“အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ ချစ်ဝေမျှ” တဲ့ ဖေဖေများဖြစ်ဖို့ ….

ကုန်ဈေးနှုန်းတွေကမြင့်၊ လုပ်ငန်းခွင် တွေမှာ စိန်ခေါ်မှုတွေ များပြားလှတဲ့ ခေတ်ကြီးမှာ ဖေဖေအများစုဟာ စားဝတ်နေရေး အတွက် လုံးပမ်းရင်း သားသမီးကို ပဲ့ပြင်ဆုံးမဖို့ အသာထား၊ တချို့ ဆိုရင် နီးနီးကပ်ကပ်နေဖို့  အချိန် မပေးနိုင် လောက်အောင် အလုပ်များကြရတာ မြင်ဖူးမှာပေါ့ နော်။

လွန်ခဲ့တဲ့ နှစ် ၃၀ (ကျွန်မတို့ ငယ်ငယ်) တုန်းက ကျွန်မတို့ မိဘတွေ ကျင့်သုံးခဲ့တဲ့ သားသမီးနဲ့ မိဘကြားက ဆက်ဆံရေး ပုံစံတွေ နဲ့  အခု ကျွန်မတို့ က ကိုယ့်သားသမီးကို ဆက်ဆံနေတဲ့ ပုံစံတွေ ဟာ တဖြည်းဖြည်းနဲ့  ကွဲပြားလို့ လာနေပါပြီ။

အရင်ခေတ်တွေ တုန်းကတော့ ဖေဖေတွေက ငွေရှာပြီး၊ အမေတွေက ပဲ ကလေးကို ထိန်းကျောင်းကြ၊ သွန်သင်ဆုံးမကြနဲ့ ပေါ့  ။ ဖေဖေတွေကလဲ ကလေးတွေ အရိုအသေပျက်မှာစိုးလို့  အရောတ၀င်မနေပဲ ခပ်တန်းတန်း နေခဲ့ကြတာ များပါတယ်။ အခု ခေတ်မှာတော့ မေမေတွေလဲ ငွေရှာကြရလို့ ၊ ဖေဖေတွေလဲ ကလေး ထိန်းကူနေကြပါပြီ။

အမေရိကန်ပြည်ထောင်စုရဲ့ Senior Centers (ဘိုးဘွားရိပ်သာလိုမျိုး) မှာ နေကြတဲ့ ဖေဖေများကို စစ်တမ်း ကောက်ထားတဲ့ သုတေသနတစ်ခုမှာ .. ဖေဖေအများစုဟာ.. ကိုယ့်သားသမီးတွေ ကို အချိန်မပေးခဲ့လို့  နောင်တရနေကြကြောင်း တွေ့ ရပါသတဲ့။ သူတို့ တွေဟာ သားသမီးတွေ ရှေ့ ရေးအတွက် အလုပ်ကို ဖိလုပ်ရင်း၊ ချစ်စဖွယ် တီတီတာတာ အရွယ်လေးတွေကို မျက်ကွယ်ပြုခဲ့ကြရတာမို့  အသက်ကြီး ရင့်လာတဲ့ အခါ ကလေးတွေနဲ့ ရင်းနှီးချစ်ခင်မှုက သိပ်မရှိ၊ သွန်သင်ဆုံးမပေမယ့် ကလေးတွေက နားမထောင်၊ တချို့  ဆိုရင် စကားပြောဆိုလို့ မရတာမျိုး အထိ ဖြစ်ပြီး နောင်တ တွေနဲ့ ဘ၀ကို အထီးကျန်စွာ ဖြတ်သန်း နေကြရပါတယ်။ သူတို့ ရဲ့ ဘ၀ မှာ ပြန်လည်ပြင်ဆင်ခွင့်သာ ရခဲ့ရင့် သားသမီးတွေ ငယ်စဉ်က အချိန်ပေးပြီး ချစ်ခင်ယုယမှုတွေ ပြန်ပေးကြ၊ ပျော်ရွှင်တဲ့ မိသားစု ဘ၀ကို ပြန်လိုချင်ကြကြောင်း အများစုက ဖြေကြပါသတဲ့။

ကဲ အဲဒီလို နောင်တမျိုး မရအောင်၊ နောက်ပြီး သားသမီးတွေက.. အဖေ့ကို ချစ်ခင် တွယ်တာပြီး အားကိုးတဲ့ ဆက်ဆံရေးမျိုးရလာအောင် ဖေဖေတို့ အနေနဲ့ ဘာတွေ လုပ်သင့်သလဲ။

************************************************************

(၁) သားသမီးတွေကို အချိန်ပေးပါ။

ဖခင်နဲ့  သားသမီးကြား ရင်းနှီးချစ်ခင်မှု ကို ကလေးငယ်စဉ် ကတည်းက တည်ဆောက် သင့်ပါသတဲ့။ အမေတွေ ကိုးလ လွယ် ဆယ်လဖွားပြီး မှ အဖေရယ်လို့ ဖြစ်လာတာ မဟုတ်ဘူးနော်။ အမေ ကိုယ်ဝန်စရှိပြီ ဆိုတာနဲ့  အဖေတွေကလဲ သန္ခေသားလေးနဲ့ ရင်းနှီးမှု စယူသင့်ပါပြီ။

အမေ့ဝမ်းထဲမှာ ရှိနေစဉ် ကတည်းက စကားပြောပေးတာမျိုး၊ လက်နဲ့ ဗိုက်ကို ကိုင်ပေးတာမျိုး စောနိုင်သမျှ စောအောင် ရင်းနှီးမှုယူသင့်ပါတယ်။

လသား အရွယ်လေးတွေ ဟာ စကားလုံးတွေကို နားမလည်သေးပေမယ့်၊ အထိအတွေ့ တွေကို ခွဲခြားသိတတ်တာမို့ နေ့ စဉ် ကလေးတွေကို ပွေ့ ဖက်ခြင်း၊ နမ်းရှုံ့ ခြင်းဖြင့် ချစ်ခြင်းကို ပြသ သင့်ပါတယ်။

ကလေး အတွက် အမြဲတမ်း အချိန်ပေးဖို့ မဖြစ်နိုင်ရင်တောင် နေ့ စဉ် အချိန်တစ်ခု သတ်မှတ်ပေးပြီး အတူနေပေးခြင်းအားဖြင့် ကလေးတွေ စိတ်ထဲမှာ သူတို့ ဟာ သူတို့ ဖေဖေအတွက် အရေးကြီး တဲ့ သူတွေ ဖြစ်တယ်ဆိုတာ ကို သိစေနိုင်ပါတယ်။

မူလတန်း လောက်ကနေ ဆယ်ကျော်သက် အရွယ် အထိ၊ အနည်းဆုံး တပတ်တကြိမ်လောက် ဖေဖေနဲ့  သားသမီးတွေ အချိန်ဆိုပြီး သတ်မှတ်သင့်တယ်။ တီဗီထိုင်ကြည့်ပြီး စကားမပြောပဲနေတာမျိုးထက်၊ သားသမီးတွေနဲ့ အပြင် အတူတူ သွားတာမျိုး (ဒါမှမဟုတ်) အိမ်မှာ အတူတူ ကစားကြတာမျိုး လုပ်သင့်ပါတယ်။

(၂) စည်းကမ်းတွေ ချမှတ်သလို၊ ချစ်မြတ်နိုးမှုတွေလဲ ပြပါ။

အိမ်ထောင်စုတော်တော်များများမှာ ကလေးတွေ က အဖေတွေကို အမေထက် ပိုကြောက်ကြတယ်။ အထူးသဖြင့် အပြစ်လုပ်မိတဲ့ အချိန်တွေမှာပေါ့ ။ ကလေးဆိုတဲ့ အမျိုးက မလုပ်သင့်တာ၊ မလုပ်စေချင်တာ လုပ်ကြစမြဲ မို့ ဖခင်တွေ အနေနဲ့ Firm and fair ဆိုသလို တင်းလိုက် လျော့လိုက်လုပ်ရပါမယ်။ စည်းကမ်း သတ်မှတ်ချက်တွေကို လဲလုပ်၊ တဘက်ကလဲ ချစ်ခြင်းတွေကိုလဲ ပြတဲ့နည်းပါ။ ကောင်းတဲ့ အမူအကျင့်တွေ လုပ်တဲ့ အခါမှာ ချီးကျူးပြောဆိုဖို့ လဲ မမေ့ပါနဲ့ ။

(၃) ကလေးတွေ အတွက် စံပြ ပုဂိုလ်ဖြစ်ပါစေ။

ကလေးတွေ ကိုယ်တိုင် သတိထား မိသည်ဖြစ်စေ၊ သတိ မထားမိသည် ဖြစ်စေ၊ ဖေဖေဟာ သူတို့  တွေ အတွက်တော့ စံပြ ပုဂိုလ်တွေဖြစ်တယ်။ ဖခင်ဆီက လေးစားချစ်ခင်တဲ့ ဆက်ဆံမှုတွေကို လက်ခံရတဲ့ သမီးဟာ အရွယ် ရောက်လာလို့ အိမ်ထောင်ဘက်ရှာတဲ့ အခါ သူ့ ဖခင်လို လူမျိုးကို ပိုရှာကြတယ်။ အဲ.. သား ယောက်ကျားလေးတွေ ကျပြန်တော့လဲ သူမြင်တွေ့ နေရတဲ့ ဖခင်ရဲ့ မိသားစုအပေါ် ဦးဆောင်မှု၊ တာဝန်ယူမှုတွေကို စံပြအနေနဲ့ လိုက်ပြီး အတုယူကြပါတယ်။

(၄) နားထောင်ကောင်းသူတွေဖြစ်အောင် ကြိုးစားပါ။

တချို့ အိမ်တွေ မှာ တခုခုဆို အဖေလုပ်သူကို မပြောရဲ မဆိုရဲ နဲ့ အမေ့ ကိုပဲ ပြောပြတိုင်ပင်ချင်ကြတာ မြင်ဖူးကြ၊ ကြုံဖူးကြမှာပေါ့ နော်။ ဒါကြောင့် ကလေးတွေ က ကိုယ့်ကို ဘာမဆို ပြောရဲ ဆိုရဲ တိုင်ပင်ရဲအောင် သူတို့  လေးတွေ ရဲ့  စိတ်ကူး၊ ပြသာနာ စတာတွေကို ငယ်စဉ်ကတည်းက နားထောင်ပေးတတ်တဲ့ အကျင့်ကို လုပ်ရမှာဖြစ်တယ်။

(၅) လက်ဦးဆရာဖြစ်ပါစေ။

ဘ၀ရဲ့ အရေးကြီးတဲ့ သင်ခန်းစာတွေ၊ အမူအကျင့်ကောင်းတွေ ကို ကိုယ်တိုင်လဲ ကျင့်သုံးပြ၊ ကလေးတွေကိုလဲ သင်ပြပေးခြင်းနဲ့ သူတို့  မှန်ကန်တဲ့ ရွေးချယ်မှုတွေ လုပ်နိုင်အောင် ငယ်စဉ်ကတည်းကသင်ပေးသင့်ပါတယ်။ ကလေးကို သူလုပ်နိုင်တဲ့ အလွယ်တကူ အောင်မြင်မှုတွေထက်၊ မအောင်မြင်ပေမယ့် အကြိမ်ကြိမ် ပြန်ကြိုးစားတဲ့ ကြိုးပမ်းအားထုတ်မှုကို ပိုပြီး အလေးထားတတ်အောင် သင်ပေးပါ။

(၆) ထမင်း အတူတူစားပါ။

မိသားစုဝင် အချင်းချင်း ရင်းနှီးချစ်ခင်အောင်၊ မိသားစုတန်ဖိုးသိအောင် လေ့ကျင့်တဲ့ နေရာမှာ မိသားစု ထမင်းဝိုင်းက အရေးကြီးဆုံးပါ။ အနဲဆုံး တနေ့ တနပ်တော့ အတူတူ စားသင့်ပါတယ်။ ထမင်းဝိုင်းမှာ ကလေးတွေကို စကားပြောခွင့်ပေးရင်း သူတို့ ရဲ့ တနေ့ တာ အကြောင်းအရာတွေကို သိနိုင်သလို၊ အဖေတွေ အနေနဲ့  လိုအပ်သလို ပါဝင်ပတ်သက်မှုကို ပေးနိုင်တယ်။

(၇) စာဖတ်ပြပါ။

တီဗီတွေ၊ အင်တာနက်တွေ ပေါနေတဲ့ ခေတ်မို့ ခက်ရင် ခက်ပါလိမ့်မယ်။ ငယ်စဉ်ကတည်းက စာဖတ်ခြင်း ကို နှစ်သက်စေတဲ့ အကျင့်ကို ပျိုးထောင်ပေးခြင်းဟာ ကလေးရဲ့ တသက်စာလုံး ကိုယ်ရည်ကိုယ်သွေးမြင့်မားဖို့ ၊ တွေးခေါ်မှုစွမ်းအားတွေ မြင့်မားစေဖို့ ..အဖိုးတန်တဲ့ အရင်းနှီးဖြစ်ပါတယ်။ သူတို့ ချစ်တဲ့ ဖေဖေက စာဖတ်ပြတဲ့ အခါ ကလေးတွေက ပိုပြီး စိတ်ထဲဆွဲထင်နေတတ်ပါသတဲ့။

(၈) လုံခြုံစိတ်ချမှုကို ပေးပါ။

မိဘနှစ်ဦး အဆင်မပြေမှုတွေကြားမှာ ကြီးပြင်းရတဲ့ ကလေးတွေဟာ စိတ်ဓာတ်လုံခြုံမှု နည်းပါးစွာ၊ အားငယ်စွာ (ဒါမှမဟုတ်) အလိုမပြည့်မှုတွေ နဲ့ ကြီးပြင်းရတာမို့ ..မိမိရဲ့ ဇနီးသည်အပေါ်မှာ ကြင်နာစွာ ဆက်ဆံပြောဆိုခြင်း နဲ့ ကလေးတွေကို လုံခြုံစိတ်ချရတဲ့ အသိုက်အမြုံလေးတစ်ခု ဖန်တီးပေးရာရောက်စေပါတယ်။

ကလေးတွေကို ရိုက်နှက်ဆုံးမခြင်း၊ ဇနီးမယားကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်း နဲ့  ကြမ်းတမ်း စွာဆဲဆိုခြင်း စတဲ့ အပြုအမူတွေဟာ ကလေးတွေ ကို ကူးစက်စေပါတယ်။ ကျောင်းတွေမှာ၊ လူမှုဆက်ဆံရေးနယ်ပယ်တွေမှာ မ၀င်ဆန့် တော့ပဲ စရိုက်ကြမ်းကြမ်းလေးတွေ ဖြစ်နေကြတဲ့ ကလေးများရဲ့  နောက်ကွယ်မှာ အိမ်က ဘ၀ကို မကျေနပ်မှု က တစ်ခုအပါအ၀င်ပါ။

ကျွန်မဖတ်တဲ့ ဆောင်းပါးတစ်ခုက တော့ ဖခင်ကောင်းဖြစ်ဖို့ နည်းလမ်း ၁၀၁ နည်းဆိုပြီ့း  စာရင်းပြုစု ထားပါတယ်။ မြန်မာတွေနဲ့ သင့်တော်မယ်ထင်တဲ့ ဒီ ၈ နည်း ကိုပဲ ရောမွေပြီး ရေးလိုက်တာပါ။ ( ၁၀၁ ခုလုံးရေးရင် အိမ်က သမီးရဲ့ ဖေဖေက ငြူစူတော့မှာကို စိုးတာလဲ ပါပါတယ်း)

သုတေသနတွေထဲမှာ ဖခင်ဆီက နွေးထွေးတဲ့ ဆက်ဆံမှုကို ရရှိတဲ့ ကလေးတွေဟာ ကြီးပြင်းလာတဲ့ အခါ မိမိကိုယ်ကို ယုံကြည်တဲ့ စိတ် ပိုပြီး မြင့်မြင့်မားမားရှိကြတယ်လို့ ဆိုထားပါတယ်။ ငယ်စဉ်တုန်းက ဖေဖေတွေရဲ့  သွန်သင်ဆုံးမမှုတွေဟာ သားသမီးရဲ့ ရည်မှန်းချက်ပန်းတိုင် ချမှတ်ဖို့ ၊ ဘ၀ရဲ့  စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတဲ့ အခါ မှန်မှန်ကန်ကန်ရွေးချယ်ဖြေရှင်းနိုင်ကြတဲ့ အထိ သက်ရောက်မှုရှိတာကို လဲ ထောက်ပြထားကြပါတယ်။

ဖေဖေတွေ ရဲ့ ချစ်ခြင်း၊ သွန်သင်ဆုံးမခြင်း တွေဟာ ကလေးတွေရဲ့ ဘ၀ တခုလုံး အတွက် အင်မတန်မှ အရေးကြီးလှတာမို့ … အနည်းဆုံး..အချိန်လေးတော့ ပေးနိုင်အောင် ကြိုးစားကြပါ ဖေဖေတို့ ရေ….
Source : မစုဥာဏ် (N&N မိသားစု)

Ref: parents.com( 101 ways to be a great dad), brighthorizons.com (the art of being a father)