မိဘတွေ ကွာရှင်းပြတ်စဲကြသော အခါ

ညနေစောင်းရင် အိမ်ပြန်လာနေကျ အဖေကို ခုန်ပေါက် ကြိုဆိုနေကျ ချစ်စရာ့ သမီးလေး တစ်ယောက် … ပြတင်းပေါက်ကနေ လှမ်းကြည့်လို့  ပြန်လာမယ့် အဖေ ကို မျော်ကြည့်နေရှာတယ်။ နာရီသံတွေ တချက်ချက် မြည်ပြီး မိုးစုပ်စုပ် ချုပ်လာပေမယ့် အဖေက ပြန်မလာဘူး။ သမီးလေး မျက်နှာက နားမလည်မှုတွေနဲ့  ပြည့်နေရာကနေ ၀မ်းနည်းခြင်း ကို ပြောင်းလာတယ်။

အဲဒီလို စောင့်နေတဲ့ နေ့တွေသာများလာပြီး အဖေက ပြန်မလာတော့ဘူး။ နင့်အဖေက လူဆိုး၊ အမေတို့ ကို လဲ မချစ်တော့ဘူးတဲ့ .. သမီးချစ်တဲ့ အမေ က အဖေ့ ကို မကောင်းပြောတာလဲ ၀မ်းနည်းတယ်။ သမီး ကို ပစ်သွားတဲ့ အဖေ့ကိုလဲ လွမ်းတယ်။ အဖေနဲ့ အမေရဲ့ အတ္တလွန်ဆွဲပွဲမှာ သမီးရဲ့  နုနယ် လတ်ဆတ်လှတဲ့ နှလုံးသားလေး ကြေမွသွားတာ ဘယ်သူမှ သတိမထားလိုက်မိဘူး။

နေမကောင်းတဲ့ အခါတိုင်း နွေးနွေး ထွေးထွေး ပွေ့ ဖက်တတ်တဲ့ အမေ့ ရင်ငွေ့ ….

ဘောလုံးကန်တိုင်း ဂိုးဖမ်းပေးတတ်တဲ့ ဖေဖေနဲ့ ကစားခွင့် …..

အိပ်ယာဝင်ခါနီးတိုင်း ပုံပြင်ဖတ်ပြတတ်တဲ့ မေမေ့ အသံ ချိုအေးလေး ….

အနှစ်သက်ဆုံး ဖြစ်တဲ့ တိရစ္ဆာန်ဥယျာဉ် ကို မိသားစု လိုက်သွားဖို့  …. စတာတွေ က မဖြစ်နိုင်တော့ဘူးလို့  သူတို့ လေးတွေ သိလိုက်ရတဲ့ အခါ။

သူတို့ သိပ်ချစ်ကြတဲ့ မိဘနှစ်ပါးက တစ်ယောက် ကို တစ်ယောက် မုန်းတီး နာကျဉ်းပြီး အတူ မနေနိုင်ကြတော့ဘူးဆိုတာ ကို လက်မခံချင်ပေမယ့် လက်ခံလိုက်ရတဲ့ အခါ ….

မိဘတွေ ကို မကွဲကွာအောင် စွမ်းဆောင်နိုင်စွမ်း မရှိလို့ အားငယ်စိတ်၊ ကိုယ့်ကိုကိုယ် အပြစ်တင်ပြီး ၀မ်းနည်း ဒေါသဖြစ်ကြရတဲ့ အခါ …

တချို့ ကလဲ ကိုယ့် အဖေ အမေ မဟုတ်တဲ့ သူစိမ်းတစ်ယောက် ကို အစားထိုး ခေါ်ရတဲ့ အခါ …

ကိုယ့်ဆန္ဒ သဘောထားကိုလဲ ဘယ်သူကမှ ထည့်မတွက် ကြတဲ့ အခါ ….

သူများတွေ မိစုံဖစုံနဲ့ ပျော်ပျော်ပါးပါး သွားလာနေကြတာကို မြင်ရတဲ့ အခါ …

ဝမ်းနည်းမှုတွေ က နာကျဉ်းမှု အသွင်ပြောင်းပြီး တလောကလုံး ကို ခါးစောင်းတင် အရွှဲ့ တိုက် ပြီး ဂျစ်ကန်ကန်လေးတွေ ဖြစ်သွားတဲ့ အခါ …..

မိဘတွေ အဆင်မပြေဖြစ်ပြီး လမ်းခွဲကြလို့  မျက်ရည်တွေ ခိုးသုတ်နေကြတဲ့ ကလေးတွေ ရဲ့ ခံစားမှုတွေ ကို ကျွန်မတို့  လူကြီးတွေ မြင်အောင်ကြည့်မိသလား၊ စာနာမှု အပြည့်နဲ့ အဲဒီ ကလေးတွေ ကို ထွေးပွေ့ ဖူးသလား၊ ???????

****************************************************************************************
ဒီဆောင်းပါးကို ဆက်မဖတ်ခင်.. single parents တွေ (အဖေ ဖြစ်ဖြစ် အမေဖြစ်ဖြစ်) ကို ကျွန်မ ချီးကျူး လေးစားတဲ့ အကြောင်း ဦးစွာ ပြောပါရစေ။ သမီး ကို ၂ ယောက်အားနဲ့ ပြုစုပျိုးထောင်နေတာတောင် ပင်ပန်းလွန်းလို့  အဖေနေရာ၊ အမေနေရာ ၂ ခု စလုံးကို တယောက်တည်း တာဝန်ယူနေတဲ့ သူတွေကို တကယ် ချီးကျူးတယ်။

နောက်ခံ အသိုင်းဝိုင်း၊အကျင့်စရိုက် နဲ့  ခံယူချက်တွေ မတူညီကြတဲ့ လူသား နှစ်ဦး ထာဝရလက်တွဲ ကြဖို့  ဆိုတာ တော်တန်ရုံနားလည်မှုနဲ့  မရပါဘူး။ ရှေ့ ဆက်ဖို့ မဖြစ်နိုင်တော့လို့ လမ်းခွဲဖို့ ရွေးချယ်ကြရတာကို လဲ နားလည်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ လက်ရှိ ကလေးဦးရေရဲ့ ၅၀% ဟာ သူတို့ ၁၈ နှစ် မပြည့်ခင် မိဘတွေ က လမ်းခွဲကြပါသတဲ့။ လက်ထပ်မှုနှုန်းတွေ ကျလာတဲ့ အတွက် ကလေးဦးရေ ၇ဲ့  ၄၀% ဟာ ဖခင်မရှိပဲ မိခင်ရဲ့  ပြုစုပျိုးထောင်မှု နဲ့  ရှင်သန်ကြီးပြင်း ကြရတယ် လို့ ဆိုပါတယ်။

နိုင်ငံတခုစီကနေ စာရင်းတွေ၊ ဂရပ်(ဖ)တွေနဲ့ ပြထားတဲ့ ၀က်ဆိုဒ်အရ .. ၁၉၇၀ ခုနှစ်ကတည်းက စပြီး နိုင်ငံတော်တော်များများမှာ ကွာရှင်း ပြတ်စဲမှုနှုန်းတွေ မြင့်တက်လာတယ်လို့ ဆိုပါတယ်။ မြန်မာပြည်မှာ ဇနီးမောင်နှံတွေ ကွာရှင်းမှုနှုန်းဘယ်လောက် ရှိသလဲ မသိရပေမယ့်၊ သတင်းစာတွေထဲမှာ ကွာရှင်းပြတ်စဲခြင်း ကြေငြာတွေ နေ့ တိုင်းတွေ့  နေရတာ ကို ကြည့်ခြင်းအားဖြင့် ဒီပြသာနာတွေ ရှိနေတာကို သိနိုင်ပါတယ်။

ဒီဆောင်းပါးရေးရတဲ့ ရည်ရွယ်ချက်က .. မိဘတွေ ကွာရှင်း လမ်းခွဲကြရင် ကလေး တွေ အပေါ်ဘယ်လို အကျိုးသက်ရောက်မှုရှိနိုင်တယ်၊ ဘယ်လိုနည်းတွေနဲ့ အနာ သက်သာအောင် လုပ်နိုင်မယ်၊ ကလေးတွေ ရဲ့  ဖြစ်တတ်တဲ့ လက္ခဏာတွေ သိထားပြီး ပတ်ဝန်းကျင်က လူတွေ ကလဲ ဒီကလေးတွေ အပေါ် နားလည်မှု ပို ပေးလာနိုင်စေဖို့ ရည်ရွယ်ပါတယ်။

************************************************************************************
ဟားဗတ်တက္တသိုလ် အပါဝင် နာမည်ကြီး သုတေသီတွေ နှစ်ပေါင်းများစွာ ပြုစုလေ့လာထားတဲ့ တွေ့ ရှိချက်တွေ အရ မိဘများ ကွာရှင်းကြသောအခါ …
ကလေးတွေ မှာ ဖြစ်နိုင်တဲ့ ဆိုးကျိုး အများစုက ….

(၁) ကျန်းမာရေး
မိစုံဖစုံ နေတဲ့ ကလေးတွေ နဲ့ စာရင် ကျန်းမာရေးချို့ တဲ့မှုနှုန်းက ၅၀% ပိုများတယ်။ ဖွံ့ ဖြိုးမှုတွေ အရှိန်မြင့် နေတဲ့ အရွယ်မှာ (၄နှစ်အောက်) ဆိုရင် ကြိးထွားမှုနှုန်းတွေ နှောင့်နှေးတဲ့ အထိ ဖြစ်စေနိုင်တယ်။

မကြာခန ဖျားနာပြီး ပြန်ပျောက်ဖို့ အချိန်ပိုကြာတတ်တယ်။

ခေါင်းကိုက်ဝေဒနာ၊ ပန်းနာရင်ကြပ်၊ နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို ခံစားရတတ်ပြီး စကားပြောနှေးခြင်း စတဲ့ ထိခိုက်မှုတွေရှိတယ်။

ဆယ်ကျော်သက်အရွယ် တွေ ဟာ မိစုံဖစုံ ကလေးထက် စာရင် စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ (၃၅%) ရင်ဆိုင်ရတယ်။ ချစ်သူတွေကို ဆုံးရှူံးရမှာ စိုးရိမ်နေတဲ့ စိတ်၊ တဘက်သားနဲ့ငြင်းခုန်ဖြစ်ရမှာကို ကြောက်တဲ့ စိတ်၊ တချို့ ကလဲ အမြဲ ငြင်းခုန်လိုစိတ် စသဖြင့် ကနေ မိမိကိုယ်ကို သေကြောင်းကြံလိုစိတ် အထိ အမျိုးမျိုး ခံစားကြရတယ်။

မိမိကိုယ်ကို သေကြောင်းကြံစည်မှု က သာမာန်ကလေးတွေ ထက် ၂ ဆမြင့်တယ်။

မိခင် သို့ မဟုတ် ဖခင် သေဆုံးထားတဲ့ ကလေးတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါမှာလည်း၊ မိဘအိမ်ထောင်ရေး ကွဲကွာမှုအောက် ကြီးပြင်းရတဲ့ ကလေးက စိတ်ပိုင်းဆိုင်ရာ ပြသာနာတွေ ပိုများတယ်။

(၂) ပညာရေး
ကျောင်းပညာရေး မှာထိခိုက်တယ်။ ရွယ်တူကလေးတွေနဲ့ စာရင် ကျောင်းမှာ စာညံ့ကြတယ်။ မပျော်တတ်ကြဘူး။ အထက်တန်းကျောင်းအရွယ်မှာ ကျောင်းထွက်မှုနှုန်းက မိစုံဖစုံ ကလေးထက်စာရင် ၂ ဆပိုတယ်။

(၃) လူမှုရေး
မိစုံဖစုံနေရတဲ့ ကလေးတွေ ထက်စာရင် လူမှုရေး၊ ဆက်ဆံရေး ပိုင်းမှာ ပြသာနာ ဖြစ်ပွားမှုနှုန်း ၄ ဆ ပိုတယ်။ ဆယ်ကျော်သက် အရွယ်မှာ ဒုစရိုက်မှု၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ လိင်ပိုင်းဆိုင်ရာ ပြစ်မှုတွေ ကို ကျူးလွန်ခြင်းတွေ ဖြစ်ကြတယ်။

ယောက်ကျားလေးတွေ မှာဆိုရင် ဒေါသကြီးပြီး ခိုက်ရန်ဖြစ်ပွားမှုနှုန်းက မြင့်တယ်။

behavioral problems တွေရှိတယ်။

မူးယစ်ဆေးဝါး၊ အရက်၊ ဆေးလိပ် စသဖြင့် သုံးစွဲမှုများတယ်။

မိစုံ ဖစုံနေထိုင်ကြတဲ့ ကလေးတွေထက် စာရင် ငွေကြေးချို့ တဲ့ မှု ပြသာနာတွေ ကို ပိုရင်ဆိုင်ရတယ်။

အဲဒီ ဆိုးကျိုးတွေ က ဘယ်နှစ်နှစ်လောက် အထိ သက်ရောက်မှု ရှိသလဲ?
*******************************************************
မိဘတွေကတော့ ကွာရှင်းပြီးတဲ့ နောက်ပိုင်း မှာ တချို့ ကလဲ အိမ်ထောင် အသစ် ပြန်ပြုကြ၊ ဘ၀ အသစ်မှာ ပျော်ရွှင်စွာ ပြန်ပြီး နေထိုင်နိုင်ကြတယ်။

Psychologist Judith Wallerstein က လုပ်ထားတဲ့ သုတေသနတစ်ခုမှာ၊ မိဘတွေ ကွာရှင်းထားတဲ့ ကလေးတွေ ကို ကွာရှင်းမှု အပြီး ၁၈ လ ကနေ ၂၅နှစ် အတွင်း ၅ ကြိမ် အင်တာဗျူး လုပ်ရာမှာ …. ကလေးတွေ ဟာ ၂၅ နှစ်ကြာပေမယ့် ဘ၀မှာ ကျရှုံးမှာကို စိုးရိမ်တဲ့စိတ်၊ ချစ်သူတွေကို ဆုံးရှူံးရမှာ စိုးရိမ်နေတဲ့ စိတ်၊ တစုံတဦးနဲ့  သဘောထားမတိုက်ဆိုင် လို့ ငြင်းခုန်ဖြစ်ရမှာကို ကြောက်တဲ့ စိတ် စတဲ့ စိတ်အမာရွတ်တွေ နဲ့ နေထိုင်ကြတာ တွေ့ ရပါသတဲ့။

စိတ်ဝင်စားစရာ ကောင်းတာက အဲဒီခံစားမှုတွေက ခလေးအရွယ်မှာ သိပ်မသိသာပေမယ့် သူတို့ တွေ ချစ်သူ စ ထားတဲ့ အခါ၊ အသက်ကြီးပိုင်းထဲကို ၀င်တဲ့ အခါမှာ ပိုပြီး သိသာ လာတယ်တဲ့။ တချို့ ဆိုရင် ရီးစားတောင် မထားရဲတဲ့ အထိ ဖြစ်ကြတာကို တွေ့ ရသတဲ့။ (သူ့ ရဲ့ တွေ့ ရှိချက် ကို ထောက်ခံထားတဲ့ သုတေသနတွေ ကလဲ အများကြီးပါ)

မိဘ နှစ်ဦးကြားက ချစ်ခြင်းတွေ ခန်းခြောက်တာမြင်ရ၊ အိမ်ကနေ တယောက်က ထွက်သွားတာ မြင်ရ ပြီး အဲဒီ မိဘနဲ့ နေ့ တိုင်း မမြင်ရ (တချို့ ဆို တသက်လုံး ထပ်မဆုံရ)၊ တချို့ ဆိုလဲ မိဘတွေ ရွေးချယ်တဲ့ နောက်အိမ်ထောင် တွေ ကြားထဲ အလိုက် အထိုက် ပြန်နေထိုင်ရတဲ့ အခါ စိတ် ဒဏ်ရာကင်းစွာနဲ့ ရှင်သန်ဖို့  မလွယ်နိုင်ဘူးတဲ့။

သူ့ ရဲ့ သုတေသနထဲက ကလေးတွေဟာ မိဘတွေ မကွာရှင်းခင် အချိန်က ပျော်စရာ အကြောင်းအရာတွေ ကို မမှတ်မိကြတော့ပဲ၊ ကွာရှင်းခါနီး သူတို့ ခံစားရတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ အဲဒါတွေ တကယ်ဖြစ်လာတဲ့ အခါ ၀မ်းနည်းရတာတွေ ကို ပို မှတ်မိနေကြတယ်။

“သူတို့ ချစ်ခင်တဲ့ မိဘနှစ်ဦး လမ်းခွဲကြတာဟာ ကလေးတွေ အတွက်တော့ သေရာပါ ၀မ်းနည်းမှုပါ၊ မကျက်နိုင်တဲ့ အမာရွတ်တစ်ခုပါ” လို့ သူကဆိုတယ်။

 

Source : မစုဥာဏ် (N&N Myanmar Online shop)

ကျမ်းကိုး
http://www.children-and-divorce.com/children-divorce-statis…
http://thedivorcehelpclinic.com
http://www.focusonthefamily.com/…/how-could-divorce-affect-