ဆရာလုပ်တတ်သော ကလေးလေးများ

Bossy kids ဆရာလုပ်တတ်တဲ့ကလေးဆိုတာ
*************************************
နှစ်နှစ် ၊ သုံးနှစ် သမီးလေး က ” မေမေ မုန့်ယူပေး” ” မေမေ အဲဒါက ဒီလိုတပ်ရတယ်လေ” ” နီနီ အဲဒီအရုပ်နဲ့ ဒီလိုထိုင်နေနော် ။ မမက ဒီမှာထိုင်မယ်။ မမပြောတဲ့အတိုင်းလုပ်” စသဖြင့် လူကြီးတွေ ကိုပဲဖြစ်ဖြစ်၊ သူနဲ့ ကစားဖော် အချင်းချင်းပဲ ဖြစ်ဖြစ် ပြောနေတာ ကြားရရင် ကျွန်မတို့ရဲ့ ပထမဆုံး တုံ့ပြန်မှုက ရယ်ကြတာပါ။ ချစ်စရာကောင်းတယ်လေ။ မပီကလာ လေးနဲ့ လူကြီးစကားတွေ ပြောတော့ သဘောကျပြီး ရယ်ကြတယ်။ လူကြီးအချင်းချင်းလည်း( သူရှေ့မှာ ပဲဖြစ်ဖြစ်) ဒီအကြောင်းကို ကလေးဟာ ဘယ်လောက် တတ်နေပြီဆိုပြီး ပြောတတ်ကြပါတယ်။ တစ်ခါကနှစ်ခါ ဖြစ်လာရင်တော့ မိဘကိုယ်တိုင်က သည်းမ ခံနိုင်သလို ကစားဖော် အချင်းချင်းလည်း ဆရာကြီးစတိုင်နဲ့ အမိန့်အမြဲပေးနေတဲ့ သူကို ဘယ်သူမှ မကြိုက်ချင်ပါဘူး။

သူတို့လေးတွေ ဘာကြောင့် ဆရာလုပ်တာလဲ။
************************************
ဒီလို လူကြီးစကား တွေပြောတာ၊ ဆရာလုပ်တာကလည်း ကလေးတော်တော် များများမှာ ဖြစ်တတ်ပါတယ်။ ဒီအရွယ်ကလေး တွေဟာ စကားအရာမှာလည်း အရမ်းမကြွယ်သေး သလို အလှည့်ကျ ကစားတာ ၊ အတူတူ ကစားတာ စတဲ့ လူမှုရေးတွေလည်း အရမ်းနားမလည် သေးပါဘူး။ သူတို့ရဲ့ အလိုတစ်ခုတည်းကိုပဲ သိသေးတာမျိုးပါ။ ဘယ်သူနဲ့ပဲကစားကစား သူ့နည်းအတိုင်းပဲ ကစားချင်နေ တာမျိုးပါ။ လူကြီးတွေကပဲ အမြဲ ဘာလုပ်ရမယ်၊ ဘယ်လိုလုပ်ရမယ် စသဖြင့် အမြဲထိန်းချုပ်မှု လုပ်နေတော့ ကလေးတွေချင်း ကစားတဲ့အခါ သူ့လည်း control လုပ်နိုင်တယ်ဆိုတာမျိုး တနည်းတဖုံပြတာမျိုးပါ။ မေမေက အပြင်သွားဖို့ ဖိနပ်အမြဲ စီးခိုင်းလိမ့်မယ်။ ဒါပေမယ့် ဘယ်ဟာစီးမယ် ဆိုတာတော့ ငါရွေးမယ် ဆိုပြီး သူရဲ့ ကိုယ်ပိုင်ဆန္ဒလေး တွေကို ထုတ်ပြချင်ကြပါတယ်။

တချို့ ကလေးတွေကေ တာ့ မွေးတည်းက ထက်မြက်တဲ့ ကိုယ်ရည်ကိုယ်သွေး ရှိကြပါတယ်။ ထက်မြက်ပြီး ဦးဆောင်နိုင်မှုဟာ ဆရာလုပ်တတ်တာ အဖြစ် ပြောင်းသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ဒါပေမယ့် ကလေးက သူဟာ in charge လို့ သူ့ကိုယ်သူ ထင်နေတာမျိုးဆိုရင်တော့ ကျောင်းမှာ၊ အတူကစား ကြတဲ့အခါ ပြဿနာဖြစ်နိုင်ဖို့ရာ လမ်းစများပါတယ်။

မိဘများ သိထားသင့်တာတွေကတော့
******************************
ကလေး ဗိုလ်လေးတွေ အများစုဟာ ကျောင်းမှာ ၊ အပြင်မှာ နေထိုင် ဆက်ဆံလာရတဲ့အခါ သူတို့ဟာ အရာအားလုံးရဲ့ အလယ်ဗဟို၊ အရာအားလုံးရဲ့ ပထမ မဟုတ်ဘူး ဆိုတာ သတိထားမိလာရင် ဒီ bossy လုပ်တတ်တဲ့ ကာလကို သူ့ဖာသာသူ ကျော်ဖြတ်သွား တတ်ကြပါတယ်။ အဘိုးအဘွား အိမ်မှာတော့ မဟုတ်ဘူးပေါ့။ အဘိုးအဘွား အိမ်သွားရင်တော့ အလွယ်သေးပါဘူး။ အဘိုးအဘွားတွေ အတွက်ကတော့ သူတို့လေးတွေက အမြဲပထမကိုး။ နောက်တစ်ချက်က တခြားကလေး တွေဟာ သူပြောသလို လုပ်ချင်မှ လုပ်တတ်ကြတာ ကိုလည်း bossy လေးတွေက သတိထားမိလာ တတ်ပါတယ်။ ဒီ ဆရာလုပ်ချင် စိတ်လေးတွေကို ပျောက်အောင် ကလေးရဲ့ စိတ်မထိခိုက်စေပဲ ကူညီသင်ကြားပေးလို့ရတဲ့ နည်းလေးတွေ လေ့လာကြည့်ရအောင်နော်။

လုံလောက်တဲ့ ဂရုစိုက်မှုကိုပေးပါ။
****************************
ကလေးဟာ လူကြီးစကားတွေ ပြောမယ်၊ လူကြီးကို ပြန်ပြောမယ်၊ ဆရာလုပ်မယ် စတာတွေဟာ တခါတလေမှာ လူကြီးရဲ့ အာရုံစိုက်မှုကို လိုချင်လို့ လုပ်တာလဲ ဖြစ်နိုင်ပါတယ်။ သူတတ်တဲ့ နည်းလမ်းသုံးပြီး သူ့ကို ဂရုစိုက်အချိန်ပေး တာကို လိုချင်လို့ပါ။ ဒါကြောင့်ကလေးကို အချိန်ပေးမှု လုံလောက်ရဲ့လား ၊ လျစ်လျူမှုများနေသလား ပြန်ဆန်းစစ် သင့်ပါတယ်။

လွဲမှားတဲ့ အားပေးမှု မဖြစ်ပါစေနဲ့။
**************************
ကလေးတွေဟာ လူတွေအများကြီးရှေ့မှာ သူဘာသိ ဘာတတ်ကြောင်း လုပ်ြပရတာတွေ သိပ်သဘောကျပါတယ်။ တီတီတာ မပီကလာလေသံလေးနဲ့ လူကြီးစကားပြောတာတွေ ဆရာလုပ်တာတွေ ဆိုတာတွေဆိုရင် ချစ်စနိုးမို့** ရယ်မိတတ်ကြပါတယ်။ *** အဖေအမေ အဘိုးအဘွားတွေက ရယ်တာမို့ သူ့ကိုအားပေးတယ် ထင်ပြီး ကလေးက သဘောတွေကျ တော့တာပါပဲ။ ဒါနဲ့ နောက်ခါတွေလည်း ထပ်လုပ်တာပေါ့။ လုပ်ဖန်များလာတော့ ဒါဟာသူ့ရဲ့ စရိုက် လို ဖြစ်လာတတ်တယ်။

တချို့မိဘများကတော့ ကလေးက စကားကြီး စကားကျယ်ပြောလို့ စိတ်ဆိုးမာန်ဆိုးနဲ့ လူရှေ့မရှောင် အော်တတ်ကြပြန်ရော။ ဒီလို negative attention ဟာလည်း ကလေးကလိုချင်တဲ့ အသိအမှတ်ပြုမှုကို ပေးရာရောက် နေတာပါ။ ဒါကြောင့် ကလေးကို ” သမီး အဲလို မပြောရဘူး” ” ဆရာကို လုပ်တယ်” ” ကလေးဟာ ကလေးလိုနေ” ” ကလေးစကားပြောစမ်း” စသဖြင့်လည်း မပြောသင့်ပါဘူး။ လေသံပုံမှန်နဲ့ပဲ သူပြောသင့်တဲ့ စကားလုံးကို အစားထိုးသင်ပေးတာမျိုး လုပ်သင့်ပါတယ်။

ထိန်းချုပ်ခွင့် ပေးပါ။
*****************
ကလေးကို ရွေးချယ်ခွင့်ပေးပြီး သူဟာ ရွေးချယ်ခွင့်ရှိတယ် ဆိုတဲ့ ခံစားချက်မျိုးကို ခံစားစေသင့်ပါတယ်။ ” သမီး အင်္ကျီဘာအရောင် ဝတ်ချင်တာလဲ။ပန်းရောင်လား။ ခရမ်းရောင်လား? ” ကလေးကရွေးတဲ့ အရောင်ကို ပေးဝတ်စေခြင်းအားဖြင့် ကလေးဟာ စိတ်ကျေနပ်မှု ရစေခြင်းဟာလည်း သူရဲ့ ဆရာလုပ်တတ်တဲ့ အကျင့်ကို သက်သာစေနိုင်ပါတယ်။
ကစားနည်းလေးတွေ နဲ့လည်း ကလေးရဲ့ ထိန်းချုပ်ချင်စိတ် ဆရာလုပ်ချင်စိတ်ကို သက်သာအောင် လုပ်ပေးနိုင်တယ်။
-ဆရာမလုပ်တမ်း ကစားရင် ကလေးက ဆရာမလုပ်ပြီး ညီ/ ညီမလေးတွေဖြစ်ဖြစ် ၊ ဖေဖေ မေမေတို့ပဲ ဖြစ်ဖြစ် တပည့်လုပ်ပြီး ကစားမယ်။
– ကားမောင်းတမ်း ကစားရင် ကလေးက ဒရိုင်ဘာလုပ်ပြီး အတူကစားမယ့်သူတွေ သွားချင်တဲ့နေရာ တွေကို မောင်းပြီးလိုက်ပို့မယ်။
-ဆရာဝန် လုပ်တမ်း ကစားရင် ကလေးက ဆရာဝန်လုပ်ပြီး အတူကစားမယ့် သူက လူနာအနေနဲ့ ဆရာဝန်ပြောသမျှ လိုက်နာ လက်ခံပြီး ကစားမယ်။
ဒီလိုကစားနည်း idea လေးတွေနဲ့ ကလေးရဲ့သူသိသူတတ် ဆရာလုပ်တတ်တဲ့ ကာလ အပိုင်းအခြားလေးကို သက်တောင့်သက်သာ ဖြတ်သန်းလို့ရပါတယ်။

ကိုယ့်ကိုယ်ကို တန်ဖိုးထားစိတ်ကို မြှင့်ပေးပါ။
**************************************
ကလေးကို အိမ်တွင်းက လွယ်လွယ်ကူကူ အလုပ်လေးတွေကို ကူညီလုပ်ခိုင်းပါ။ ဝတ်ပြီး အဝတ်ကို ချွတ်ပြီးရင် လျော်မယ့် အဝတ်တောင်းထဲ ထည့်ခိုင်း တာမျိုး၊ မေမေတို့ ဟင်းချက်ဖို့ ပြင်ဆင်နေရင် ဂေါ်ဖီရွက်လေး ချွေခိုင်း တာမျိုး၊ ရေလေး ခပ်ထည့်ခိုင်းတာမျိုး၊ အဝတ်လှမ်းရင် မှီတဲ့ နေရာ တန်းလေးမှာ သူ့ဘောင်းဘီ လေးကိုပဲဖြစ်ဖြစ် လှမ်းခိုင်းတာမျိုး စတဲ့ အန္တရာယ် မရှိပဲ လွယ်တဲ့ အလုပ်လေးတွေ ကူညီစေသင့်ပါတယ်။ လုပ်ပြီးတိုင်လည်း ချီးမွမ်းပေး သင့်တာပေါ့။ မဟုတ်ပဲ မြှောက်ပြောတာ မဟုတ်တဲ့ တကယ်အလုပ်ပြီးသွားလို့ ချီးကျူးတာမျိုးပါ။ ကလေးတွေဟာ ဒါကို ခံစား သိပြီး သူတို့ရဲ့ အရေးပါမှုကို နားလည်နိုင်ပါတယ်။ ကလေးရဲ့ စိတ်ထဲ သူရဲ့ အရေးပါမှုကို သူကိုယ်တိုင်နားလည်နေတာမို့ သူများကို ဆရာလုပ်ပြီးမှ၊ အမိန့်ပေးပြီးမှ ခံစားရမယ့် သူ့ရဲ့အရေးပါမှုကို မလုပ်တော့ ပါဘူး။ လုပ်စရာမလိုတော့ဘူးလေ ။

ကလေးကို လူမှုရေးစွမ်းရည် မြင့်လာအောင် သင်ပေးပါ။
**********************************************
အလှည့်ကျ ကစားတတ်အောင်၊ ကြင်နာသနား တတ်အောင်၊ အတူတူ ကစားတတ်အောင် ၊ ဝေမျှတတ်အောင် စတာတွေကို အချိန်ယူပြီး သင်ကြားပေးပါ။ ကလေးဟာ တဖြည်းဖြည်းနဲ့ သင်ကြားပေးရင် လွယ်ကူလာ တတ်ပါတယ်။ ” မင်္ဂလာပါ” ” ဟုတ်ကဲ့” ” ကျေးဇူးတင်ပါတယ်” ” ရှင်” “ဗျာ” စတဲ့ ယဉ်ကျေးသော အသုံးအနှုန်းတွေ သင်ကြားပေးရမှာပါ။ စာနာစိတ်ဖြစ်အောင်” ညီမလေး သမီးအရုပ်ကို လုလိုက်တော့ သမီးဘယ်လို ခံစားရလဲ? စိတ်ညစ်လား ၊ စိတ်တိုလား” စသဖြင့် ခံစားချက်ကို ပြောပြတတ်အောင် မေးခွန်းလေး တွေမေးပြီး ထောက်ပြ ၊ သင်ပြပေးလို့ရပါတယ်။ ” သမီး စိတ်ညစ်ပြီး မပေးချင်သလိုပဲ သမီးက လုရင်လည်း သူလည်း မပေးချင်ဘူးပေါ့။ ငိုတာပေါ့ ” ဒီလို ဥပမာပေးပြောပြ သင်ပြပြီး ကိုယ်ချင်းစာစိတ်ကို သင်ပေးလို့ရပါတယ်။

လူကြီး မိဘများကလည်း ဥပမာကောင်းအဖြစ်နေပြရမှာပါ ။
*************************************************
လူကြီးတွေ အနေနဲ့ အချင်းချင်း စကားပြောတဲ့ အခါ ဘယ်လိုပုံစံတွေ ပြောဆိုလေ့ရှိကြသလဲ?
မေမေက ဖေဖေ့ကို ” ထမင်းပြင်ထားတယ် စားလိုက်နော်” လို့ ပြောမယ့်အစား ” ထမင်းမစားသေးဘူးလား။ ဒီလောက် အဆင်သင့် လုပ်ပေးထားတာကို” လို့ ပြောနေမိပါသလား။
ဖေဖေ က မေမေ့ကို ” မေမေ ကလေးကို ချစ်တာ ဖေဖေ သိတယ်။ ဒါပေမယ့် သမီးကို အချိုရည် မတိုက်သင့်ဘူး။ အဲဒါ မကောင်းဘူး” လို့အကြံပေးမယ့်အစား ” မင်းကွာ… ဦးနှောက်ကို မရှိဘူး။ ကလေးကို ဒါတွေ ကျွေးလို့ မရတာ မသိဘူးလား ” လို့ ပြောနေမိပါသလား။

ကလေးကို မိမိကိုယ်တိုင်က တစ်ခုခု တားဆီးတာပဲဖြစ်ဖြစ်၊ ပြုလုပ်စေချင်တာပဲ ဖြစ်ဖြစ် ဘယ်လို ပြောဆိုမိနေသလဲဆိုတာကိုလည်း ဂရုပြုသင့်ပါတယ်။ ကလေးကို” မြန်မြန်လုပ်” ” ခဏစောင့်” စသဖြင့်ပြောတဲ့နေရာတွေမှာ မေမေဖေဖေတို့ လေသံမာ၊ အမိန့်ပေးသလို ပြောဆိုနေခဲ့ပါသလား ဆိုတာ လည်း သတိထားရပါမယ်။ ကိုယ့်ကို ပြောဆို ဆက်ဆံစေချင်တဲ့ လေသံအမူအယာနဲ့ ကိုယ့်ကလေးကို ဆက်ဆံရမှာပါ။

ကလေး ဘယ်လောက်ဆိုးဆိုးမပြောပဲ မထားပါနဲ့။ သူအမိန့်ပေးလုပ်ခိုင်းတိုင်း မလိုက်နာပါနဲ့။
************************************************************************
ကလေးဟာ စကားကြမ်းကြမ်း ပြောတာတွေ၊ အသုံးအနုန်းတွေ ရိုင်းတာတွေ၊ အမူအယာ ဆိုးပြီး ရိုင်းတာတွေကို ပတ်ဝန်းကျင် ကပဲဖြစ်ဖြစ် ၊ သူတို့ ကြည့်တဲ့ ကာတွန်းတွေ၊ ကျောင်းက တချို့ကလေးတွေက လုပ်တာကိုပဲဖြစ်ဖြစ် အတုခိုးပြီး လုပ်တတ်ကြပါတယ်။ သူတို့အနေနဲ့ ဒါဟာ မလုပ်သင့်ပဲ ရိုင်းတဲ့ အမူအယာ ဆိုတာ မသိသေးလို့ လုပ်ကြည့်တာပါ။ ဒါကို မိဘများက အေးအေး ဆေးဆေး ပြောပြရမှာပါ။ သင်ပေးရမှာပါ ။ ဒီအမူအယာ၊လေသံဟာ မကောင်းဘူးဆိုတဲ့ အကြောင်း မလုပ်ရဘူးဆိုတဲ့ အကြောင်းကို အသိပေးပြီး သင်ကြားရမှာပါ။ မသိချင်ယောင်ဆောင် လွှတ်ထားလို့ မရပါဘူး။

ကလေးက ” ရေသောက်မယ်လို့ ပြောနေတယ်!!” ….ဒီလိုအော်တယ်ဆိုပါတော့ …. ပင်ပန်းပြီး ရှင်းပြရမှာ မောလို့ပဲဖြစ်ဖြစ်၊ မိဘကိုယ်တိုင်က အချစ်လွန်ပြီးသိပ်သတိမထားမိပဲ ဒီလေသံနဲ့ အမူအယာကို ဘာမှမပြောပဲ လုပ်ပေးလိုက်တာမျိုး မလုပ်သင့်ပါဘူး။ ” မေမေ သားရေသောက်ချင်တယ် ။ ယူပေးပါလား” လို့ ပြောင်းပြီး ချက်ချင်းပြောခိုင်းရမှာပါ။ ” သားဒီလိုလေး ပြောတော့ နားထောင်ကောင်းတယ်။ ယဉ်ကျေးတယ်လို့ခေါ်တယ်သားရဲ့” လို့ ရှင်းလဲ ရှင်းပြ အစားထိုးပြောရမှာ ကိုလည်း တခါတည်း သင်ပေးသင့်ပါတယ်။

အငယ်တွေအပေါ် သက်ညှာဖို့ သင်ကြားပေးပါ။
**************************************
ကလေးက အကြီးလေး ဆိုရင်ရင် အငယ်တွေကို ကူညီပေးတဲ့အခါ၊ အတူတူ ကစားတဲ့ အခါတွေမှာ ဆရာ လုပ်တတ်တဲ့ အကျင့်ရှိတဲ့ ကလေးတွေဟာ အငယ်တွေ ” ဒါတောင် မသိဘူးလား” ” သူက ငါ့လောက် မသိသေးပါဘူး” ” ဒီမှာကြည့် မမ လိုလုပ်” ဆိုတာတွေ ဖြစ်တတ်ပါတယ်။ သူကိုယ်တိုင် ကလည်း ကလေးမို့ အငယ်လေးတွေ ဘာလို့ သူ့လောက်မသိသေးတာလဲ။ သူ့လောက် တခုခု ပြုလုပ်ရာမှာ မကျွမ်းကျင်သေးတာလဲ ဆိုတာတွေကို နားမလည် တတ်သေးပါဘူး။ ဒါကြောင့် ဒီလို အမူအယာတွေ လုပ်တာပါ။ ဒါပေမယ့် ဒီလို ကြာရှည် လာရင် အငယ်လေးတွေ အနေနဲ့ လုပ်ခွင့်မရတာတွေ၊ စိတ်ထိခိုက်ရတာတွေ၊အကြီးပဲ လုပ်တတ် တာ သူတို့ လုပ်တတ်မှာ မဟုတ်ဘူးလို့ ထင်တာတွေ ၊ သူတို့ လုပ်စရာမလိုဘူးလို့ တာဝန်ယူစိတ်မရှိတော့တာတွေ၊ ကိုယ်ပိုင်အရည်အချင်း မထွက်နိုင်ဖြစ်တတ်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလို ဖြစ်လာရင် မိဘများအနေနဲ့ အငယ်လေးတွေဟာ သူတို့ဘာသာ သူတို့ လုပ်မှ တတ်မယ့် အကြောင်း၊ သမီး ငယ်ငယ်က လည်း ဒီလိုပဲ မသိသေးတဲ့ အကြောင်း၊ သူတို့ကို လုပ်ခွင့်ပေးပြီး သင်ပေးရင် သိလာမယ်ဆိုတဲ့ အကြောင်း သင်ပေးရမှာပါ။

ကလေးနဲ့ စကားပြောတဲ့အခါ တတ်နိုင်သလောက် လက်ခံပြီး ” yes” ပြောပေးပါ။
*********************************************************************
ဘယ်သူမှ ကိုယ်လုပ်ချင်တဲ့ ဆန္ဒနဲ့ ဆန့်ကျင်တဲ့ စကား ၊ ” No” အချိန်တော်တော်များများ ကြားနေရရင် မကြိုက်ပါဘူး။
” မရဘူး” ” မလုပ်ရဘူး” ” မလုပ်နဲ့” ” ဟဲ့ .. အကိုင်နဲ့” ” မစားရဘူး” ” မတက်နဲ့ ” ” မခုန်နဲ့” စသဖြင့် အမြဲတမ်းပြောခံနေရရင် ကလေးဟာ အပြုအမူပိုင်းဆိုင်ရာ ပိုဆိုးလာတတ်သလို ဆရာလုပ်တတ်ကိုလည်း ဖြစ်စေတတ်ပါတယ်။ ဒီအရွယ်ကလေးတွေဟာလည်း လုပ်ပေးလို့မရတဲ့တောင်းဆိုမှုကလည်း တစ်နေ့ပတ်လုံးတောင်းဆိုနေတတ်တာမျိုးပါ။ ” တီဗွီကြည့်မယ်” ” ရေခဲမုန့်စားမယ်” ” ထမင်းမစားဘူး ကိတ်မုန့်ပဲ စားမယ်” ” ရေချိုးတာမရပ်ချင်ဘူး” စသဖြင့် အမြဲလုပ်လို့ မရတဲ့ အရာတွေကို တောင်းဆိုတာများကြတော့ . ” မလုပ်ရဘူး” ဆိုတာက မေမေတို့ရဲ့ လက်သုံး စကားလိုဖြစ်လာပါတယ်။

ဒီအခါမှာ သူတို့ရဲ့ ဆန္ဒကို လူကြီးတွေ နားမလည်ဘူး ဆိုပြီး စိတ်ကျေနပ်မှု မရရှိတဲ့ ခံစားချက်ကို ကလေးတွေဟာ ခံစားရတတ်ပါတယ်။ ဒါကြောင့် အပြုအမူပိုဆိုးပြီး ပြောရခက်တဲ့ ကလေးတွေ ဖြစ်လာတတ်သလို ကလေးအချင်းချင်း ဆရာလုပ် လူကြီးစကားပြောတတ်တဲ့ ကလေးလဲ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ကလေးက တောင်းဆိုတာလာတဲ့ အခါ တတ်နိုင်သမျှ လိုက်လျောပြီး ” yes” ပြောဖို့ ကြိုးစားသင့်ပါတယ်။
ဥပမာ-
အပေါ်ကို ” မတက်နဲ့”လို့ ပြောမယ့်အစား…” ပြုတ်ကျမယ်သား သတိထား” ဆိုပြီး သူတက်ချင်တဲ့ နေရာကို ဘေးက ကူပေးတာပဲဖြစ်ဖြစ် ပြုတ်ကျမယ့်နေရာမှာ အခုအခံ ပြေးထားလိုက်တာပဲ ဖြစ်ဖြစ် အရင်လုပ်သင့်ပါတယ်။ အခြေအနေ ပြီးသွားမှ ဘာလို့တက်လို့မရတဲ့ အကြောင်းပြောသင့်ပါတယ်။
” သား ကားလေးကို ရေဆေးတမ်းကစားချင်တယ်” ဆိုရင် မေမေတို့ရဲ့ ပထမဆုံး အတွေးက ” မကစားပါနဲ့ သားရယ်…ဒီအတိုင်းမောင်းနော်” ( ရေတွေနဲ့ ပေပွမှာစိုးလို့ပါ) ဒါပေမယ့် ကလေးက ကစားချင်တာဆိုတော့ မေမေက ခွင့်မပေးလို့ သူ သိပ်မကြိုက်တဲ့ ကားမောင်းတာပဲ ကစားရတော့ စိတ်မကျေနပ်ပါဘူ။ ဒါဆို သူတခြားနေရာမှာ in charge ဖြစ်အောင် လုပ်ချင်တဲ့ အငုပ်စိတ်တွေ ဖြစ်လာနိုင်ပါတယ်။
ကလေးကို ရေချိုးခန်းထဲဖြစ်ဖြစ်၊ သူရဲ့ ရေချိုးဇလုံထဲ ထိုင်ခိုင်းပြီး ရေခွက်လေးနဲ့ အဝတ်လေးနဲ့ သူကစားချင်တဲ့ ကားရေဆေးတမ်းကစားခိုင်းလို့ရပါတယ်။ ဒါဆို ရေစိုပြီး ပေပွတာတွေ ဖြစ်ရင်လည်း ရေချိုးခန်းထဲမှာမို့ ကိစ္စမရှိတော့ပဲ ကလေးကလည်း ပျော်ရွှင်စိတ်ကျေနပ်မှုကို ရပါတယ်။သူရဲ့ဆန္ဒကို မေမေ နားလည်တယ်ဆိုတဲ့ ကလေးအတွက် အရမ်းကို အရေးကြီးတဲ့ ခံစားမှုကိုလည်း ပျိုးထောင်ပေးလိုက်နိုင်ပါတယ်။

ကလေးတို့ရဲ့ ဒီလို အပြုအမူပိုင်းဆိုင်ရာ ပြဿနာလေးတွေဟာ သူနဲ့ ကိုက်ညီမယ့် နည်းလမ်းလေးတွေနဲ့ ဖြေရှင်းကိုင်တွယ်သွားရင် လွယ်လွယ်ကူကူနဲ့ ကျော်ဖြတ်သွားနိုင်ကြပါတယ်။ စိတ်ဒဏ်ရာမရပဲ ၊ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိပြီး လိမ္မာထက်မြက်တဲ့ ကလေးလေးတွေ ဖြစ်လာကြမှာပါ။မိဘများအနေနဲ့လည်း တာဝန်ကျေမှုကိုခံစားရပြီး စိတ်ချမ်းသာမှုနဲ့ ချမ်းမြေ့တဲ့ မိသားစုဘဝလေးကို ရနိုင်ပါတယ်။

Source : နီတိုးလေးမေမေ( မိခင်ဘဝ)