မွေးစမှ ၁လ အရွယ် ဖွံဖြိုးမှုမှတ်တိုင်

ကလေးလေးတွေရဲ့ ဖွံ့ဖြိုးမှုက တစ်ယောက်နဲ့တစ်ယောက်တော့ အမြဲတမ်းထပ်တူ မကျနိုင်ပါဘူး။ သူတို့လေးတွေ အမေဝမ်းထဲကနေ အပြင်ကို ရောက်လာတာနဲ့ မိဘတွေအနေနဲ့ သူတို့လေးတွေရဲ့ အာဟာရကျန်းမာရေး အစစပြုစုပေးရင်း သူတို့လေးတွေရဲ့ development ကိုလည်းစောင့်ကြည့် သိထားဖို့အရမ်းအရေးကြီးပါတယ်ရှင်။

-မိခင်ဘဝရဲ့ အစောပိုင်းနေ့ရက်တွေကတော့ အမြဲခက်ခဲတဲ့နေ့တွေပါပဲ။ သီတင်းပတ်အနည်းငယ်ကြာလာရင်တော့ ရင်သွေးလေးက မိခင်(အနီးကပ်ပြုစုသူ)ရဲ့ အသံ၊မျက်နှာ၊ အထိအတွေ့စတာတွေကို သိစပြုလာပါပြီ။

-သူတို့လေးတွေ ဒီအချိန်မှာ ၈ -၁၂ လက်မ လောက် အထိပဲ အာရုံစိုက်နိုင်မြင်နိုင်ပါသေးတယ်။ ဒီအကွာအဝေးလောက်နားမှာရှိတဲ့ မိခင်ရဲ့မျက်နှာကိုတော့ ကောင်းကောင်း စိုက်ကြည့်နေတတ်ကြပြီလေ။ အဖြူအမဲအဆင်အသွေးတွေကလဲ သူတို့ကို ဆွဲဆောင်ပါတယ်။

-အသံကြားနိုင်စွမ်းကလည်း အပြည့်အဝဖွံ့ဖြိုးနေပါပြီ။ တစ်လ အရွယ်ကလေးလေးက ရင်းနှီးတဲ့ အသံကြားရင် ၊မိခင်ရဲ့ အသံကြားရင် မျက်နှာလေးစောင်းငဲ့ ကြည့်တတ်နေနိုင်ပါပြီ။

– လက်ကလေးတွေ အသေအချာရည်ရွယ်ချက်ရှိရာမရွှေ့နိုင်သေးပေမဲ့ သူတို့ရဲ့ ပါးစပ်နားဆီကို ရောက်အောင် သွားနေနိုင်တတ်ပါပြီ။
– activities မပြောင်းလဲရင် ငြီးငွေ့ပြီးငိုတတ်နေပါပြီ။

မိခင်ရဲ့အခန်းကဏ္ဍ
__________________

-ပထမဆုံး သီတင်းပတ်တွေမှာ မိခင်အနေနဲ့ ကလေးကို ရင်းနှီးကျွမ်းဝင်အောင်လုပ်ရမဲ့ ရက်တွေပါပဲ ။ ကလေးလေးတွေကို ထွေးပွေ့ပေးပါ ။ စကားပြောပေးပါ။ များများပြောလေကောင်းလေပါပဲ။ သူရဲ့ အိပ်ချင်လာရင်၊ ဗိုက်ဆာလာရင် ပြသတတ်တဲ့ လက္ခဏာတွေကိုလဲ သိအောင် အမြဲတမ်း လေ့လာနေဖို့လိုပါတယ်။ အိပ်ငိုက်ဗိုက်ဆာတဲ့ ကလေးက ငိုမှာပါပဲ။ သူအဆင်ပြေနေမှ အေးအေးချမ်းချမ်း အိပ်စက်မှာပါ။ ဒါဆို မေမေလည်း သက်သာတာပေါ့။

-ကလေးနိုးနေတဲ့ အချိန်မှာ ကလေးကို ဝမ်းယားမှောက် အနေအထားနဲ့ တတ်နိုင်သလောက်ထားပေးပါ။ ဒါမှ သူရဲ့ ကြွက်သားလေးတွေ ဆန့်လို့ရပြီးသန်မာလာမှာပါ။အရုပ်ကလေးတွေကို ကြည့်တတ်အောင်၊ လက်လှမ်းယူတတ်အောင် အားပေးပါ။

– အပြင်ကို ထွက်ပေးနိုင်ရင် များများထွက်ပေးပါ။ ကလေးလဲ ပျော်ရွှင်ပါလိမ့်မယ်။ အပြင်ပတ်ဝန်းကျင်၊ကစားကွင်း၊ အခြားကလေးများနဲ့ စတင်မိတ်ဆက်ပေးနိုင်ပြီး enjoy လုပ်နိုင်ပါတယ်။

– မျက်ဝန်းချင်း ( eyes contact) များများဆုံပြီး စကားပြောပေးပါ။ စာဖတ်ပြပေးပါ။

-ကလေးနိုးကြားပြီး ပျော်ရွှင်နေတဲ့အချိန်မျိုးမှာ ရိုးရှင်းတဲ့ တူးဝါး ကစားနည်းလေးတွေစတင်ကစားနိုင်ပါပြီ။

သတိထားရမယ့်အချက်
_____________________

ကလေးတိုင်းက သူ့အတိုင်းအဆနဲ့သူကြီးထွားတတ်ကြတာပါ။ ဒါပေမယ့် ကလေးက အောက်မှာဖော်ပြထားတဲ့ အချက်တွေ ရှိလာပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်ရှင်။
-နို့ကို စုပ်ယူနို်င်မှု ကောင်းကောင်းမရှိခြင်း။
-မျက်လုံးရဲ့ အာရုံစိုက်နိုင်မှု ရှိတယ်လို့မထင်ရခြင်း (သို့) အနီးအနားမှ လှုပ်ရှားနေသော အရာဝတ္တုတွေကို မကြည့်တတ်ခြင်း။
– မပြုးရယ်ခြင်း
– လက်ကို ပါးစပ်ထဲသို့ မထည့်ခြင်း။
– အသံကျယ်တွေကို မတုံ့ပြန်ခြင်း။
ဒါတွေကို သံသယဖြစ်ရင်လည်း စိတ်ဓါတ်မကျပဲ နားလည်သူများနဲ့ ဆွေးနွေးတို်င်ပင်သင့်ပါတယ်။ တစ်ချို့ အရမ်းမဆိုးတဲ့ အရာတွေက စောစောလုပ်နို်င်ရင် ပုံမှန်(သို့) ပိုကောင်းတဲ့အခြေအနေကို ပြန်ရနိုင်ပါတယ်ရှင်။

စိတ်ချမ်းသာပျော်ရွှင်ကြပါစေ။

Source : ယုငယ်(နီတိုးလေးမေမေ)

Ref; thebump.com
Babycenter.com