြိမ်ကြိမ် ဆော့ကစားနိုင်တဲ့ ကစားနည်း ဖြစ်ပါတယ်။

(၁၂)ခြေအိတ် ဘတ်စကတ်ဘော ပစ်မယ်။
**********************************
သန့်ရှင်းတဲ့ ခြေအိတ် တစ်စုံကို ဘောလုံးလေးလို ဖြစ်အောင် လိပ်လိုက်ပါ။ ပြီးတော့ ခြင်းတောင်းတစ်ခုထဲကို ပစ်ထည့်စေပါ။ ကလေးရဲ့ hand eye coordination လက်နဲ့ မျက်လုံး အချိုးညီ ပေါင်းစပ် လုပ်နိုင်တာကို လေ့ကျင့်ပေးရာ ရောက်ပါတယ်။ ကလေးငယ်ဟာ စပြီး လမ်းလျှောက်နေပြီဆိုရင် လေ့ကျင့်ပေးသလိုဖြစ်ပြီး ကောင်းပါတယ်။ လမ်း မလျှောက်သေးရင်လည်း မေမေတို့က ကလေးငယ်ကို မတ်တပ်ရပ် ကိုင်ထားပေးပြီး ပေးပစ်လို့ ရပါတယ်။

ဖေဖေ မေမေတို့ ကလေးငယ်တို့နဲ့ တူတူပျော်ရွှင်ဖို့ ဈေးကြီးတဲ့ ကစားစရာတွေ အများကြီး ဝယ်စရာ မလိုပါဘူး။ အရမ်းကြီး စဉ်းစားခေါင်းခြောက်နေစရာလည်း မလိုပါဘူး ။ ကလေးနဲ့ အတူ ကစားလေ ဖေဖေ မေမေတို့ရဲ့ စိတ်မှာ ကိုယ်တိုင်က ပျော်ရွှင်လာလေ ဖြစ်ပြီး idea တွေရလာ၊ ထွက်လာပြီး ကိုယ်ပိုင် ကိုယ့်နဲ့ သင့်တော်တဲ့ ကစားနည်းတွေ ဖန်တီးနိုင်မှာပါ။

အလုပ်သွားနေရလို့ (သို့) တနယ်တကျေးမှာ နေရလို့ ကလေးငယ်က ဖေဖေ မေမေတို့ကို မကပ်ပဲ စိမ်းနေသေးတဲ့အခြေအနေမျိုးတွေ ရှိခဲ့ရင်လည်း ဒီလို ကလေးငယ်နဲ့ အတူတူ ကစားပြီး အချိန်သုံးတာဟာ သူတို့လေးတွေရဲ့ အချစ်ကို ရဖို့နဲ့ ဖေဖေ မေမေတို့က သူတို့လေးတွေကို ချစ်ကြောင်းပြဖို့ အကောင်းဆုံးနည်း တစ်ခုပါလို့လည်း အကြံပေးချင်ပါတယ်။ ကလေးငယ်တွေဟာ သူတို့နဲ့ တူတူ ကစားပေးသူကို ပိုချစ်တတ်ပါတယ်။

အချိန်တွေဟာ အရမ်းမြန်ပြီး ကုန်နေတာကြောင့် ကလေးငယ်လေးတို့ အရွယ်ရောက်မသွားခင် ပျော်ရွှင်စရာလည်းကောင်းပြီး ကစားရင်း သင်ပေးချင်တဲ့အပိုင်း ၊ အားကောင်းစေချင်တဲ့ အပိုင်းလေးတွေကိုလည်း အာရုံထားသင်ကြားပေးနိုင်လို့ ဒီနေ့ပဲ စပြီးကစားလိုက်ကြရအောင်နော်။
Source : ?ယုငယ်( နီတိုးလေးမေမေ)

Ref; smartparenting.ph
Photo; Internet