ကလေးများဆီ က သင်ယူခြင်း

သမီး ပေးတဲ့ အသိတရား (၁)

ဆောင်းတွင်း ဆို တခါလေ ရေခဲမှတ်ရောက်တဲ့ အထိ အေးတတ်ပြီး၊ နွေရာသီဆိုရင် ရေဆူ လုနီးပါး အပူချိန် ပြင်း တတ် လွန်းတဲ့ နယူးယောက်မြို့ ရဲ့ နွေနေ့ တနေ့ မှာ ကျွန်မတို့  မိသားစု Jones Beach ကို ခန အလည် သွားဖြစ်တယ်။

အတ္တလန်ဒိတ်သမုဒ္ဒရာ ကို မျက်စိတဆုံး ငေးမောကြည့်ပြီး၊ ပင်လယ်လေ အေးအေးတွေ ကို ခံစားလို့ ရတာမို့  ကမ်းခြေမှာ လူတွေ ကလဲ ရှုပ်လိုက်တဲ့ ဖြစ်ခြင်း။

ပင်လယ်နဲ့ လဲနီး၊ နေကွယ်တဲ့ နေရာလေး မှာ နေရာ လွတ်တွေ့ တာနဲ့  ပါလာတဲ့ အခင်းကို ခင်းပြီး ပစ်စည်းတွေ နေရာချလိုက်တာနဲ့ မယ်ဆော့ချင် လေးက သဲပြင်နုနုပေါ်စ ဆော့ပါပြီ။

ကမ်းခြေမှာ စပိန်လူမျိုး၊ တရုတ်လူမျိုး၊ လူဖြူ လူမည်း စသဖြင့် လူမျိုးပေါင်းစုံ။ တချို့ က သဲပြင်ပေါ် လဲအိပ်ပြီး အသားညိုသွားအောင် နေရောင်ခံနေသူကခံ၊ ခုံလေးနဲ့  စာဖတ်သူက ဖတ်၊ အဖွဲ့ လိုက် ဂိမ်းကစားသူတွေ က ကစားကြနဲ့ စည်စည်ကားကားပါပဲ။

ကျွန်မ တို့ နဲ့ ၆ ပေ လောက် အကွာမှာ ကလေး၂ယောက်ပါတဲ့ စုံတွဲ တတွဲက နေရာယူထားတယ်။ အဖေ အမေတွေ က တကိုယ်လုံး လိုလို ဆေးမှင်ကြောင်တွေ ထိုးထားပြီး၊ နှာခေါင်းတွေ နှုတ်ခမ်းတွေ မှာ လဲ အကွင်းတွေ ဖေါက်ပြီး တပ်ထားတယ်။ ခပ်ဟော့ဟော့ စတိုလ်တွေပေါ့လေ။ တခြားမိသားစုတွေ လို ကလေးတွေ ဆော့ဖို့ အရုပ်တွေ၊ ခင်းစရာ၊ စားစရာ တွေလဲ မပါကြတာ ကြည့်ပြီး “ကလေး ကို သိပ်ဦးစား မပေးတဲ့ မိဘတွေ နဲ့ တူရဲ့ ” လို့ တွေးမိလိုက်တယ်။

သူ့ ကလေး အငယ်လေးက သမီးလုလုနဲ့ ရွယ်တူလောက်လေး ဆိုတော့ လုလုလေး ကစားနေတဲ့ အရုပ်တွေ ကို လှမ်းငေးကြည့်နေရှာတယ်။ လုလုကလဲ အဲဒီ ကလေး ကို မြင်သွားတော့ အတူ ကစားချင်လို့  သူ့  ကော်ပြားလေး ကိုင်ပြီး ကလေးဆီ သွားတယ်။ ကလေးရဲ့ ခြေသလုံးတွေ၊ လက်တွေ နဲ့  အရေပြား တော်တော် များများမှာ အကွက် လေးတွေ ဖြစ်နေတာ မြင်လိုက် ရတော့ ကျွန်မ လန့် သွားတယ်။ သမီးက နဂိုကတည်းက အရေပြားက ခြောက်လို့  lotion ခနခန လိမ်းပေးရ၊ နဲနဲ ယားရင် တော်တော်နဲ့ မပျောက်ပဲ တကိုယ်လုံး ပျံ့  တတ်နဲ့ မို့ ကူးမှာ စိုးရိမ် မိသွားတာ။ ဒါနဲ့  သမီးကို လှမ်းပွေ့ လိုက် ပြီး လှိုင်းလုံးတွေ ကို လက်ညှိုး ထိုးပြနဲ့  အာရုံလွှဲဖို့  လုပ်ရတယ်။

ဟို ကလေး လေး ကလဲ လုလု အရုပ်လေးတွေ ကို ဆော့ချင်တော့ ကျွန်မတို့ ဆီ ကို လျှောက်လာသလို .. လုလု က လဲ ကျွန်မ ဆီ ကနေ ရုန်းထွက်ပြီး သူ့ အရုပ်တွေ ကို ယူသွားပြီး အဲဒီ ကလေး နားသွားဆော့တယ်။ ကလေး ၂ ယောက်က အတူတူ အရုပ်တွေ ကို မျှပြီး ဆော့ကြတော့ ကျွန်မရော အဲဒီ ကလေး ရဲ့ မေမေရော သူတို့ နားကို ပြောင်းထိုင်ရတယ်။ သူ့ အမေက ကလေး ရဲ့ အရေပြားကွက် တွေ ကို ကျွန်မ စိုးရိမ်တာ ရိပ်မိလို့  လားမသိဘူး။ ကလေး မှာ မွေးကတည်းက ပါလာတာတဲ့၊ တခြားသူတွေ ဆီ မကူးစက်စေဘူး ဆိုပြီး ပြောပြတယ်။

စကားပြောကြရင်း ကျွန်မ အရင်က အလုပ်ဆင်းဖူးတဲ့ ဆေးရုံမှာ သူက သူနာပြုဆရာမ လုပ်နေတဲ့ အကြောင်း၊ ဆေးရုံ မှာ အထပ်ပေါင်း ၁၆ ထပ်လောက် ဆိုတော့ ကျွန်မတို့ အချင်းချင်း က မသိကြဘူး။ ဒီနေ့ ဒီကို လာဖို့  အစီအစဉ် မရှိပဲ လမ်းပေါ်ရောက်မှ ကလေးတွေ ပူဆာလို့ တန်းလာလိုက်တာ၊ ကစား စရာတွေ ခင်းစရာတွေ ဘာမှ မပါတဲ့ အကြောင်း ပြောပြတယ်။ ကလေး တွေ အပေါ်လဲ ဂရုတစိုက်ရှိပုံရပါတယ်။

သမီးနဲ့ သူ့ သားသမီးတွေ ကလဲ အော်ဟစ်၊ ခုန်ပေါက်နဲ့ ။ သေချာတာက ကျွန်မနဲ့ ဆော့တာထက် သူ့ ရွယ်တူလေးတွေ နဲ့ ဆော့ရတာ ကို သမီး ပိုပျော်နေတယ် ဆိုတာပဲ။

သူငယ်ချင်း အသစ်လေးနဲ့ သဲတွေ ကို ကလော်ပြီး တခစ်ခစ် ရီနေတဲ့ သမီး လုလု အသံက ကျွန်မ ကို သင်ခန်းစာ လှမ်းပေးတယ်။ “မေမေ နောက်ဆို လူတစ်ယောက်ကို အပြင်ပန်း ကြည့်ပြီး ကောက်ချက် မချပါနဲ့ ” “မေမေတို့ လူကြီးတွေ က ဦးနှောက်ကို ပို အသုံးပြုကြပေမယ့် သမီးတို့ ကလေးတွေ က နှလုံးသားကို ပဲ ပို အသုံးပြုတယ်” တဲ့ ။

************************************************************************************
သမီး ပေးတဲ့ အသိတရား (၂)

ဒီကနေ့ ရာသီဥတု သာယာတာနဲ့ သမီးကို ခေါ်ပြီး အိမ်နားက ပန်းခြံကို သွားဖြစ်တယ်။ မြက်ခင်းထူထူတွေပေါ် ဖြတ်လျှောက်ကြရင်း ကျွန်မ ကတော့ လူကြီးပီပီ “ခွေးချီးများ တက်နင်းမိမလား” “ဘောင်းဘီအတို ၀တ်လာမိတဲ့ သမီး ကို ယား စေမလား” စသဖြင့် အတွေးတွေ ၀င်လာတုန်း ရှိသေး၊ သူက မြက်ခင်းတွေပေါ် လဲအိပ် ပစ် လိုက်တယ်။ နောက်ပြီး တောင်ကုန်းလေးပေါ်က လိမ့်ချလိုက်, တခစ်ခစ် ရီပြီးမြက်ခင်းကြားက အရိုင်းပန်းလေးတွေ ခူးလိုက် နဲ့  လုပ်ပါလေရော။

ပြီတော အမေ့ လက်ကို လာဆွဲပြီး သူလုပ်သလို လိုက်လုပ်ခိုင်းတယ်။

ဒါနဲ့ ခွေးချီးပေကာမှ ပေရော၊ သမီး စိတ်ချမ်းသာအောင် လိုက်လုပ်မယ်ဆိုပြီး သူ့ဘေးနား ၀င်လှဲ လိုက်တော့ .. အစိမ်းရောင် မြက်ခင်းမွေ့ယာက နှူးညံ့လို့, မြက်နုနံ့  သင်းသင်းကို ရှုရှိုက် ရင်း အဆုံးမဲ့ အပြာရောင် ကောင်းကင်ကြီးကို မော့ကြည့် လိုက်… ဖြတ်သန်းသွားတဲ့ လေယာဉ်တွေကို သမီးနဲ့ အတူ လက်ဝေ.ရမ်း နှုတ်ဆက်လိုက်နဲ့ .. တလောကလုံး က ငြိမ်းချမ်းလိုက်တာ..

တနေ့တနေ့ သံပတ်ပေးထားတဲ့ စက်ရုပ်တွေလို ပဲ ရုန်းကန်လှုပ်ရှားရင်း ဘ၀ပန်းတိုင်ရောက်ဖို့/စားဝတ်နေရေး အတွက် ဖူလုံဖို့ စသဖြင့် ရုန်းကန်လာခဲ့လိုက်တာ မြက်ခင်းပေါ်လဲအိပ်တဲ့ အရသာကို ကျွန်မ မေ့နေမိတာ နှစ်ပေါင်းများစွာ ရှိသွားပါပကောလား။

“မနက်ဖြန် အတွက် တွေးပူမနေပဲ လက်ရှိအချိန်ကို အပြည့်အ၀ အာရုံစိုက်ပါ၊ ပျော်ပျော်နေပါ၊ အားရပါးရ ရီမောပါ မေမေ” လို့  သမီး က အသံတိတ်လှမ်းပြောလိုက်တာကို ကျွန်မ ကြားတယ်။

********************************************************************************

ကလေးတွေ ကို ကျွန်မတို့ လူကြီးမိဘတွေက တနေ့ တနေ့ အသိပညာတွေ သင်ပေးတယ်လို့ ထင်နေကြတာ တကယ်တော့ သူတို့ က ကျွန်မတို့ ကို ဘ၀အတွက် အရေးကြီးတဲ့ သင်ခန်းစာလေးတွေကို ပြန် သင်ပေး နေကြတာပါ။

သမီး လုလု လေး က ၂ နှစ် မပြည့်သေးပေမယ့် ကျွန်မကို အများကြီး သင်ခန်းစာတွေ ပေးတယ်။

လမ်းလျှောက်သင်ခါစ မှာ အကြိမ်ကြိမ်လဲကျပေမယ့် အလျော့ မပေးပဲ ဆက်လျှောက်ပြခဲ့ပြီး စိန်ခေါ်မှုတွေ ကို အလျော့ မပေးဖို့ ၊ ဇွဲကောင်းကောင်းနဲ့ ဆက်လုပ်ဖို့ ။

Tea party လုပ်တမ်း ကစားနေတဲ့ အခါဆိုရင် သူ့ ကမ္ဘာတခုလုံးက လက်ဖက်ရည်သောက်ဖို့ ဆိုင်တဲ့ ကမ္ဘာလေးဖြစ်နေတာမို့ … ဘာလုပ်လုပ် အာရုံစူးစိုက်စွာ စိတ်ပါလက်ပါလုပ်ဖို့ …

အမာရွတ်တွေကို ဘ၀ရဲ့ ဂုဏ်ပြုမှတ်တမ်းတွေ အဖြစ် လက်ခံတတ်ဖို့ …

အကြောက် တရား ကင်းဖို့ …

စိတ်ထဲရှိတဲ့ အတိုင်း ဟန်မဆောင်ပဲ ခံစားမှုကို ပြတတ်ဖို့ …
သူငယ်ချင်း မိတ်ဆွေ တွေ ကို တန်ဖိုးထားတတ်ဖို့ ….

အသေးမွားလေး ပေမယ့် ခွက်ထိုး ခွက်လန် ရီတတ်ဖို့ ….

အမှန်အတိုင်း ပြောဆိုဆက်ဆံတတ်ဖို့ 

မြက်ခင်းလေးတွေကို ကိုင်ကြည့်ပြီး သဘာဝတရားရဲ့ အလှ ကို ငေးမောခံစားတတ်ဖို့ 

တဘက်သားကို အကြာကြီး စိတ်မဆိုးတတ်ဖို့ 

နေ့ တိုင်း အပူပင်ကင်းစွာ ရီမော ပျော်ရွှင်နေဖို့ …
စသဖြင့် စသဖြင့် အများကြီး သင်ယူခဲ့ရတယ်။

ဖေဖေ မေမေတို့ ရော ကိုယ့်သားသမီး ဆီက ဘာတွေ သင်ယူခဲ့ကြသလဲ။ မျှဝေကြပါဦး။


Source : မစုဥာဏ်