ကလေးက သိပ်ငယ်သေးရင်ရော မိဘတွေ ပြသာနာဖြစ်တာကို နားလည်ပါ့မလား?
ဒီဝက်ဆိုဒ် တွေ က ရေးထားတဲ့ အချက်လက်တွေ အရ မိဘတွေ လမ်းခွဲကြတဲ့ အခါ ကလေးက ဘယ် အသက်အရွယ် ဖြစ်ဖြစ် သူတို့ အပေါ်မှာ ကြီးစွာသော သက်ရောက်မှု ဖြစ်စေပါသတဲ့။
မွေးစမှ ၆လ အထိ
******
ရင်ခွင်ပိုက် အရွယ်လေးမို့ မိဘတွေ ရဲ ချစ်ခြင်းမေတ္ထာတွေ အာရုံစူးစိုက်မှုတွေ အထူးလိုအပ်နေတဲ့ အရွယ်ပါ။ အထိတွေ့ တွေ ကို သူတို့ ခံစားနားလည်တယ်။ အဖေ အမေ ကို ခွဲပြီး သိနေပြီ။ အဖေ သိပ်ရင် ပိုအိပ်တဲ့ ကလေး၊ အမေ သီချင်းဆိုရင် ရီပြတဲ့ ကလေး စသဖြင့် အာရုံတွေ နဲ့ သိနေကြပါပြီ။ အသံတွေ၊ အမြင် အာရုံတွေနဲ့ လောကကြီးကို စူးစမ်းလေ့လာချိန်မို့ ကလေးရှေ့ မှာ ရန်မဖြစ်မိဖို့ လိုပါတယ်။ လမ်းခွဲကြရမယ်ဆိုရင်တောင် ဖြစ်နိုင် မိဘတစ်ဦးစီ က တလှည့်စီ အချိန်နဲ့ တာဝန်ယူထိန်းပေးပြီး ခလေးကို မေတ္ထာ ၂ မျိုး စလုံး ရအောင်လုပ်ပေးသင့်တယ်။
၁၈ လ မှ ၃ နှစ်အထိ
******
ဒီအရွယ်က သူတို့ လိုချင်တာကို ရယူဖို့ ဖြစ်နိုင်သမျှနည်းတွေနဲ့ မိဘကို သွေးတိုးစမ်းနေတဲ့ အရွယ်ပါ။ မိမိကိုယ်ကို ယုံကြည်ချက် အပြည့်နဲ့ ကြီးပြင်းဖို့ ပြုစုပျိုးထောင်ရမယ့်အရွယ်ပါ။ သူတို့ တွေ ဟာ စွန့် ပစ်ခံရမှာ၊ မိဘရဲ့  အပစ်တင်ခြင်းခံရမှာ၊ ဂရုမစိုက်ခံရမှာကို ကြောက်တတ်ကြတယ်။
ကလေး ဒီအရွယ်မှာ ကွာရှင်းကြမယ်ဆိုရင် ..လုပ်သင့်တာတွေက .. အတူ မနေတော့ပေမယ့် လဲ ကလေးရဲ့  အပြုမူတွေ ပြောင်းလဲမှုတွေ နဲ့ ပတ်သက်ပြီး ဆက်လက် တိုင်ပင်ဆွေးနွေးကြမယ်။ အတူမနေတော့တဲ့ မိဘရဲ့  ဓာတ်ပုံ ကို မြင်သာတဲ့ နေရာမှာထားပေးရမယ်။ ဒီ လမ်းခွဲမှုနဲ့ ပတ်သက်ပြီး ကလေးက သူ့ ရဲ့ ခံစားမှုတွေ ကို လွတ်လပ်စွာပြောဆိုတာကို နားထောင်ပေးနိုင်ရမယ်။
ကလေးရှေ့ မှာ ၇န်မဖြစ်ရဘူး။ မငြင်းခုန်သင့်ဘူး။
ကလေးက သက်မဲ့ ပစ္စည်းတွေ (စောင်အစုပ်လေး၊ အရုပ်ဟောင်းလေး စသဖြင့် ပေါ်မှာ အလွန်မင်းတွယ်တာမှု ပြတာမျိုး) ကို မပိတ်ပင်ပဲ နားလည်ပေးရမယ်။ တချို့ က အိပ်ချိန်တွေ ပြောင်းသွားတာမျိုး၊ သင်ကြားမှုတွေ (ကိုယ့်ဘာသာ ဆီး ၀မ်းသွားတတ်အောင် သင်ပေးတာမျိုး စသဖြင့်) မှာ အတတ်နှေးသွားတာမျိုး။ ဒါတွေဟာ ပုံမှန် သက်ရောက်မှုတွေပါ။ ကလေးကို မဆူပူပဲ၊ သင်ကြားမှုနှေးနေရင် နားလည်ပေးပါ။ အချိန်ပေးပါ။
၃နှစ် မှ ၅ နှစ် အရွယ်
******
ဒီအရွယ်လေးတွေ ဟာ မိမိ ဘာသာ ရှာဖွေစူးစမ်းတဲ့ အရွယ်ပါ။ စိတ်ကူးယဉ် ကစားနည်းတွေနဲ့  သူတို့  နှစ်သက်တာလေးတွေ၊ အနာဂတ်အတွက် ဖြစ်ချင်တဲ့ အိပ်မက်တွေ စတင် ပုံဖော်နေတဲ့ အရွယ်ပါ။ သူတို့  ချစ်ခင်သူတွေ အထူးသဖြင့်မိဘတွေ မုန်းမှာ အပြစ်တင်မှာ ကြောက်ကြတယ်။
မိဘတွေ ရဲ့ ကွာရှင်းမှု ကို သူ့ ဘာသာ စိတ်ကူးယဉ် အတွေးတွေနဲ့ ပြန်သင့်မြတ်ဖို့ ပြောဆိုတာမျိုး လုပ်တတ်တယ်။ (ဥပမာ .. “ဖေဖေနဲ့ မေမေ က ပြန်ပေါင်းတော့မှာ လို့ ပြောတယ်” ဆိုပြီး သူများတွေကို ပြောတတ်ကြ၊ မိဘတွေ ကြားမှာ ပြောတာမျိုး လုပ်တတ်တယ်)
ဒါကြောင့် ကလေးက သူ့  အတွေးတွေ ကို ပြောဆိုတဲ့ အခါ “မဟုတ်တမ်းတွေ ပြောရမလား၊ ညာရမလား” ဆိုပြီး အပြစ်မတင်ပါနဲ့ ။
ကိုယ့်ကြောင့် မိဘ တွေ အဲလို ပြသာနာတက်ကြရတယ်လို့ တွေး ပြီး သူတို့ မှာ အမြဲ အပြစ်ရှိသလို ခံယူသွား တတ်တယ်။ တချို့  ဆိုရင် စကားပြောနောက်ကျသွားတာမျိုး၊ လူတွေ အများကြီးနဲ့ မနေတတ်တော့ပဲ သီးခြား ကစားလို တာမျိုးတွေ ဖြစ်လာတတ်တယ်။
ကလေး ပိုတွယ်တာတဲ့ မိဘနဲ့ တပတ်ကို ၃ရက် သို့ မဟုတ် ၄ ရက်အတူပေးနေဖို့  စီစဉ်သင့်တယ်။ ဒါဟာ ကလေးရဲ့ စိတ်လှုပ်ရှား ခံစားမှုကို ဖြေဖျောက်နေတဲ့နည်းဖြစ်တာ နားလည်ပေးရမယ်။
ကလေးဟာ အတူနေရတဲ့ မိဘ ကပါ သူ့ ကို ထားပြီး ထွက်သွားလိမ့်မယ် ဆိုတဲ့ အတွေးတွေ ၀င်ပြီး အတူနေမိဘ ကို ကျေနပ်အောင် ပိုချစ်အောင် (သူ့ စိတ်မပါပဲလဲ) အပြုမူတွေ လုပ်ပြပြီး နေတတ်ကြရှာတယ်။ ဒါကြောင့် “ဘာမလုပ်ရင် မေမေမချစ်တော့ဘူးနော်” ဆိုပြီး စ နောက် သလိုတောင် မပြောမိပါစေနဲ့ ။
၆နှစ် မှ ၈ နှစ်
******
သက်တူရွယ်တူ အခြား ကလေးတွေနဲ့ ပို ပေါင်းဖော်ချင်လာပြီး၊ သူများတွေနဲ့ ယှဉ်ပြိုင်တတ်လာပြီ။ လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေး၊ ပညာရေး၊ စသဖြင့် စိန်ခေါ်မှုအသစ်တွေ ကို သူတို့ ရင်ဆိုင်ကြရတဲ့ အချိန်ပါ။
အတူမနေရတဲ့ မိဘ ကို ပိုပြီး တမ်းတမိတာမျိုး၊ ကိုယ့် စိတ်လိုအပ်ချက်ကို မသိကျိုးကျွံပြုပြီး၊ ဟန်လုပ်ဖုံးကွယ်ရင်း စိတ်မပျော်ဖြစ်နေတဲ့ မိဘ ကို ပိုပြီး နားလည်ပေးတတ်တာမျိုး လုပ်တတ်ကြတယ်။
ဒီအရွယ်မှာကွာရှင်းကြရင် ကလေးက နက်နက်ရှိုင်းရှိုင်း ၀မ်းနည်းကြေကွဲကြရသတဲ့။ ပညာရေး၊ ပေါင်းသင်းဆက်ဆံရေး တွေမှာ နဂိုရှိပြီးသား ထက် ဆုတ်ယုတ်နှောင့်နှေးသွားတာတွေ၊ ပိုပြီး ဒေါသကြီးတတ်၊ ၀မ်းနည်းတတ်တာတွေ၊ မကြာခန ခေါင်းကိုက်တာ၊ ဗိုက်နာတာ တွေ နဲ့ နောက်ဆုံး ရွယ်တူလေးတွေနဲ့  မကြာခနဖြစ်တတ်တယ်။
လုံခြုံမှု သိပ်မရှိပဲ ကြီးပြင်းသလို ခံစားရတတ်တယ်။
ဒါကြောင့် မိဘတွေ အနေနဲ့ ဒီလက္ခဏာတွေ ကို သိထားသင့်ပါတယ်။ ကလေး ရဲ့ ဝမ်းနည်းမှုတွေ ကို ပြောပြခိုင်းတာမျိုး၊ စိတ်ရှည် လက်ရှည် နားထောင်ပေးတာမျိုး၊ လာမတွေ့ နိုင်ရင်တော့ ဖုန်းမှန်မှန် ဆက်ပေးတာမျိုး စသဖြင့် ချစ်ခြင်းတွေ ပြသင့်တယ်။ မိဘတွေ အဆင်မပြေ ကြ ပေမယ့် ကလေး အပေါ် ချစ်ခြင်း မလျော့ ဘူးဆိုတာ ပြသင့်ပါတယ်။
၉နှစ် မှ ၁၂ နှစ်
******
သူတို့ ပတ်ဝန်းကျင်လေးက အိမ်၊ကျောင်း၊သူငယ်ချင်းတွေ၊ အိမ်နီးချင်းတွေနဲ့ နေသားကျစပြုလာတဲ့ အချိန်မှာ မိဘတွေ ကွာရှင်းကြတဲ့ အခါ ရှက်တတ်ပြီ။ မကွာရှင်းအောင် မတားနိုင်တဲ့ အတွက် သူတို့ ကို သူတို့ လဲ စွမ်းအားမဲ့သူ၊ အဖြစ်မရှိသူလို ခံစားမိကြတယ်။
ခေါင်းကိုက်၊ဗိုက်နာ၊ မောပန်းလွယ် ပြီး အာရုံမစူးစိုက်နိုင်ဖြစ်ကြမယ်။ မကျေနပ်မှု အစိုင်အခဲတွေ ကို မြိုသိပ်ထားရလို့ ဆတ်ဆတ်ထိမခံဖြစ်နေမယ်။ ကျောင်းမှာ စွမ်းဆောင်နိုင်မှုတွေ ကျဆင်းမယ်။ ရွယ်တူတွေနဲ့  ဆက်ဆံရေးထိခိုက်တယ်။ တချို့ ကလဲ ခံစားမှုတွေ ကို ဖုံးကွယ်ပြီး အရင်ကထက် ပိုပြီး တက်ကြွစွာ၊ ပိုပြီး ပျော်ရွှင်စွာ နေထိုင်ပြုမူပြတတ်တယ်။ မိဘတွေအနေနဲ့ ဒီလို မျက်နှာဖုံးစွပ်ပြီး ဟန်ဆောင်နေတဲ့ ကလေးရဲ့  အနာကို မြင်အောင် ကြည့်တတ်ဖို့ လိုပါတယ်။
ကလေးကို စိတ်ရှည်စွာ နားထောင်ပေးပါ။ သူ့ ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ ဒေါသတွေ ကို ပြောပြတဲ့ အခါ ဟန့်  တားခြင်း မပြုနဲ့ ။ ကိုယ့် အိမ်ထောင်ဘက်က မကောင်းလို့ ကိုယ်က ဒီလို ဆုံးဖြတ်လိုက်ရသလို မပြောမိစေနဲ့ ။ အဖေ ကို ထိလဲ နာ အမေကိုထိလဲ နာတတ်တဲ့ အရွယ်မို့ အနာတရမဖြစ်ပါစေနဲ့ ။ ကလေးကနေ တဆင့် ကိုယ်ပြောချင်တဲ့ စကားတွေကို ပြောခိုင်းတာမျိုး ရှောင်ကျဉ်ပါ။
၁၃-၁၈ နှစ်
******
မကြာခင် လူကြီးဖြစ်တော့မယ့် အချိန်ကို ရောက်လာပြီ ဆိုပေမယ့် တချို့ ဆယ်ကျော်သက်တွေ က ထိရှလွယ်တဲ့ အနေထားမှာ ရှိနေဆဲပါ။
သူတို့ ရဲ့ အနာဂတ် လမ်းကြောင်း အတွက် အားအင် အပြည့်နဲ့ ပုံဖော်ရမယ့် အချိန် မိဘတွေ ကြားမှာ အပြောင်းလဲ ဖြစ်သွားတဲ့ အခါ မိသားစုအပေါ် တာဝန်ယူလိုစိတ်ပိုများလာတယ်၊ တချိန်တည်းမှာပဲ သူတို့ မှာလဲ ပျော်ရွှင်ချမ်းမြေ့ တဲ့ အိမ်ထောင်ရေး တစ်ခု ဖော်ဆောင်ဖို့ မဖြစ်နိုင်လောက်ဘူး ဆိုတဲ့ စိတ်မျိုးဝင်ပြီး သမီး ရီးစားရှိနေရင် အဲဒီ ဆက်ဆံရေးကို ထိခိုက်စေတယ်။ တချို့ ကလဲ စိတ်ကျရောဂါဝင်သွားတတ်တယ်။
အကြံပေးခြင်း၊ ဟန့် တားခြင်း မပြုပဲ သားသမီး က ရင်ဖွင့်နေချိန်မှာ စိတ်ပါလက်ပါ နားထောင်ပေးပါ။ ကလေး ကို လူကြီးလို နားလည်လောက်ပြီ အထင်နဲ့ ကိုယ့်ဆုံးဖြတ်မှုကို ၁၀၀%နားလည်ပေးဖို့ မမျှော်လင့်ပါနဲ့ တဲ့။
အသက် ၁၈ နှစ် နောက်ပိုင်း အထိလဲ စိတ်အနာရွတ်က ပါနေဆဲ၊ တချို့ ကလဲ ပိုကြီးလာတာ ကို တွေ့ ရသတဲ့။
**************************************************************************************
ဖေဖေ မေမေတို့ ရေ .. ကျွန်မတော့ ကလေးတွေ ဖြေထားတာတွေ၊ သနားစရာ ထိရှမှုတွေ နဲ့ သူတို့ ပေါ် သက်ရောက်တဲ့ ဆိုးကျိုးတွေ ကို ဖတ်ရင်း ဖတ်ရင်း အဲဒီဆောင်းပါးတွေ ကို တခါတည်း အဆုံးထိ မဖတ်နိုင်လို့  ရက်ခွဲ ပြီး ဖတ်ရပါတယ်။ လမ်းခွဲဖို့ ကိုယ်တိုင် ရင်ဆိုင် နေရတဲ့ စုံတွဲတွေ ဆိုရင်လဲ ဒီထက်မက ဆိုးမှာပဲ။ ဘယ်မိဘ က ကိုယ့်သားသမီး ကို နာကျင်နေတာ မြင်ချင်မလဲနော်။
ဒါဖြင့် ဒီလောက်ဆိုးကျိုးတွေ များစေလို့ မိဘတွေ အိမ်ထောင် မကွဲနဲ့ လို့ ပြောနေတာလား လို့ မေးရင် မဟုတ်ဘူးလို့ ဖြေပါရစေ။ တချို့  အိမ်ထောင်ရေးမှာလဲ ကလေး ကောင်းကျိုး အတွက် ကွဲလိုက် ရတာတွေ ရှိပါတယ်။
ဥပမာ မိဘတွေက လမ်းမခွဲကြပေမယ့်လဲ ..ကလေးရှေ့ မှာ အမြဲ တကျက်ကျက် ရန်ဖြစ်ကြ၊ ငြင်းခုန်ကြတာမျိုး၊ အဖေ က တမျိုး၊ အမေ က တမျိုး နဲ့ အုပ်ချုပ်ရေးပိုင်းမှာ လဲ အသွင်မတူ တဲ့ အခါ ကလေးတွေ က ပိုစိတ်ရှုပ်ရတာမျိုး၊ ရန်ဖြစ်ရင် ကလေးရှေ့ မှာ ရိုက်နှက် တတ်ကြတာမျိုး၊ မကျေနပ်မှု ကို ကလေး အပေါ်မှာ ပုံချကြပြီး ကလေးကို နာအောင် ပြောဆိုတာမျိုး ကလဲ ရေရှည်မှာ ကလေး ကို ထိခိုက်မှု ပို များစေပြန်တယ်။
ဒါကြောင့် ..လမ်းခွဲမှ ပိုကောင်းမယ်လို့ ခံယူတဲ့ မိဘတွေ အနေနဲ့ ကလေး ဒဏ်ရာ နည်းစေမယ့်နည်းလမ်း ကို ရွေးချယ်သင့်ပါတယ်။ ပတ်ဝန်းကျင်က လူတွေကလဲ ဒီဆောင်းပါးလေး ဖတ်ပြီး ကလေးတွေရဲ့  စိတ်အနာကို နားလည် စာနာတတ်နိုင်ကြပါစေနော်။
အကြောင်းရင်း ကြီးကြီးမားမားလဲ မရှိ၊ အသေးမွှားပြသာနာ ကို အလျော့ ပေးဖို့  အတ္တ မာနတွေ ခံနေပြီး၊ လမ်းဆုံမှာ ကျောချင်းကပ် ရပ်နေကြတဲ့ ဖေဖေ မေမေ တွေ နောက်မကျခင် ဒီဆောင်းပါးလေးဖတ်မိပြီး ကလေး တစ်ယောက်ရဲ့ ကျလုဆဲဆဲ မျက်ရည်ကို သုတ်ပေးနိုင်ခွင့်ရရင် တော့ ပိုကောင်းတာပေါ့ရှင်။
Source : မစုဥာဏ် (N&N Myanmar Online shop)
ကျမ်းကိုး
http://www.children-and-divorce.com/children-divorce-statis…
http://thedivorcehelpclinic.com
http://www.focusonthefamily.com/…/how-could-divorce-affect-