၂၅ လ မှ ၃၆ လ ဖွံ့ဖြိုးတိုးတက်မှု

ကလေးတစ်ယောက်ချင်းစီတိုင်းဟာ ဖွံ့ဖြိုးတိုးတက်မှုမှာ ထပ်တူမကျနိုင်ပါဘူး။ အခုရေးထားတဲ့ အချက်များက ဖေဖေမေမေတို့ အတွက် guideline သာဖြစ်ပါတယ်။

???ဒီအရွယ်မှာ ကလေးလေးတွေရဲ့ စိတ်ကူးစိတ်သန်း imagination လေးတွေ တိုးတက်လာနေပါပြီ။ ဟန်ဆောင်ကစားနည်းများ ( pretend games) ၊ တကယ်မဟုတ်တဲ့ ပျော်စရာပုံ ပြုလုပ်ကစားနည်းများ( make-believe games)ကို ဒီအရွယ်မှာ ကစားလာကြပါပြီ။ စိတ်ကူးယဉ်ကမ္ဘာထဲက အကြောက်စရာအကောင်ကြီးတွေကို တွေးထင်ပြီး ကြောက်တတ်လာကြတယ်။ ပုံမှန် အရာဝတ္ထုတွေဖြစ်တဲ့ အမှောင်၊ ရေစုပ်စက်၊ ဖုန်စုပ်စက် စတာတွေကိုလည်း ကြောက်တတ်ကြပါတယ်။ ကလေးလေးတွေဟာ ဒီအရွယ်မှာ ပုံပြင်ထဲ နဲ့ အပြင်ဘဝ ကို ရောထွေးနေပြီး ခွဲခြားဖို့ခက်တတ်ကြပါတယ်။

ကလေးလေးတွေရဲ့ စကားပြောသံပိုပြီး ပီသလာတဲ့ အတွက် တစ်စိမ်းတွေတောင် သူတို့ ပြောတာနားလည်လာနိုင်ပါပြီ။ ကလေးတွေရဲ့ စကားလုံး တိုးတက်မှုကလဲ မြန်လှပါတယ်။ သူတို့ နာမ်စားတွေကို ပိုမှန်ကန်စွာသုံးတတ်လာပါပြီ။ တစ်ဆင့်ထက်ပိုတဲ့ ညွှန်ကြားမှုတွေကိုလဲ လိုက်လုပ်တတ်နေကြပါပြီ။ ဥပမာ- “သား စားပွဲပေါ်က စာအုပ် ယူလာပြီး ဒီခုန်မှာ လာထိုင်ဖတ်နော်” ။ ကလေးလေးတွေဟာ အသက်သုံးနှစ်မှာ စကားလုံးပေါင်း ရာနဲ့ချီပြီး အသုံးပြုနေပါပြီ။

ကလေးဟာ လှေကားပေါ်ကို တက်လိုက်ဆင်းလိုက် လုပ်နိုင်နေပါပြီ။ ခုန်နိုင်နေပါပြီ။ သုံးဘီးစက်ဘီး( tricycle) ကို နင်းနိုင်နေပါပြီ။ ကလေးလေးရဲ့ လက်ကို ကျွမ်းကျင်စွာ အသုံးပြု နိုင်မှု ကလည်းတိုးတက်လာနေပါပြီ။ ကလေးလေးတွေက တံခါးတွေ၊ ထည့်စရာဘူးတွေ ကို ဘယ်လို ဖွင့်ရမလဲ ဆိုတာ သိနားလည်နေကြပါပြီ။ သူ့တို့ အရုပ်တွေကိုလဲ ဖြုတ်ထုတ်ပြောင်းရွှေ့ စတာတွေ လုပ်တတ်နေပါပြီ။ ရိုးရှင်းတဲ့ အရုပ် ၊စာလုံး puzzle လေးတွေ ပြီးအောင် ဆက်တတ်နေပါပြီ။ မေမေတို့စာရွက်နဲ့ ရေးစရာပေးလိုက်ရင်တော့ စက်ဝိုင်းတွေ ဆွဲတတ်နေပါပြီနော်။

ကလေးလေးတွေ ဒီအရွယ်မှာ သူနဲ့ တူတူ ကစားဖော် တွေကို စာနာမှု၊ ခင်တွယ်မှု တွေ ပြသလာပြီး သူတို့ရဲ့ ပေါင်းသင်းဆက်ဆံရေးခင်မင်မှု တွေ ဖွံ့ဖြိုးလာတာကို ဖေဖေမေမေတို့ တွေ့လာရမှာပါ။ သူတို့ရဲ့ အရုပ်နဲ့ ကစားရင်တောင် အရုပ်ကလေးတွေကို နာမှာစိုးနေတတ်ပါသေးတယ်။ အလှည့်ကျပြုလုပ်ခြင်း (turn taking) နဲ့ ဝေမျှခြင်း ( sharing) တို့ကို သင်ကြားပေးပါက နားလည်လာပါပြီ။ ဒါပေမယ့် သူတို့ရဲ့ စိတ်ခံစားမှု ပြင်းထန်လာတဲ့ အခါ ၊ ဒေါသ ထွက် ၊မကျေနပ် ၊ဝမ်းနည်းစတာတွေခံစားလရရတဲ့ အခါ ဘာဖြစ်မှန်းမသိ၊ဘယ်လို လုပ်ရမှန်းမသိပဲ စိတ်ဆိုးသောင်းကျန်းခြင်း(tantrum) တွေဖြစ်တတ်ပါတယ်။

မိဘများရဲ့အခန်းကဏ္ဍ

ကလေးလေးတွေကို သူနဲ့ သက်တူရွယ်တူ၊မတိမ်းမယိမ်းအရွယ်တွေ နဲ့ ဆော့ကစားဖို့ အခွင့်အရေးများများပေးပါနော်။ ကလေးတွေကို သူတို့ သူငယ်ချင်းနဲ့ ဖြစ်တဲ့ ငြင်းခုံမှုကို သူ့ဖာသာသူ ပြန်ဖြေရှင်းဖို့ အခွင့်အရေးပေးပါ။ ဒါပေမယ့် အလှည့်ကျလုပ်ဖို့နဲ့ ဝေမျှ ဖို့ အခြေအနေတွေမှာ ဝင်ရောက်ပြီး လွယ်ကူအောင်ကူညီပေးဖို့ အဆင်သင့်တော့ရှိနေသင့်ပါတယ်။ ကလေးလေးတွေ ဟာ ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲ၊ သူတို့ရဲ့ စိတ်ခံစားမှုတွေကို ဘယ်လို ကိုင်တွယ်ထိန်းချုပ်ရမလဲဆိုတာ တွေကိုတော့ ဖေဖေမေမေတို့ရဲ့အကူအညီ လိုပါတယ်ရှင်။
လေ့လာသင်ယူနိုင်သောကစားနည်းလေးတွေ ကစားပေးပါ။
-လှေခါးထစ်တွေကို ဆင်းရင်းတက်ရင်း တူတူရေတွက်ကစားပေးပါ။
-တူညီတဲ့ ကစားစရာ အရုပ်လေးတွေကို ရှာဖွေတမ်းကစားပေးပါ။
-ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို နာမည်ပြောပြပြီး ပြန်လည်မေးတမ်းကစားပေးပါ။ မှားလို့ အတူ တူရယ်မောရင်းလဲ ပျော်ရွှင်စရာ ဖန်တီးနိုင်တာပဲနော်။
-အရောင်တူတဲ့ ကစားစရာတွေ ရှာဖွေတမ်းဆော့ကစားပေးပါ။
Pretend games တွေကစားပေးရင်းနဲ့ သူတို့ရဲ့ စိတ်ခံစားချက်တွေကို သူတို့ နားလည်လာနိုင်ပါတယ်။ ဒါပေမယ့် ကလေးတို့ ကိုယ်တိုင် ဦးဆောင်ပြီးစိတ်တိုင်းကျ စိတ်ကူးယဉ်ပြီးကစားတာ အကောင်းဆုံးပါပဲ။
ကလေးလေးတွေကို ပြေးလွှားဆော့ကစားဖို့၊ ခုန်ပေါက်ဆော့ကစားဖို့၊ သုံးဘီးစက်ဘီးစီးဖို့ ၊ လွတ်လပ်စွာ စူးစမ်းလေ့လာဖို့ အချိန်များများပေးဖို့ အရေးကြီးပါတယ်ရှင်။ ရိုးရှင်းသော စည်းကမ်းလေးများ ထားပြီး အခက်အခဲဖြစ်လာရင်လဲ တည်ငြိမ်စွာနဲ့ တသတ်မတ်တည်းရှိဖို့လို့ပါတယ်။ ဥပမာ- ကစားရာမှပြန်ချိန်ကို သတ်မှတ်ထားပြီး တကယ်မပြန်ခင် ၁၀ မိနစ်လောက်စော၍ အသိပေးထားပြီး အချိန်စေ့ရင် တကယ်ပြန်ရပါမယ်။အစပိုင်းမှာ ခက်ခဲနိုင်ပေမယ့် အကျင့်ပြုလုပ်ပေးပါက ကလေးဟာ ပုံမှန်စည်းကမ်းကို နားလည်လာပြီး လွယ်ကူလာပါလိမ့်မယ်။ ဥပမာ-“စက်ဘီးနောက်ထပ် ၂ ပတ်စီးပြီးရင် ပြန်မယ်နော်” လို့ကလေးနားလည်အောင်ပြောပြပြီး အခုကစ သင်လို့ရပါပြီ။
ကလေးများဟာ ပုံမှန်အားဖြင့် ၃၂-၃၆ လ အရွယ်တွေမှာ tricycle စီးနိုင်ကြပါတယ်။ သုံးဘီးစက်ဘီးကို မနင်းနိုင်သေးရင် (သို့) နင်းဖို့အခက်အခဲရှိတယ်ဆိုရင် ကလေးရဲ့ တစ်ခြား motor skills problems များကိုလဲ သတိပြုရပါ့မယ်။ ကလေးရဲ့ တခြားဖွံ့ဖြိုးမှု development များပုံမှန်အတိုင်း ( လှေကားအဆင့်များကို တက်ဆင်းပြုလုပ်နိုင်ခြင်း၊ ပြေးခြင်း၊ခုန်ရန်ကြိုးစားခြင်း) များ ရှိရင်တော့ ကြွက်သားလေးတွေလှုပ်ရှားမှုလုပ်နိုင်လာအောင်၊ စွမ်းရည်သစ်လေးတွေတိုးတက်လာအောင် အချိန်ယူလေ့ကျင့်လုပ်ဆောင်ပေးဖို့ လိုအပ်တာပါ။ ဖေဖေမေမေတို့အနေနဲ့ ခြေနင်းတံ ကို နင်းတဲ့အခါ လက်နဲ့ ကူညီလှည့်ပေးတာဖြစ်ဖြစ်၊ ပြေပြစ်သော အဆင်းနေရာမျိုးလေးမှာ နင်းစေခြင်းဖြစ်ဖြစ် ပြုလုပ်ပေးနိုင်ပါတယ်။ အရှိန်လေးရလာရင် ကလေးဟာ ခြေနင်းတံကို ဘယ်လို နင်းရတယ် ဆိုတာ နားလည်လာပါလိမ့်မယ်။
အသက်အရွယ်အလိုက် ရှိသင့်တဲ့ motor skills များဟာလဲ ကလေးတစ်ယောက်ရဲ့ ဥာဏ်ရည်ဖွံ့ဖြိုးမှု ( brain developments) များအတွက် အရေးပါတဲ့ အချက်များ ဖြစ်တဲ့ အတွက် ဖေဖေမေမေတို့ အနေနဲ့ မျက်ခြေမပြတ်သင့်ပါဘူးရှင်။

သတိပြုရမယ့်အချက်များ

ကလေးတစ်ယောက်ချင်းစီက ကိုယ်ပိုင်ဖွံ့ဖြိုးမှုနဲ့ပါ။ ဒါပေမယ့် ကလေးဟာ အောက်မှာ ရေးထားတဲ့ အချက်များရှိနေသေးရင် ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။
– မိခင်(သို့) ပြုစုသူနှင့် ခွဲခွာဖို့ ခက်ခဲနေခြင်း။
– မိသားစုပြင်ပ မှ လူများနှင့် တုံ့ပြန်ဆက်ဆံမှုမရှိခြင်း။
– တခြားကလေးများနှင့် မကစားခြင်း။
– မျက်လုံးချင်းဆုံရန် ( eye contact) ရှောင်ရှားခြင်း။
– ဘော်လုံးကို မပစ်နိုင်ခြင်း၊ မခုန်နိုင်ခြင်း။
– လှေခါးကို ခြေနှစ်ဘက်လုံးပြောင်းပြီး မတက်နိုင်ခြင်း။
– စာရွက်၊ ခဲတံတို့နဲ့ လျှောက်ခြစ်ရာတွင် အခက်အခဲရှိခြင်း။
– စကားလုံး ၃ လုံး ထက် ပိုသော စာကြောင်းဖြင့် အသုံးပြုပြောဆိုခြင်းမရှိခြင်း၊
– စကားပြောရာတွင် ဆုံးအောင် မပြောတတ်ခြင်း၊
– မကြာခဏဆိုသလို သူစိမ်းများမှ ကလေးပြောတာ နားမလည်ခြင်း။
– ဟန်ဆောင်ကစားနည်း ( pretend games) မကစားခြင်း။
– အခြေခံ တကိုယ်ရေအလုပ်များ ( အင်္ကျီဝတ်၊အိပ်ယာဝင်) ပြုလုပ်ရန် လွန်ကဲစွာ ခက်ခဲတတ်ခြင်း။
– အရင်က လုပ်တတ်ခဲ့သော၊ ရှိခဲ့သော skills များ မလုပ်တတ်တော့ခြင်း။
ကလေးမှာ အထက်ပါ အချက်များရှိခဲ့ရင်လည်း မိဘများအနေနဲ့ စောစီးစွာ လိုအပ်သော ပြုလုပ်သင့်တာပြုလုပ်ပေးခြင်းဖြင့် ကလေးကို ကူညီနိုင်ပါတယ်။

စိတ်ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

Source : နီတိုးလေးမေမေ။

Ref; babycenter.com
Photo; Internet.