၁၃ လမှ ၂၄ လ ဖွံ့ဖြိုးကြီးထွားမှု မှတ်တိုင်

ကလေးလေးတွေဟာ နှစ်နှစ်ထဲ ရောက်လာရင်တော့ သူတို့ ခြေထောက်လေးတွေပေါ်မှာ ကောင်းကောင်းမွန်မွန် ယုံကြည်ချက်အပြည့်နဲ့ လျှောက်နိုင်နေကြပါပြီ။ ယိုင်ထိုး ယိုင်ထိုးေ ခြေလှမ်းလေးတွေ တည့်မတ်လာပြီး လှေကားအဆင့် (သို့) အဆင့်ရှိတဲ့ နေရာများကို တက်ချည်ဆင်းချည် လုပ်နိုင်လာ ကြပါပြီ။ ခြေဖျားထောက်ပြီး ရပ်နိုင်လာပါပြီ။ ဘောလုံး လေးတွေ ကိုလည်း ကန်နိုင်လာပါပြီ။ တစ်ချို့ကလေးများ ၂နှစ်ပြည့်ရင်ပြေးတောင်ပြေးနေနိုင်ပါပြီ။ ဆိုဖာ ၊ကုလားထိုင်များ ပေါ်သို့လည်းတွယ်တက် လာတတ်ကြပါပြီ။
ဖေဖေမေမေ တို့ ပြောသမျှကို နားလည်ပေမယ့် နားလည်ကြောင်းသိပ်ပြီးမပြတတ်ကြသေးပါဘူး ဒါပေမယ့် ကလေးလေးတို့ရဲ့ ဘာသာစကားစွမ်းရည်က တိုးတက်လာနေပါတယ်။ ၁၈ လ မှာတော့ ကလေးလေးတွေဟာ အနည်းဆုံး စကားလုံး အချို့ ပြောနိုင်နေပါပြီ။ ဥပမာ-မေ၊ ပေး၊လာ၊ရေ စသဖြင့်။ ၂၄ လ မှာတော့ ကလေးလေးတွေက စကားစု အတိုလေးများနဲ့ ရိုးရှင်းသောဝါကျ များကို ပြောဆိုနေနိုင်ပါပြီ။
ဖေဖေမေမေတို့ နေ့တိုင်းပြောနေသော စကားပြောများနဲ့ သူတို့ကို အသံကျယ်ကျယ်နဲ့ ဖတ်ပြသော ကလေးစာအုပ်များမှ စကားလုံးများကို ကလေးလေးတွေဟာ မြန်မြန်ဆန်ဆန် သင်ယူနိုင်ကြပါတယ်။ သူတို့လေးတွေဟာဒီအချိန်မှာ အဆင့် ၂ ဆင့် ပါသော ညွှန်ကြားချက် ( two-step instructions) ကို လိုက်နာ နိုင်နေပါပြီ။ ဥပမာ- “သားသားအရုပ်လေး ယူလာပြီးမေမေ့ကိုပေး” ဆိုတာမျိုးကို လုပ်တတ်နေပါပြီ။
Toddler လေးတွေ ဒီအရွယ်မှာ အရောင်များနဲ့ ပုံသဏ္ဍာန်များ (colour and shape)ကို စပြီးခွဲခြားသိနေပါပြီ။ ရောင်စုံလေးတွေ ခြယ်လို့ရနေပါပြီ။ ဘလောက်တုံး ၄ တုံးနဲ့ အထက်ကို ဆောက်နိုင်နေပါပြီ။ ဘောလုံး ကိုလည်း ပစ်နိုင်နေပါပြီ။ ရေခွက်၊ သဲကစားခွက်၊ ဘလောက်တုံးခွက်စသည့် ထည့်စရာခွက်များကို ဖြည့်ခြင်းး၊သွန်မှောက်ခြင်းများ လုပ်ရတာကို ပျော်ရွှင်တတ်ကြပါတယ်။ Toddler လေးတွေ အင်္ကျီချွတ်တာ၊ဝတ်တာ၊ ထမင်းစားတာ၊လက်ဆေးတာတွေကို ကိုယ်တိုင်လုပ်ချင်လာတတ်ကြပါပြီ။ ထမင်းကျွေးရင် ဇွန်းတွေ ခွက်တွေကိုဆွဲယူပြီး ကိုယ်တိုင်လုပ်ချင်တတ်ကြပါတယ်။ “သားသားလုပ်” ဆိုတာ ကလေးလေးတွေရဲ့ ပထမဆုံး စကားစုလေးတောင်ဖြစ်နိုင်ပါတယ်။
တစ်ချို့ကလေးတွေက ဒီအရွယ်မှာ အိမ်သာ အသုံးပြုတာကို သင်ယူဖို့ အဆင်သင့်ဖြစ်နေပါပြီ.။ ဖေဖေမေမေတို့ကို အတုခိုးပြီး ဖုန်းပြောတမ်းကစားတာ၊ အရုပ်ကို ထမင်း၊မုန့်ကျွေးတမ်းကစားတာ၊ ကားမောင်းတမ်း ကစားတာ စတဲ့ pretend games များကို စတင်ကစားလာပါပြီ။
၂၄ လ မှာတော့ အခြားသောကလေးများနဲ့ အတူတူဆော့ရတာကို ပိုပြီးအဆင်ပြေသက်တောင့်သက်သာရှိလာကြပါပြီ။ အခြားပြုစု စောင့်ရှောက်သူများနဲ့ လည်း နေနိုင်လာပြီး separation anxiety လဲလျော့နည်းလာပါပြီ။

မိခင်( ပြုစု စောင့်ရှောက်သူ)၏အခန်းကဏ္ဍ

ဒီအရွယ်မှာ မေမေတို့ ကလေးလေးတွေရဲ့ အသံထွက်နိုင် စွမ်းရည်ကို ပိုပြီး အားပေးသင့် ပါတယ်နော်။ စကားလုံးတိုင်းမှာ ခံစားမှုလေးတွေ ထည့်ပြီးသင်ပေးသင့်ပါတယ်။ (ဥပမာ- ပျော်တယ်တယ်ဆိုရင် မျက်နှာက ပျော်တဲ့ မျက်နှာ ပိုလုပ်ပြတာမျိုး၊ ဗိုက်ဆာတယ်ဆို ဗိုက်ကိုလက်နဲ့ပွတ်ပြပြီး မန်းမန်းစား ရမယ်လို့ပြောပြတာမျိုး ၊ ဒါမှကလေးက ခံစားချက်နဲ့ စကားလုံးတွဲသိပြီး စကားလုံးလဲတိုး ဥာဏ်ရည်လည်း တိုးတက်စေမှာပါ။ )သူတို့ကို လွယ်ကူတဲ့ မေးခွန်းလေးတွေမေးပြီးစဉ်းစားဖို့ အချိန်ပေးပါ။ သူတို့ ရဲ့ အယူအဆ ကို ” သားဘယ်လိုထင်လဲ” စသဖြင့် မေးပေးပါ။သူမေးတဲ့ မေးခွန်းလေးတွေကို လဲ ဖြေပေးပါ။ တူတူဖတ်ထားတဲ့ ပုံပြင်စာအုပ်အကြောင်း ပြောကြပါ။

( ဒီနေရာမှာ ကျွန်မကတော့ ပုံပြင်အကြောင်းအရာ အတိအကျမှန်တာ ၊မမှန်တာကိုအလေးထားတာထက် သူရဲ့ စိတ်ကူးကို ပို ပြီးအလေးထားပါတယ်။ သူ ထင်သလို ပြောတာကို လေးလေးစားစား နားထောင်ပေးပါတယ်။ ဒါမှ သူ့ရဲ စဉ်းစားဥာဏ်လေးတိုးတက်လာမှာပါ။ ကိုယ်ပိုင် စိတ်ကူးစိတ်သန်းကို စပြီးပြုစုပေးလို့ရပါပြီ။)
ကလေးလေးတွေ မှားပြောမိရင် မဆူမိအောင် သတိထားပေးပါ။ သူမှားပြီးပြောတဲ့ စကားလုံး အစား အမှန်ကို ဖေဖေမေမေတို့က အစားထိုးပြောပေးပါ။ ” အဲလို မဟုတ်ဘူး” ” ဒါတောင်မသိဘူးလား” တို့ ကို မပြောမိပါစေနဲ့နော် ။ သူတို့ရဲ့ ယုံကြည်မှုကို ထိခိုက်သွားနိုင်ပါတယ်။ ဥပမာ- ကလေးက ရေခွက်ကို ရေဘူးလို့ ပြောရင် ” ရေခွက်လေ သမီးရဲ့” လို့ တစ်ခြားဘာမှမပြောပဲတိုက်ရိုက် အမှန်စကားလုံးကို ပြင်ပေးပါ။
သူလိုချင်တာကို လက်ညှိုးထိုးပြီးယူခိုင်းတဲ့အခါ ( ကလေးက စကားပြောနေပြီဆိုရင်) ပါးစပ်မှတောင်းဖို့ပြောပြီး တောင်းခိုင်းပါ။ ကလေးက စကားမပြောသေးရင်လဲ သူတောင်းတဲ့ ပစ္စည်း နာမည်ကို သေချာ အသံထွက်ပြပြီး စက္ကန့်ပိုင်းလောက်စောင့်ပြီးမှပေးပါ။ သူနားထောင်ပြီးသင်ယူချိန်ပေးတဲ့သဘောပါ။
ကလေးလေးတွေကို နံပါတ်၊ အက္ခရာ၊ ခန္ဓာကိုယ် အစိတ်အပိုင်းလေးတွေ စသင်လို့ရပါပြီ။ နေ့စဉ် ကလေးလေး ထိတွေ့နေတဲ့ ရင်းနှီးတဲ့ ပတ်ဝန်းကျင်က အရာတွေကို နာမည်ပြောပြီး သင်ပေးလို့ရပါပြီ။ (ဥပမာ – သစ်ပင်ပေါ်မှာ ငှက်ကလေး၊ မီးမီးဘာနဲ့ ရေသောက် ခွက်နဲ့သောက်)
ဟန်ဆောင်ကစားနည်း (pretend play) ကစားအောင် အားပေးပါ။ အရုပ်များနဲ့ အချင်းချင်း နှုတ်ဆက် စကားပြော၊ မုန့်ကျွေးတာက စလို့ရပါတယ်။ အရုပ်လေးတွေ ကို မာတဲ့ အရုပ်၊ ပျော့တဲ့ အရုပ် ၊တူတဲ့အရုပ်တွေ ခွဲခြားခိုင်းပါ။ ဒီလို လုပ်တာဟာ သူနဲ့ ကစားတာလဲဖြစ်သလို၊ မာ၊ပျော့၊ တူ၊မတူ၊ အရောင် စတာတွေကို သင်ပေးတာပါ။ မေမေတို့ စာအုပ်နဲ့ သင်စရာမလိုပဲ ကစားရင်းလဲ ကလေးတွေကို ဝေါဟာရကြွယ်အောင်လုပ်လို့ရပါတယ်နော်။
အပြင်မှာ ကစားချိန်ကိုလဲ များများထားသင့်ပါတယ်။ ကစားကွင်း၊ ပန်းခြံ စတာတွေက ကလေးလေးတို့ စူးစမ်းသင်ယူစရာတွေချည်းပါပဲ။
ကလေးလေးတို့ကို ကောင်းသောအမူအကျင့်( good behaviour) တွေကို ချီးကျူးပေးခြင်း၊ အသိအမှတ်ပြုပေးခြင်းဖြင့် စတင်သင်ကြားလို့ရပါပြီ။ Toddler လေးတွေကို “ဒီဟာလား၊ဟိုဟာလား” ” ” this and that ” မေးပြီး ရွေးချယ်တတ်အောင် စတင်သင်ကြားပေးနိုင်ပါပြီ။ ကလေးလေးတွေက ခုမှ သူတို့ ကိုယ်သူတို့express ဖော်ပြနိုင်အောင် ၊control ထိန်းချုပ်စီမံနိုင်အောင် သင်ယူနေဆဲမို့ မေမေတို့အနေနဲ့ စိတ်ရှည်အကောင်းမြင်ပြီးအချိန်ယူ သင်ကြားပေးရမှာပါ။
နှစ်နှစ်သားလေးတွေဟာ ခန္ဓာကိုယ်ရော ဦးနှောက်ပါ ဖွံ့ဖြိုး လာပြီး စွမ်းရည်အသစ်လေးတွေ ရှိလာပြီဖြစ်လို့ အိမ်တွင်းမှာ လွတ်လပ်လုံခြုံစွာ စူးစမ်းနိုင်စေဖို့ childproof ကလေးအတွက်သင့်လျော်တဲ့ နေရာလေးဖြစ်အောင်လဲမေမေတို့ စီစဉ်ပေးသင့်ပါတယ်။

သတိပြုရမယ့်အချက်များ

ကလေးတစ်ယောက်စီတိုင်းမှာ သူ့ကိုယ်ပိုင်ကြီးထွားမှုကိုယ်စီနဲ့ပါ။ အောက်ပါအချက်များ ရှိခဲ့ရင်တော့ ကလေးဆရာဝန်နှင့်ပြသတိုင်ပင်သင့်ပါတယ်။

-၁၈ လထိ လမ်းမလျှောက်နိုင်ခြင်း။
-နေ့စဉ်သုံး ပစ္စည်းများဘယ်လို သုံးတယ်ဆိုတာနားမလည်ခြင်း။ ( ဥပမာ- ဘီးကို ပြလျှင် ခေါင်းဖီးရာတွင်သုံးမှန်းမသိခြင်း၊ ခေါင်းအုံးကို ပြလျှင် အိပ်ချတဲ့ပုံ မလုပ်ပြတတ်ခြင်း)
-၁၈ လတွင် အနည်းဆုံး စကားလုံး ၆လုံး မပြောနိုင်ခြင်း။ (သို့) ၂၄လ တွင် စကားလုံးနှစ်လုံးပါ ဝါကျ မပြောနိုင်ခြင်း။( ဥပမာ- မေမေ လာပါ၊ ထမင်းစားမယ်)
-လှုပ်ရှားမှု၊ စကားလုံး စတာတွေကို အတုခိုးပြုလုပ်ပြောဆိုမှုမရှိခြင်း။
-ရိုးရှင်းသော ညွှန်ကြားမှုများကို လိုက်နာနိုင်မှု မရှိခြင်း။ ဥပမာ- ချထားလိုက်၊ ယူလာခဲ့
-ကလေးအရင်က လုပ်နိုင်စွမ်းရှိခဲ့တဲ့ skills တွေ မလုပ်နိုင်တော့ခြင်း၊ ဆုံးရှုံးသွားခြင်း။

ကလေးလေးတွေအားလုံး ဥာဏ်ရည်ဖွံ့ဖြိုးမှု၊ခန္ဓာကိုယ်ဖွံ့ဖြိုးမှုမှတ်တိုင် အားလုံးသို့အသက်အရွယ်အလိုက် ရောက်ရှိနိုင်ကြပါစေ။
စိတ်ပျော်ရွှင်ကျန်းမာကြပါစေ။

Source : နီတိုးလေးမေမေ။