ကလေးထိန်း မယ်ဆိုရင် သံချောင်းနဲ့ တူ ဆောင်ထားပါ

 

ခေါင်းစဉ်လေး ဖတ်ပြီး ခေါင်းစားသွား သလား မေမေ တို့ ရေ။

ဘယ့်နှယ်တော် .. ကလေး အန္တရာယ် မရှိအောင် သံချောင်းတွေ တူတွေ ကို ခပ်ဝေးဝေး သွားထား ရမှာ မဟုတ်ဘူးလား လို့  ငေါ့တော့တော့ ပြောဖို့ လဲ မပြင်သေးနဲ့ ဦး။

Power of positivity က တင်ထားတဲ့ ဗီဒီယိုလေး ကြည့်မိလို့ ဒီမှတ်စုလေး အတွက် အဲဒီခေါင်းစဉ် ကို ရွေးလိုက်တာပါ။

ပုံပြင်လေးက ဂလို .. ဂလို ။
ဟိုးရှေးရှေးတုန်းကပေါ့။ အင်မတန် စိတ်တိုလွယ်ပြီး ဒေါသကြီး လွန်းတဲ့ လူငယ်လေး တစ်ယောက်ရှိသတဲ့။

စိတ်ကလဲ ဆတ်၊ ဒေါသထွက်လာရင် တစ်ဘက်သား ကို အော်ဟစ် ဆူပူတတ်လွန်းတဲ့ သားဖြစ်သူ ကို ဆုံးမဖို့  သူ့  ဖေဖေက သံချောင်းတွေ အများကြီးထည့်ထားတဲ့ အိတ်တစ်အိတ် နဲ့  တူတစ်ချောင်းပေးပြီး “ ငါ့သား … မင်း စိတ်ဆိုးပြီး တစ်ယောက်ယောက်ကို အော်ဟစ်မိတဲ့ အခါတိုင်း အဲဒီ အိတ်ထဲက သံချောင်း တစ်ချောင်း ကို ယူ၊ ဒီတူနဲ့ ငါတို့ ရဲ့  သစ်သားခြံစည်း ရိုးပေါ်မှာ သွားရိုက်လိုက်ပါ” လို့ ခိုင်းလိုက်တယ်။

ပထမရက် မှာ .. သားဖြစ်သူက စိတ်ဆိုးလိုက်၊ အော်ငေါက်လိုက်၊ သံချောင်းလေးနဲ့ တူကို ယူ ပြီး သစ်သားပြားပေါ် သွားထုလိုက်နဲ့  လုပ်လိုက်တာ သံချောင်း ၃၇ ချောင်း ကုန်သတဲ့။ အင်း ..သူ့ ခမျာ တော်တော် စိတ်ဆိုးရှာတာ။

ဒုတိယ နေ့ …စိတ်က ဆိုးလာလိုက်၊ သံချောင်းလေး ရိုက် ထည့် လိုက်နဲ့ ပဲ။ သိပ်မထူးဘူး။
တပတ် …
နှစ်ပတ် …
ဒီလို တဖြည်းဖြည်းနဲ့ ရက်တွေ ကြာလာတဲ့ အခါ သူ သွားရိုက်ရတဲ့ သံချောင်း အရေတွက်တွေ နဲ နဲ လာတယ်။

တခါလေ ဒေါသထွက် ပြီး မအော်ဟစ်မိခင်၊ အဆိုး တစ်ခုခု မပြောလိုက်မိခင် မှာ အရောင်ပြောင်းသွားတဲ့ စိတ်လေး ကို သူ သတိထားလိုက်မိပြီး ပရိတ်အုပ် လိုက်နိုင်တယ်။

တကယ်ကြိုးစားရင် ဒေါသစိတ်ကို ထိန်းချုပ်ဖို့ ၊ သူတစ်ပါး ကို မအော်ဟစ် မိအောင် ထိန်းဖို့  ဖြစ်နိုင်တယ် ဆိုတာ သူသိလာပြီ။

တဖြည်းဖြည်း နဲ့ သစ်သားပြားပေါ် သွားရိုက်ရတဲ့ သံချောင်း အရေတွက်တွေ နည်းလာရာ ကနေ သံချောင်း တစ်ချောင်း မှ မရိုက် ရတဲ့ ရက် တစ်ရက် ကို ရောက်လာတယ်။
သားဖြစ်သူက ၀မ်းသာအားရ နဲ့  အဖေ ကို သွားပြောတယ်။

အဖေ ဖြစ်သူ က “ကောင်းလေစွ ငါ့သား၊ အခု ချိန် က စပြီး တနေကုန် နေလို့ မှ စိတ်ဆိုးပြီး သူတစ်ပါးကို မအော်ဟစ်မိဘူးဆိုရင် အဲဒီ နေ့ အတွက် မင်း အရင်တုန်းက ရိုက်ခဲ့တဲ့ သံချောင်း တစ်ချောင်း ကို ပြန်သွားနှုတ်ပါ” တဲ့။

သားဖြစ်သူကလဲ လိုက်နာတယ်။ သူ့  စိတ်ကို လဲ သူ တော်တော် ထိန်းနိုင်လာပြီ။ တစ်ရက် ပြီး တစ်ရက် သံချောင်းလေးတွေ ကို ပြန်သွားနှုတ်တယ်။ ဒီလိုနဲ့ ရက်တွေ ၊ လတွေ ကြာသွားတဲ့ အခါ သံချောင်းတွေ နှုတ်စရာ မကျန်တဲ့ ရက် ကို ရောက်လာပြန်ရော။

နှုတ်စရာ သံတွေ ကုန်သွားတဲ့ လို့  ၀မ်းသာအားရနဲ့  အဖေ ကို သွားပြောတဲ့အခါ၊ ပညာရှိ အဖေ က “ ငါ့သား .. မင်းရဲ့  ဒေါသစိတ်ကို ထိန်းနိုင်လာတဲ့ အတွက် အဖေ အရမ်းဝမ်းသာတယ်” ဆိုပြီး သား လက်ကို ဆွဲ လို့  သစ်သားပြားတွေ ဆီ ကို သွားကြည့်ကြတယ်။

သစ်သားပြား တွေ ကို ကြည့်လိုက်တဲ့ အခါ သားဖြစ်သူ ရိုက်ထားတဲ့ သံတွေ ကြောင့် အပေါက်တွေဖြစ်ပြီး၊ အဲဒီ သံချောင်းတွေကို ပြန်နှုတ်တဲ့ အခါ အနားသားတွေ ဖွာပြီး ကျန်ခဲ့တယ်။ နဲနဲ ဆွေးနေတဲ့ သစ်သားပြားတွေ ဆို ကျိုးပဲ့သွားတာတွေ လဲ ရှိရဲ့ ။ သံချောင်းတွေ မရှိတော့ပေမယ့် နဂိုမူလ သစ်သားပြားလို အနာအဆာ မရှိတဲ့  အခြေအနေမျိုး ပြန်မရကြတော့ ဘူးတဲ့။

“တွေ့ လား ငါ့သား၊ မင်း စိတ် ကို မထိန်း နိုင်လို့ ဒေါသတကြီး နဲ့ မပြောသင့်တဲ့ စကားတွေ ကို ပြောလိုက်တဲ့ အခါ သစ်သားပေါ်မှာ အပေါက်တွေ ကျန်ခဲ့သလိုပဲ ခံရသူရဲ့ စိတ်ထဲ အနာဖြစ်ကျန်ခဲ့တယ်။ အဲဒီ စကားတွေ အတွက် မင်းက ဘယ်နှစ်ကြိမ် ပဲ ပြန်တောင်းပန် ပြန်တောင်းပန် … အရင်ကလို အကောင်း အတိုင်း ပြန်မဖြစ် တော့ဘူး။ အမာရွတ်တွေ တစ်သက်စာ ကျန်ခဲ့ရှာတယ်” … တဲ့။

ဗီဒီယိုလေးက အဲဒီမှာတင် အဆုံးသတ်သွားတယ်။

***************************************************************************

နှုတ်နဲ့ အော်ငေါက်ပြောဆိုတာ၊ စိတ်ဆိုးပြီး အပြောခံရတာတွေ က တကယ်ပဲ အမာရွတ်တွေ ကျန်ခဲ့ စေနိုင်သလား ။ ကလေးတွေ ကို ဒေါသတကြီး အော်ဟစ်တာဆိုရင်ရော ရေရှည် ဆိုးကျိုးတွေ ရှိနိုင်သလား။

Harvard တက္တသိုလ်က စိတ်ပညာရှင်များ ပြုလုပ်ထားတဲ့ သုတေသနတွေ့ ရှိချက် အရ ကလေးငယ်များ ကို နှုတ်ဖြင့် အော်ငေါက်ခြင်း၊ အပြစ်တင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကျိန်ဆဲခြင်း၊ မကောင်းတဲ့ နာမည် (ငတုံး၊ ငအ စသဖြင့်) ခေါ်ဝေါ်ခြင်း များကြောင့် ဖြစ်ရတဲ့ ထိခိုက်မှုတွေ ဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း နဲ့  ကိုယ်ထိလက်ရောက် ရိုက်နှက်ခံရခြင်း တို့ ကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးရလဒ်တွေနဲ့ အတူတူပဲတဲ့။

အဲဒီ သုတေသန အသေးစိပ်ကို ဖတ်လိုသူများအတွက် …
http://news.harvard.edu/…/verbal-beatings-hurt-as-much-as-…/

အလားတူ သုတေသနတွေ အများကြီး ကလဲ အဲဒီ ရလဒ် ကို ထောက်ခံကြတယ်။ သစ်သားပြားပေါ်ကျန်နေတဲ့ အပေါက်ရာလေးက မျက်စိနဲ့ ကြည့်လို့ ရ၊ တိုင်းတာလို့ ရ ပေမယ့် ဒီကလေးတွေ မှာ ဖြစ်ရတဲ့ အနာဆာက တိုင်းတာလို့  မကုန်နိုင်အောင်ပါပဲ။

America’s Mental Health Channel က လုပ်ထားတဲ့ သုတေသနတွေနဲ့ ထုတ်ပြန်ထားတဲ့ စာတမ်းတွေ အရ အော်ဟစ်ဆူပူခံရတဲ့ ကလေးတွေ မှာ တွေ့ ရတဲ့ ရေရှည် ဆိုးကျိုးတွေက
Negative self-image လို့ ခေါ်တဲ့ မိမိကိုယ်ကို မယုံကြည်စိတ်၊ သိမ်ငယ်စိတ်
• ညည အိပ်ရာထဲ သေးပေါက်တဲ့ အကျင့်
• chronic pain (နာတာရှည် နာကျင်နေခြင်း)
• ခေါင်းတခြမ်းကိုက်ခြင်း
• စကားထစ်ခြင်း
• အနာများ မကြာခနပေါက်ခြင်း
• အစာအိမ်အူလမ်းကြောင်း ဆိုင်ရာရောဂါများဖြစ်ခြင်း(အစာမကြေခြင်း၊ ၀မ်းပျက်ဝမ်းလျောခြင်း၊ ၀မ်းချုပ်ခြင်း၊ စိတ်ဖိစီးမှုများပြီး နှလုံးရောဂါရခြင်း)
• ကြောက်လန့် နေတတ်ခြင်း
• စိတ်ကျခြင်း၊ စိတ်ကြွခြင်း
• မှတ်ဉာဏ်ချို့ ယွင်းခြင်း
• စိတ်တိုစိတ်ဆတ်လွယ်ခြင်း
• ဆယ်ကျော်သက် အရွယ်တွင် အရက်နှင့် မူးယစ်ဆေးဝါးများ သုံးစွဲခြင်း
• သေကြောင်းကြံခြင်း
• ပေါင်းသင်းဆက်ဆံရေးတွင် ပြသာနာများခြင်း(ခိုက်ရန်ဖြစ်ခြင်း၊ သူတပါးအား နာကျင်အောင် ထိုးရိုက်တတ်ခြင်း)
• တစ်ပါးသူအား ညှင်းဆဲ နှိပ်စက်လိုစိတ် များခြင်း
• ပတ်ဝန်းကျင်ကို ဖျက်စီးလိုစိတ်များခြင်း … စတာတွေ ပါတယ်။

ဒီဆိုးကျိုးသက်ရောက်မှုတွေ က ကလေးရဲ့  အသက်ရွယ်၊ ကျားမ၊ ဆင်းရဲ ချမ်းသာ စတဲ့ အချက်လက်တွေ ပေါ် မမူတည်ဘူးတဲ့။ လူကြီး မိဘတွေ က ဆူဆဲတာ၊ ပြစ်တင် ကြိမ်းမောင်းတဲ့ အကြိမ် အရေတွက် ပေါ်မှာပဲ မူတည်တာတဲ့။ အော်ငေါက်ဆဲဆိုတာတွေ ခံရလေလေ ဆိုးကျိုးက များလေလေပဲတဲ့။

ဒီသုတေသနတွေ့ ရှိချက်တွေ က အသစ်မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက တွေ့  ရှိချက်တွေပါ။

တိုက်တိုက်ဆိုင်ဆိုင် ခုရက်ပိုင်း.. ကျွန်မတို မြန်မာ့ လူ့အဖွဲ့အစည်းထဲမှာ ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှု၊ အရွယ်မရောက်သေးတဲ့ အိမ်ဖော်လေးတွေကို လူမဆန်စွာ နှိပ်စက်မှုတွေ ကို ကြားနေ၊ မြင်နေရတာ တနေ့ထက်တနေ့ ပိုများလာ သလားလို့ ။

အွန်လိုင်း ကလေး အမေအဖွဲ့ တွေ ထဲမှာ ကလေးကို ကြောက်အောင် ခြိမ်းခြောက်ပြီး ဒါမှမဟုတ် ရိုက်နှက်ဆုံးမ မှ ရတယ် လို့ ပြောဆိုကြ၊ ထောက်ခံသူကလဲ ထောက်ခံကြနဲ့ ၊ နောက်ပြီး ကိုရင် ပိစိလေးတွေ ကို ကြိမ်လုံးနဲ့  အားပါးတရ လွှဲပြီး မာန်အပြည့်ရိုက်နေတဲ့ ဘုန်းကြီး ဗီဒီယိုတွေ ရှယ်ကြလို့ တွေ့ မိကြမှာပေါ့။ မြတ်စွာဘုရား ဟောခဲ့တဲ့ တရားတော်တွေ ထဲမှာလဲ နူးညံ့သိမ်မွေ့ ဖို့ ၊ ဒေါသစိတ်တွေ ထိန်းဖို့ ပဲ ကြားဖူးတယ်။ အဲဒီလို ကြိမ်လုံးတွေနဲ့  အရှိုးရာတွေ ထင် ပြီး ခံစားရတဲ့ အထိ ရိုက်ကြတာ အင်မတန် မှ စိတ်ဆင်းရဲ စရာကောင်းလို့  ကျွန်မ အဲဒီလို ဗီဒီယို တွေ ကို အဆုံးထိ မကြည့်နိုင်ဘူး။ အမေရိကန်ပြည်ထောင်စု လို ကလေးအခွင့်အရေး အတွက် အကာကွယ်ပေးတဲ့ နိုင်ငံမှာဆို အဲဒီ ဘုန်းကြီးတွေ အဖမ်းခံရပြီ။

အဖေမေ မတော် စပ်တဲ့ သူစိမ်းက ရိုက်တာ အသာထား။ “ငါမွေးတဲ့ ကလေး ငါရိုက်တာဘာဖြစ်လဲ” ဆိုပြီး မိဘက ရိုက်လဲ မရဘူးပဲ။ နံဘေးက မြင်တဲ့သူ ဘယ်သူမဆို ရဲ ခေါ်လို့ ရတဲ့နိုင်ငံပါ။ ကျောင်းတွေမှာ လဲ ကလေးကို အိမ်မှာ အရိုက်ခံရရင် ရဲခေါ်ဖို့ သင်ထားပေးတယ်။ ဒီလောက် တင်းကြပ်တဲ့ ဥပဒေတွေ ထုတ်ထား တာတောင် အမေရိကန်ပြည်ထောင်စုမှာ ကလေးညှင်းပန်းမှုက ရှိနေတုန်း။

ကလေး ဥပဒေကောင်းကောင်း မထုတ်ထားတဲ့ နိုင်ငံ၊ “အိုးကောင်းစေချင်ရင် နာနာရိုက်” “ဆန်ကောင်းစေချင်ရင် ဆန်ရင်း နာနာဖွပ်ရမယ်” ဆိုတဲ့ မိရိုးဖလာ ယုံကြည်မှုတွေ လိုက်နာနေတဲ့ နိုင်ငံ က ကလေးတွေ ခမျာတော့ လူကြီးတွေ ပြုသမျှ ခံကြရမှာပဲ။ ကလေး ကို ကောင်းစေချင်လို့  စေတနာနဲ့  ဆုံးမနေတာလို့ နာမည်တပ်ပြီး တကယ်တမ်း အော်ငေါက်သူ(သို့မဟုတ်) ရိုက်နှက်သူက သူ့ ရဲ့ ဒေါသတွေ၊ အတ္တတွေ ကို ထွက်ပေါက်ရှာ၊ အာသာဖြေနေတာလား ဆိုတာ စဉ်းစားစရာပါ။ ကိုယ့်ကိုရိုက်ရင်ရော ကြိုက်မလား ကိုယ်ချင်းစာကြည့်ပေါ့နော်။

ရိုက်နှက်မှ၊ အော်ငေါက်မှ စကားနားထောင်မယ် ယုံကြည်ပြီး အဲဒီအတိုင်း ဆက်သွားကြမယ် ဆိုရင် ကျွန်မတို့  မြန်မာနိုင်ငံ အတွက် ရင်လေးစရာပဲ။ စိတ် အစွန်းထင်းတွေ၊ ဒဏ်ရာတွေနဲ့ ကြီးပြင်းပြီး တစ်ဘက်သားကို ညှင်းပန်းနှိပ်စက်လိုစိတ်၊ ပတ်ဝန်းကျင်ကို ဖျက်ဆီးလိုစိတ်၊ မူးယစ်သေစာတွေ နဲ့  ပျော်ပါးလိုစိတ်များတဲ့ လူငယ်တွေ လက်ထဲ ကို တိုင်းပြည်ကို ထားခဲ့ ချင်သလား၊ ကျန်းမာသန်စွမ်းပြီး ချစ်ခြင်းမေတ္တာတွေနဲ့  ပတ်ဝန်းကျင်ထိန်းသိမ်းလိုစိတ်ရှိတဲ့ လူငယ်တွေ လက်ထဲကို ထားခဲ့ချင်သလား ဆိုတာ စဉ်းစားကြ ပေါ့နော်။

ဒီpost တင်လို့ လာပြီး ဆဲဆိုမှာတွေ၊ ငြင်းကြမှာတွေ ကျွန်မ မျှော်လင့်ထားပြီးသားပါ။ ပြန်လဲ တုန့် ပြန်မှာ မဟုတ်ဘူး။ ကျွန်မနဲ့ လက်လှမ်းမမီ၊ ဥာဏ်မမီလို့ ဘုရားသားတော် ဘုန်းကြီးတွေ ကို မလျှောက်တတ်ပေမယ့်၊ မိဘတွေ ကိုတော့ တိုက်တွန်းပါရစေ။

မောင်မင်းကြီးသားလေးတွေ၊ မယ်မင်း ကြီးမ လေးတွေ ကို ထိန်းရတာ (အထူးသဖြင့် တနေ့ ကို ၂၄ နာရီ၊ တပတ်ကို ၇ ရက် ထိန်းနေရတဲ့ မေမေတွေ အတွက်) ထင်သလောက် မလွယ်လှဘူး ဆိုတာ ကိုယ်ချင်းစာတယ်။ ငါ့သမီးလေး အေ၊ဘီ၊စီ ရွတ်တတ်နေပြီ၊ တော်လိုက်တာ ဆိုပြီး ကြည်နှူးနေတုန်း ရှိတုန်း သူက ပေနေတဲ့ ဖိနပ် ကို ကောက်ဝါးပြန်ပြီ၊ “ဒီကလေးက တနေ ကုန် ဂျီကျနေတာပဲ စိတ်ညစ်လိုက်တာ”လို့  တွေးနေတုန်း ရှိသေး၊ သွားရေ စိုစိုနဲ့  ကိုယ့်ပါးကို ရွှတ် ခနဲ အာဘွားလာပေးလို့ ကြည်နူးရပြန်ပြီ။

ဖြူနေတဲ့ စိတ် ကို မည်း သွားအောင်၊ မည်းနေ တဲ့ စိတ်ကို ချက်ခြင်း ဖြူသွားအောင် ဒင်းတို့ လေးတွေ က အင်မတန် လုပ်တတ်တာ။

ကလေးတိုင်းငိုတယ်၊ ဆော့တယ်။ တချို့ က ပို ဆော့တယ်၊ ပိုငိုတယ်။ ကလေးနဲ့ ပတ်သက်ပြီး စိတ်တိုစရာတွေ၊ အလိုမကျစရာတွေ ကတော့ နေ့ တိုင်း ပြေး မလွတ် ပါဘူး။ အော်ဟစ်ဆူပူပြီး သူတို့ လေးတွေ ရာသက်ပန် စိတ်အနာရစေတဲ့ နည်းနဲ့ ထိန်းမလား၊ ပြေပြေလည်လည် ထိန်း မလား ဆိုတာကတော့ မိဘတွေရဲ့ ရွေးချယ်မှု ပါ။ ဘယ် နည်းကို ရွေးရွေး၊ ကိုယ်စိုက်ပျိုးတဲ့ အပင် ကို ကိုယ်ပဲ ပြန်ရိတ်သိမ်းရမှာမို့ ရလဒ်တွေ အတွက် တော့ ပြင်ဆင်ထားပေါ့။

မအော်မိအောင် ထိန်းချင်တဲ့ မိဘတွေ အတွက် .. သံချောင်းတွေ အများကြီး နဲ့ တူ တစ်ချောင်း ပုံပြင်ကို သတိရအောင် အဲဒီ၃ခုစလုံး ပါတဲ့ ပုံကို မျှလိုက်တယ်နော်။

 

Source : မစုဥာဏ် (N&N Myanmar online shop)