ကလေးက အော်ဟစ်ငိုတဲ့ အခါ ဘယ်လို တုန့် ပြန်သင့်သလဲ

ဖေဖေမေမေတို့ ရေ ……

တစ်တောင်လောက်ပဲ ရှိတဲ့ လူပိစိလေးက အိမ်ခေါင်မိုး ပွင့်ထွက် မတတ် အော်ဟစ် ဂျီကျတာမျိ: ကြုံဖူးပြီလား ???

မျက်ရည် တွေ ပေါက်ကြီး ပေါက်ငယ်ကျပြီး အာခေါင်ခြစ် အော်ငို နေရင်း၊ တီဗီမှာ သူကြိုက်တဲ့ သီချင်းလေး လာလို့  ရုတ်တရက် ငိုတာကိုရပ်၊ သီချင်း လိုက်ဆိုတယ်။ ဆိုနေရင်းနဲ့ ငိုနေတာကို ပြန်သတိရပြီး မှ ဒုတိယပိုင်း ဆက်ငိုတာမျိုး ရော ???

မျက်ရည်မထွက်တဲ့ မျက်လုံးကို မျက်ရည်သုတ်သလို လက်လေးနဲ့ ပွတ် ပွတ် ပြီး ၀မ်းနည်းသံလေးနဲ့ ငိုသလို နှိပ်စက်နေတာမျိုး။

ကိုယ်ချစ်တဲ့ ကလေးက အော်ဟစ်နေလို့ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ပျာယာခပ်နေရတဲ့ အထဲ၊ နံဘေးက လူတွေ့က ဘုကြည့်တာမျိုး၊ မျက်စောင်းထိုးတာမျိုး လာလုပ်လို့ အားနာစိတ်ဆိုးရတာမျိုး ရော ???

အဲဒါတွေ က အခု ကျွန်မ ကြုံနေရတဲ့ စိန်ခေါ်မှုတွေ ပေါ့။

မိဘပညာပေး ဆောင်းပါးတွေမှာတော့ ကလေးတွေ ဟာ အသက် ၁၈လ ကနေ ၂၄ လ အတွင်း အာခေါင်ခြစ် အော်ဟစ်ငိုတတ်နှုန်းက အများဆုံးတဲ့။

အသက် ၃နှစ်ကျော်လောက်ဆိုရင် .. ကလေး အများစုက ဘယ်အမူအကျင့် ကဖြင့် ကောင်းတယ်၊ ဘယ်ဟာကဖြင့် မလုပ်သင့်ဘူး ဆိုတာကို တဖြည်းဖြည်း နားလည်လာပြီး သူတို့ ကိုယ် သူတို့  စထိန်းနိုင်လာမယ်လို့ .. စာတွေ ကတော့ ပြောနေကြတာပဲ။ ကျွန်မတော့ နောက်တစ်နှစ်ကျော် အချိန်ကို ဘယ်လို ဖြတ်ရမှန်း တောင် မသိဘူး။

ကျွန်မရဲ့  ချစ်မ၀လေးက သူစိတ်ပါရင် တီတီတာတာနဲ့ ချစ်စရာ ကောင်းအောင် ပြောတတ်သလောက်၊ တခါတခါ ဘာမဟုတ်တာလေးနဲ့ အော်ဟစ် ငိုယိုပြီး ဂျီကျနေတတ်လို့  ဆော်ပလော်တီးချင်စိတ်ကို မနည်းထိန်း နေရတယ်ရှင့်။ (ကလေးတွေကို ရိုက်နှက်ခြင်း၊ အော်ဟစ် ဆုံးမခြင်းရဲ့ ဆိုးကျိုးတွေ အကြောင်း ကိုယ်တိုင်လဲ စာတွေ ရေးထားတာက တကြောင်း၊ တီးရင်လဲ ရဲက ဖမ်းမယ့် နိုင်ငံမှာ နေနေတာလဲ တကြောင်းမို့ လို့ ဒင်းကလေး သက်သာနေတာပေါ့ ရှင်…း) )

တခါ တခါ သမီး မှာ behavior issues (အမူအကျင့်ပိုင်းဆိုင်ရာ ရောဂါတစ်ခုခု) များရှိလို့ များလားလို့  တွေးမိတဲ့ အထိ ဒင်းလေးက ဂျီတတ်တာ။

ကျွန်မ အတွက်လဲ ဖတ်ရင်း၊ မကြုံရသေးတဲ့ မိဘတွေ အတွက် ပြင်ဆင်ပြီးသား ဖြစ်သွားအောင် နည်းလမ်းလေးတွေ ရေးလိုက်တယ်။ ဒီအဆင့် ကို အောင်မြင်စွာ ဖြတ်ကျော်ပြီးသွားတဲ့ မိဘများ ကလဲ ကိုယ့်တုန်း က သုံးခဲ့တဲ့ နည်းလေးတွေ ပြန်မျှကြပါဦးနော်။

*********************************************************************************************
၁၈ လ အရွယ် ကလေးအများစု ဟာ စကားလုံး ၅၀ လောက်ကို သာ ပြောဆိုနိုင်ကြတယ် လို့ speech-language pathologist Elaine Weitzman က ဆိုတယ်။ ဒါကြောင့် ကလေးတွေဟာ သူတို့ ပြောချင်တာကို ၀ါကျအပြည့်နဲ့ မပြောပြတတ်သေးတဲ့ အရွယ်မှာ ငိုယိုခြင်း ကို လက်နက်တစ်ခု အဖြစ်နဲ့ အသုံးပြုကြတာပါ။

ဘယ်လောက် ကျယ်ကျယ်အော်နိုင်မယ်၊ လူကြီးတွေဆီက ဘယ်လို တုန့် ပြန်မှုတွေ ကို ရနိုင်သလဲ စသဖြင့် အော်သံရဲ့ အစွမ်းထက်မှု၊ တန်ခိုးပါဝါကြီးမှု ကို သူတို့  လေ့လာရှာဖွေနေတဲ့ အချိန်လဲဖြစ်တယ်။

ကျွန်မတို့ စိတ်ဆင်းရဲရတဲ့ “တ၀ါးဝါး” အော်ငိုသံက သူတို့ အတွက် တော့ “ မီးမီး ကို ဂရုစိုက်ကြပါဦး” ဒါမှမဟုတ် “သားသား လိုချင်နေတာကို အခု ချက်ခြင်း ပေးပါ” .. လို့ ပြောနေတာပါ။ တခါတလေ လဲ အရမ်းပျော်ပြီး စိတ်လှုပ်ရှားလို့ သူတို့ အော်ကြတယ်။

ပျော်လို့ အော်သံ၊ ဒေါသကြောင့် အော်ဟစ်သံ၊ ဂရုစိုက်မှု တောင်းသံ စသဖြင့် ဘယ်လိုကြောင့် ပဲ အော်အော် ဒီလို အော်ဟစ်ခြင်း၊ ဂျီတိုက်ခြင်း က ကလေးတွေရဲ့ ပုံမှန် ကြီးထွားဖွံ့ ဖြိုးမှု ဖြစ်စဉ်တွေမို့ သိပ်စိတ်မပူပါနဲ့ ။ အချိန်တန်ရင် ပျောက်သွားတတ်ပါတယ်တဲ့။

အဲဒီလို ကလေးတွေ အော်ဟစ်ကြတဲ့ အခါ မိဘတွေ အများစုက ဘယ်လို တုန့် ပြန်ကြသလဲ။

(က) လိုချင်တာ ချက်ခြင်း ပေးလိုက်မယ်။

“မျက်ရည်တော့ မကျနဲ့ အချစ်ရေ, မျက်ရည်နဲ့ မနှိပ်စက်နဲ့ လေ…” ဆိုတဲ့သီချင်းစာသားလေးလို .. သူတို့ အော်ဟစ်ငို လိုက်လို့  လူကြီးတွေက ပျာပျာသလဲ ဖြစ်ပြီး လိုချင်တာကို ပေးလိုက်တဲ့ အခါ “ အင်း ဒါတော့ အလုပ်ဖြစ် သဟ၊ လိုချင်ရင် အော်ဟစ်မှ သူတို့ က မြန်မြန်လုပ်ပေး သဟ” လို့ သူတို့ လေးတွေ နားလည် လက်ခံလိုက်ပြီး နောက်ပိုင်းမှာ လိုချင်တာတွေ ရှိတိုင်း အော်ဟစ်ခြင်းနည်းကို ပဲ ဆက်သုံးကြတယ်။

လောကကြီးမှာ လိုချင်တာ အမြဲ မရတတ်တာ ဓမ္မတာမို့ ၊ အဲဒီ သဘောတရားကို သင်ပေးချင်ရင်တော့ ဒီနည်းကို သုံးလို့ မဖြစ်ဘူးနော်။

ကလေးကို တကယ်ချစ်ရင် ငယ်စဉ် ကတည်းက စိတ်ကို ထိန်းချုပ်တတ်ဖို့ ဖြည်းဖြည်းချင်း ကျင့်ပေးသင့်သတဲ့။ ဥပမာ မုန့် စားချင်လို့ သူက တဗြဲဗြဲ အော်ငို ပြတဲ့ အခါ ပျာပျာသလဲ နဲ့ ချက်ခြင်း မယူပေးပဲ၊ သမီး မုန့်  စား ချင်တာလား။ ဘယ်မုန့် လဲ၊ ဒီဘီစကစ်လား၊ ဒါမှမဟုတ် ဒီဂျယ်ရီလား။ မအော်ပဲနဲ့ မေ့မေ့ကို လက်ညှိုးထိုးပြပါ။ (ဒါမှမဟုတ်) ဟုတ်ပြီ မေမေပေးမယ်၊ ခနစောင့်ပါ။ ဒီဟာကို ပြီးအောင် လုပ်ပြီးရင် ပေးမယ် .. ဆိုပြီး ခနလေးစောင့်တတ်ဖို့ သင်ပေးသင့်ပါတယ်။

ဒီအရွယ်လေးတွေ က မိဘ မျက်နှာရိပ်ကို ကြည့်တတ်ပြီမို့ ၊ သူအော်ရင် မျက်နှာကို စိတ်ပျက်လက်ပျက် ရှုံ့ တာမျိုး၊ ဒေါသတွေ ထွက်လာတဲ့ အရိပ်အရောင်တွေ ပြတာမျိုး လုံးဝ မလုပ်ပဲ၊ တည်တည်ငြိမ်ငြိမ်နဲ့  မျက်လုံးချင်းဆုံအောင် ကြည့်ပြီး အသံကို မမြှင့်ပဲ အေးအေးဆေးဆေးပြောပါ။ (ကျွန်မ ခက်ခက်ခဲခဲ ကြိုးစားနေဆဲ နည်းပေါ့ရှင်)

(ခ) ပြန်အော်မယ်။

မိဘဆိုတာမျိုးက ကိုယ့်ရင်သွေး နေမကောင်းရင်တောင် ကိုယ်ပဲ ၀င်ခံပေးချင်ကြသူတွေပါ။ သူတို့ လေးတွေ ဘာကြောင့် မှန်းမသိ၊ အော်ဟစ်ငိုယိုနေတဲ့ အခါ စိတ်ပူတာရော၊ စိတ်ညစ် လာတာရော စုံပြီး တချို့ က လည်း ဒေါသတကြီးနဲ့ ကလေးကို ပြန်အော်မိတတ်ကြတယ်။

လူကြီးတွေ က ပြန်အော်တဲ့ အခါ ကြောက်လို့ သူတို့ ခနတိတ်ရင် တိတ်သွားလိမ့်မယ်။ ဒါပေမယ့် သူတို့  ဘာသာပြန်လိုက်တာက “ငါ့ အသံထက် ကျယ်အောင် ပိုအော်နိုင်တဲ့ သူက နိုင်တယ်၊ နောက်ခါ ငါဒီထက် ကျယ်ကျယ် ပို အော်နိုင်မှ” တဲ့ … ဆိုတော့ ဒီနည်းကလဲ သုံးလို့  မကောင်းပြန်ဘူးနော်။

ဒင်းတို့ လေးတွေ က အတုမြင်၊ အတတ်သင် တဲ့ နေရာမှာ ကျွမ်းကျင်သူတွေ မို့ ၊ မိဘက အော်ဟစ်ပြတာမျိုး၊ ဒေါသကြီးပြတာမျိုး တွေ သူတို့ ရှေ့ မှာ မလုပ်မိဖို့ ဆင်ခြင်ရပါမယ်။

ကဲ..ဒါဖြင့် ကလေး က အာခေါင်ခြစ် အော်ငိုနေရင် ဘာတွေ လုပ်သင့်သလဲ။

(၁) အရင်ဆုံး မိမိကိုယ်ကို မိမိ တည်ငြိမ်အောင် ထိန်းရမယ်။ ဒေါသထွက်၊ စိတ်ပူပြီး ပျာပျာသလဲ မလုပ်မိဖို့ ၊ ဘေးကလူတွေ ပြောဆို ဝေဖန်မှာတို့  ကို မေ့ထားလိုက်ပြီး .. တည်တည်ငြိမ်ငြိမ် ဖြစ်အောင် အရင်ထိန်းပါ။

(၂) ငိုရတဲ့ အကြောင်းရင်း ကိုသိအောင် ကြိုးစားမယ်။

– တီဗီသံ က ကျယ်နေလို့ လား။
– ပတ်ဝန်းကျင် အသစ် (ဒါမှမဟုတ်) ဆူညံလွန်းတဲ့ ပတ်ဝန်းကျင် က အသံတွေ ကြောင့် အနေရခက်နေတာများလား။
– ဆီးခံ နဲ့ အ၀တ်စားတွေ က ကျပ်လွန်းနေလို့ လား။
– ငြီးငွေ့ နေလို့ လား။
– ဗိုက်ဆာတာ၊ အိပ်ချင်တာ
– ကိုယ်ပူနေတာ၊ နေမကောင်းတာ … စသဖြင့် အကြောင်းရင်းတွေ ကြောင့် လား။
အဲဒါတွေ ကြောင့်ဆိုရင် တော့ ဖြစ်စေတဲ့ အကြောင်းရင်း ကို ဖယ်ရှားလိုက်ရုံပါပဲ။

(၃) အသံတိုးကျယ် ထိန်းနည်း ကျင့်ကြမယ်။

အထက်က ပြောခဲ့တဲ့ အချက်တွေ ကြောင့် မဟုတ်ပဲ အော်ဟစ် တတ်နေရင်တော့ အသံတိုးကျယ် ကစားနည်း ကို သင်ပေးသင့်ပါတယ်။

အိမ်မှာ ကလေး စိတ်ကောင်း ၀င်နေချိန်မှာ အသံ အနိမ့် အမြင့် ကို ထိန်းတတ်ဖို့ ကစားရင်း ကျင့်ပေးတဲ့ နည်းတွေပါ။ ကလေး တယောက်နဲ့ တယောက် အကြိုက်မတူလို့ ကိုယ့်ကလေးနဲ့ သင့်တော်တဲ့  နည်းကို ရွေးဖို့ တော့ လိုပါတယ်။

စက်ရုပ်ကို အရူးအမူးကြိုက်တဲ့ ကလေးတွေ အတွက် ဆိုရင် အဖေ အမေက ကွန်ထရိုးလို တစ်ခုခု ကို လက်မှာ ကိုင်ပြီး စက်ရုပ်အသံနဲ့ …. “တော်..တီ..တော်.. အသံ အတိုး အကျယ် ကစားဖို့ ရယ်ဒီလား။ လာပြီ နော် .. အသံ အမြင့် နံပါတ် ၉ ကို နှိပ်ပြီ” ဆိုပြီး ကလေး ကို အကျယ်ကြီး အော်ခိုင်း။ ပြီးတော့မှ “ကဲ .. ဒီတခါတော့ အသံနံပါတ် ၁ ကိုနှိပ်ပြီ” ဆိုပြီး တိုးတိုးလေး နားနားကပ်ပြောသလို အသံမျိုး လုပ်ခိုင်းပါ။

အကောင်လေးတွေ ကြိုက်တဲ့ ကလေး တွေ အတွက် .. “သမီး အသံက ကျားကြီးလို ကျယ်နေတယ်။ ကြောင် လေး အသံ ပြောင်းပေးပါဦး” စသဖြင့် သူတို့ သိတဲ့ အကောင်လေးတွေ ကို နမူနာထားပြီး သင်ပါ။

လော်စပီကာလို ဟာမျိုး တခုခု ကို ကိုင်ပြီး ဘယ်သူ ကျယ်ကျယ် အော်နိုင်မလဲ ဆိုပြီး ပြိုင်အော်ကြမယ်။ ပြီးတော့မှ “ရှူး..တိုးတိုး..ဘယ်သူက အနိမ့်ဆုံး အသံနဲ့ ပြောနိုင်မလဲ” .. ဆိုပြီး နှုတ်ခမ်း လှုပ်ရုံပဲ ပြောတာမျိုး ကို ကစားနည်း တစ်ခုလို လုပ်ပြီး ကျင့်ပေးလို့ လဲရပါတယ်။

ကလေး အများစုက စကားလုံးထက် အမူအရာ ကို ပိုမှတ်မိလွယ် တတ်ကြလို့ .. ကလေးက ဂျီကျပြီး စ အော်ဟစ်ပြီ ဆိုတာနဲ့ လူကြီးက လက်၂ ဖက်ကို နားမှာ အုပ် လိုက်ပြီး ခုန်ဆွ၊ ခုန်ဆွ လုပ်ပြ၊ “သိပ်ကျယ်တာပဲ မေမေ့ နားတွေ မခံနိုင်တော့ဘူး၊ ကျေးဇူးပြုပြီး လျော့ ပါ” ဆိုပြီး အပေါ်က ကစားခဲ့တဲ့ နည်းထဲက တစ်ခု ကို သုံးပြီး သူ့ အသံကို ပြန်လျော့ ချခိုင်းပါ။

အဓိက ကတော့ ကလေး ဟာ သူ့ အသံကို သူ ထိန်းချုပ်တတ်ဖို့ ၊ သူထိန်းနိုင်တယ် ဆိုတာ သိဖို့ ၊ ဘယ်နေရာ မှာ ဘယ်လောက် ကျယ်ကျယ် ပြောနိုင်တယ် ဆိုတဲ့ သဘောတရားလေးတွေ သိသွားဖို့ ပါပဲ။

(၄) ဆုချဖို့ မမေ့ပါနဲ့ ။
ပိစိလေး အော်ဟစ် သောင်းကျန်းချိန်မှာ အထက်က ပြောတဲ့နည်းတွေ သုံးလို့ သူက ငြိမ်သွားတယ် ဆိုရင် ဆုချဖို့  မမေ့ပါနဲ့ ။ “သားသားအဲလို စိတ်ထိန်းနိုင်တာ အမေသိပ်ဝမ်းသာတယ်။ သားကြိုက်တဲ့ ဟာ တခု ကျွေးမယ်၊ မုန့်  စားမလား၊ ရေခဲမုန့် စားမလား” ဆိုပြီး သူ့ ကို ဆုံးဖြတ်ရွေးချယ်ခွင့် ပေးခြင်းအားဖြင့် ကလေးကို ကောင်းတဲ့ အပြုမူ ထပ်လုပ်ဖို့ အားပေးရာရောက်ပါတယ်။

ဆုချတဲ့ အခါ အချိန်ကြာမှ ပေးနိုင်တဲ့ဆုမျိုးထက်၊ သူ့ အပြုအမူကောင်း လုပ်ပြီး ချက်ခြင်း ပေးနိုင်လေ ပိုကောင်းလေပါ။

(၅) လျစ်လျူရှုချင် ယောင်ဆောင်ပါ။

ဒေါသထွက် စိတ်တိုချိန်မှာ ဦးနှောက်ထဲက ကျိုးကြောင်းဆီလျော်မှု ရှိမရှိ စဉ်းစားတဲ့ နေရာလေးက အလုပ် မလုပ်တော့ ပဲ ခန ရပ်သွားတာ သဘာဝပါ။ ဒါကြောင့် ကလေးက အော်ဟစ်၊ ကော့လန်ပြီး ငို နေမယ် ဆိုရင်တော့ ကျိုးကြောင်း ပြောပြလဲ မ၀င်တဲ့ အချိန်မို့ .. သူ့ နံဘေးမှာ အန္ထရာယ်ရှိနိုင်တာ တွေ မရှိကြောင်း သေချာစစ်ပြီး .. ဒီအတိုင်း ခနလွတ်ထားလိုက်ပါ။

သူငိုနေတာကို လူကြီးက အရေးမလုပ်ပဲ(စိတ်လဲ ဆိုးပုံမပြပဲ) တခြားဟာ လုပ်နေတာ မြင်တဲ့ အခါ .. “အင်း ဒါတော့ အလုပ် မဖြစ်ဘူးဟ”.. ဆိုပြီး .. သူ့ ဘာသာ ရပ်သွားလိမ့်မယ်။ အဲဒီအခါ ကျတော့မှ “သားသား အဲလို ငိုနေရင် မေမေ စကားပြောလဲ သားက မကြားတော့ဘူး။ ဒါကြောင့် နောက်ဆို မငိုပဲ သားလိုချင်တာကို ပြောပြပါ” ဆိုပြီး အေးအေးဆေးဆေး လေသံနဲ့ မျက်လုံးချင်း ဆုံအောင် ကြည့်ပြီး ပြောပါ။

ကောင်းတဲ့ အကျင့် ကို ရှည်စေ၊ ဆိုးတဲ့ အကျင့် ကို တိုစေ ချင်ရင် လျစ်လျူရှုခြင်း၊ ဆုချခြင်း နည်း ကို သုံးသင့်ပါတယ်။

ဘယ်နည်းပဲ သုံးသုံး ကလေး မမေ့ အောင် မကြာခန ပြန်ပြန်ကျင့်ပေးဖို့ ။ အဖေက တစ်မျိုး၊ အမေက တစ်မျိုး၊ ကလေးထိန်းက တမျိုး မလုပ်ပဲ၊ ဆုံးမတာတွေ တသမတ်တည်း ဖြစ်နေဖို့ စတဲ့ အချက်အလက်တွေ ကလဲ အောင်မြင်ဖို့  နည်းလမ်းတွေအတွက် အရေးပါ ပါတယ်။

ဒါက babycenter, parenting.com က မိဘတွေ အများစု ထောက်ခံကြ၊လိုက်လုပ်ကြတဲ့ နည်းတွေပါ။

ဟော .. လုလု တစ်ယောက် အော်ငိုနေပြီ။ ဖတ်ထား၊ ရေးထားတဲ့ နည်းကို သုံးဦးမဟဲ့.. ဆိုပြီး သူ့ နား ကပ်သွားတာ … မယ်မင်းကြီးမ လေးက ကျွန်မကိုလဲ မြင်ရော ..အရှိန်ပိုမြင့်အော်ပြီး ကြမ်းပြင်ပေါ် လိမ့်လိမ့်ပြနေတာ့ ..ကျွန်မ တကယ် သုံးဖြစ်လိုက် တဲ့ နည်းက
“လောကမှာ .. ရင်ပွင့်အောင် ငိုဖူးသူမှ …. အူလှိုက်သည်းလှိုက် ရီတတ်မှာ တဲ့။ ရင်ကို ပွင့်သွားအောင် ဖွင့်ငိုလိုက်ဦး သမီးရေ “ လို့ ပြောပြီး ထိုင်ကြည့် နေ လိုက်တဲ့နည်းပါ 🙁 🙁 🙁
Source : မစုဥာဏ် (N&N Myanmar Online Shop)