မိဘများ သတိမထားမိသော ကလေးများကို ထိခိုက်နိုင်သည့် အချက်(၈)ချက်။

Good Parents, Bad Mistakes
**************************

တခါတလေ ကျတော့ အကောင်းဆုံးကို ရည်ရွယ်ကြပေမယ့် အဆိုးဆုံး အမှားများလည်း ဖြစ်တတ်ပါတယ်။ ကျွန်မတို့ မိဘများအနေနဲ့လဲ သာမန် လူသားများ ဖြစ်တာမို့ မှားတတ်ကြတာပါပဲ။ အကောင်းဆုံးမိဘများတောင် ပြုလုပ်မိနိုင်တဲ့ အောက်ပါအချက်များကိုဘယ်လိုရှောင်ကြဉ်သတိထားသင့်တယ်ဆိုတာ ကို လေ့လာကြည့် ရအောင်နော်။

၁)အကာအကွယ်ပေးလွန်းခြင်း။ ( Being overprotective )
***********************************************

ကလေးတွေဟာ သင်ယူလိုစိတ်၊ စမ်းသပ်လိုစိတ်နဲ့ စူးစမ်း လေ့လာလိုစိတ်တွေ ပြင်းပြ တတ်ကြပါတယ်။ အသက် ၂-နှစ် ကနေ ၇နှစ်အတွင်းမှာ ကလေးများဟာ အကြောင်းနဲ့ အကျိုး ( cause and effect) ကို စတင်ပြီး သင်ယူ လာကြပါပြီ။ ဘာကြောင့်ဖြစ်တာလဲ… ဘာလို့ဖြစ်တာလဲ ဆိုတာတွေရဲ့ အကြောင်းရင်းကို သိပ်သိချင် လာကြပါပြီ။ ” တကယ်လို့ ကလေးတွေဟာ လေ့လာခွင့်၊ စမ်းသပ်ခွင့်၊ လက်တွေ့ လုပ်ကြည့်တာတွေ ခွင့်ပြု မခံရဘူးဆိုရင် အကြောင်းအရာတစ်ခုရဲ့ အကျိုးသက်ရောက်မှုကို ကလေးတွေ သင်ယူတော့မှာ မဟုတ်ပါဘူး။ ကလေးတွေဟာ စူးစမ်းလေ့လာဖို့ ကြောက်ရွံသွားတတ်ပါတယ်။” လို့ M.D., psychiatrist J.M.Castillo_Carcereny က ရှင်းပြပါတယ်။

Psychologist Erik Erikson ရဲ့ developmental theory အရ မိဘများဟာ ကလေးတွေ ထိခိုက်မိမှာကို စိုးရိမ်ပြီး စူးစမ်းလေ့လာ လုပ်ကြည့်ချင်တာကို တားမြစ်လျှင် ကလေးဟာ ကိုယ်ပိုင်အစွမ်း အစ ထုတ်ရမှာကို ကြောက်ရွံ့တတ် လာပြီး ဘယ်လို လုပ်ရမလဲ မသိတော့ပဲ ကိုယ်တိုင်မစဉ်းစား၊ အားမထုတ်တော့ပဲ သူတပါးကိုသာ မှီခိုတတ်တဲ့ သူဖြစ်လာ တတ်ပါတယ်။

**ဖေဖေ မေမေ တို့ ကိုယ့်ရဲ့ ကလေးကို သူတို့ ကမ္ဘာလေးကို စူးစမ်းလေ့လာခွင့် ပေးသင့်ပါတယ်။ တခါတလေ ကလေးတွေကို မှားခွင့်ပေးပါ။ အမှားတွေကနေ ကလေးတွေ ဟာ အမှန်တကယ် သင်ယူကြတာပါ။

၂)ဂျီကျ ငိုယိုခြင်းကြောင့် အမြဲ အလျှော့ပေးအလိုလိုက်ခြင်း။ ( Giving in to whines and tantrums)
*******************************************************************************

အရမ်းငယ် သေးတဲ့ လသားကလေး တွေဟာ သူတို့ ဘာလိုချင်တယ်၊ဘာဖြစ်ချင်တယ်၊ဘာလိုအပ်တယ်ဆိုတာတွေကို လူကြီးမိဘများကို မပြောနိုင်သေးပါဘူး။ ကလေးတွေငိုရင် ဗိုက်ဆာလို့လား၊ရှုးရှုးစိုလို့လား၊အီးအီးပေလို့လား၊နေမကောင်းလို့လား ဒါမှမဟုတ် ချီခိုင်းတာလား စသဖြင့် ကျွန်မတို့ ကြည့်ပြီး ဖြည့်စည်းပေးကြပါတယ်။

အသက်၂-နှစ်ကျော် လာရင်တော့ မိဘများအနေနဲ့ ကလေးတွေ ငိုတာ၊ ဂျီကျတာတွေကို တကယ် ထိခိုက်မိလို့လား၊ ဝမ်းနည်းလို့လား၊ လိုချင်တာရှိလို့ ဂျီကျတာလား ဆိုတာတွေကို ပိုပြီးခွဲခြားသိဖို့ လိုအပ် လာပါပြီ။ **ငိုယို ဂျီကျ တဲ့ အကြိမ်တိုင်း အလိုလိုက် အလျော့ပေးလိုက်တာဟာ ပိုလွယ်တယ် ဆိုပေမယ့် ကလေးကို ကောင်းကျိုးထက် ဆိုးကျိုးသာ ဖြစ်စေတတ်တာပါ။

ဒီလိုအရမ်းအလိုလိုက်ခံရတဲ့ အတွက် ကလေးဟာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှု ( self-control) ရှိလာအောင် သင်ယူခွင့်မရတော့ပါဘူး။ သူ့စိတ်ကို သူဘယ်လိုထိန်းရမလဲ မသိပါဘူး။ ကိစ္စကြီးကနေ ကိစ္စသေးသေးလေးထိ တခြားသူကိုသာ အားကိုးတတ်ပါတော့တယ်။ လိုချင်တာ မရရင် သောင်းကျန်းစိတ်တိုတတ်တာ၊ ဂရုစိုက်ခံနေရမှ နေတတ်တာတွေဟာ လူကြီးဘဝထိ ပါသွားတတ်ပါတယ်။

J.M.Castillo_Carcereny က ” ကလေးတွေကို အပေးအယူလုပ် ညှိုနှိုင်းတတ်အောင်သင်ပေးသင့်ပါတယ်။ ကလေးဟာ ဈေးကြီးတဲ့ အရုပ်ကို လိုချင်တဲ့အခါ ဈေးပိုသက်သာပြီး ပျော်စရာကောင်းတာချင်းတူတူပဲဖြစ်တဲ့ အရုပ်ကို ဝယ်ပေးမယ်လို့ ပြောပြပေးပါ။ ဈေးသက်သာပေမယ့် ပျော်စရာကောင်းတာချင်းတူတဲ့အပြင် မိသားစုက ပိုပြီးတတ်နိုင်တဲ့ ကစားစရာဖြစ်တယ်ဆိုတဲ့ အကြောင်း ပြောပြပေးပါ” လို့ ဆိုပါတယ်။

” ကလေးတွေကို ဆုပေးတာနဲ့ ဒဏ်ပေးတာရဲ့ အရေးပါပုံ၊ခြားနားပုံတွေကိုလဲ သင်ပေးပါ။ ကျောင်းမှာ ရလာဒ်ကောင်းတဲ့ အခါမျိုးမှာ အရုပ်လေးဝယ်ပေးခြင်းဖြင့် ကောင်းမွန်တဲ့ အမူအကျင့်တွေကို တွန်းအားပေးသင်ကြားပေးပါ။ ဒါမှ ကလေးဟာ သူကောင်းတာလုပ်ရင် ကောင်းတဲ့ အကျိုးရလာဒ်တွေ သူ့ဆီပြန်လာတယ်ဆိုတာကို မြင်တွေ့နိုင်မှာပါ”။

ဒါပေမယ့် အဆိုးဘက်ကို ဖြစ်စေတဲ့ အလိုလိုက်မှုတွေကိုတော့ သတိထားရမှာပါ။ ဥပမာ_ ကလေးက ကစားပြီး အရုပ်တွေပြန်မသိမ်းတာကို ** မရပ်မနားငိုနေလို့** ဘာမှမပြောပဲ ခွင့်ပြုလိုက်တာမျိုး။ လမ်းထွက်ပြီးလျှောက်သွားမှ ထမင်းစားလို့ လမ်းမှာ မတ်တတ်ရပ်ပြီး ထမင်းကျွေးရတာမျိုး။ မရည်ရွယ်ပေမယ့် ဒီလို ပြုလုပ်လိုက်တာဟာ ကလေးကို * မရပ်မနားအာခေါင်ခြစ် ငိုတာကို ဆုချလိုက်သလိုပါပဲ။

၃)ဝေဖန်ပြစ်တင်ခြင်း။ ( Criticizing)
******************************

ကလေးတွေဟာ စည်းမျဉ်းတွေ၊ ဝေဖန်သတ်မှတ်ချက်တွေထက် စိတ်ရှည်မှုနဲ့ နားလည်မှုကို ပိုပြီးလိုအပ်ကြပါတယ်။ “အမြဲတမ်း စည်းမျဉ်းတွေ ဝေဖန်မှုတွေနဲ့ ဆက်ဆံခံရတဲ့ ကလေးဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားယုံကြည်မှု လျော့နည်းတတ်ပါတယ်။ ဒီလိုကလေးမျိုးဟာ အရွယ်ရောက်လာရင် obsessive-compulsive personality disorder ဖြစ်နိုင်ခြေများပါတယ်။ သူတို့ဟာ perfectionist ( ဘယ်အရာကိုမှ ပြည့်စုံတယ်၊ကောင်းတယ် မထင်သူ) တွေဖြစ်တတ်ပါတယ်။ သူတို့ဟာ သူတို့ ဘာပဲလုပ်လုပ် ဘယ်လောက်ပဲ ကောင်းကောင်း သူတို့မိဘတွေအတွက် အလုံလောက်နိုင်ဘူး၊ မပြည့်စုံနိုင်ဘူးလို့ထင်နေတတ်ပြီး သူတို့ကိုယ် သူတို့ ဘယ်တော့မှ ကျေနပ်မှု၊ယုံကြည်မှု ရမှာ မဟုတ်ပါဘူး။” လို့ J.M.Castillo_Carcereny ကရှင်းပြပါတယ်။

ကိုယ့်ကလေးရဲ့ ဖွံ့ဖြိုးမှုနဲ့သာ လိုက်ပြီး မိမိတို့ရဲ့ မျှော်မှန်းချက်ကို ထားသင့်ပါတယ်။ ၂-၃ နှစ်အရွယ် toddler လေးကို ထမင်းစားပွဲမှာ ပေပွတာကို ” ညစ်ကို ညစ်ပတ်တာ” ” ဘယ်လိုစားရမလဲ မသိဘူးမဟုတ်လား” စသဖြင့်အပြစ်တင် မဝေဖန်ပါနဲ့ ။ သေသေသပ်သပ် စားတတ်အောင် တဖြေးဖြေးသင်ပေးပါ။အဲဒီအစား ကလေးက ကိုယ့်ဟာကိုယ် စားတာကို ချီးကျူးပေးပါ။ အကြီးလေးလောက် ဘာလို့ ကျောင်းမှာ ရလာဒ်တွေ မကောင်းရတာလဲလို့ အငယ်လေးကို မေးမယ့်အစား သူကြိုးစားတာ ကောင်းတဲ့ အကြောင်းနဲ့ ထပ်ပြီးကြိုးစားချင်အောင်အားပေးပါ။

၎)ကလေးရဲ့ မေးခွန်းများကို လျစ်လျူရှုခြင်း။ ( Ignoring a child’s questions)
**************************************************************
ကလေးအများစု ဟာ သိချင်စိတ်ပြင်းပြ တတ်ကြပါတယ်။ သူတို့ဟာပတ်ဝန်းကျင် မှာရှိတဲ့ အရာအားလုံး ကို သိချင်သင်ယူ ချင်ကြပါတယ်။ ၂-နှစ်ကျော်လာတဲ့ toddler ကလေးတွေဟာ မေးခွန်းပေါင်း ရာထောင်ချီမေးပါတယ်။ တချို့မိဘတွေက ကလေးတွေရဲ့ မေးခွန်းတွေကို သိပ်အရေးမကြီးဘူး ဒါမဟုတ် အပ်ကြောင်းထပ် နေတယ်ဆိုပြီး လျစ်လျူရှုလိုက် တတ်ကြပါတယ်။

“မိခင် (သို့) ဖခင် က ကလေးရဲ့ မေးတာ ကို မကြာခဏ လျစ်လျူမယ် ဒါမှမဟုတ် ပါးစပ်ထဲတွေ့ရာ ငြိမ်ရင်ပြီးရော ဖြေလိုက်မယ် ဆိုရင် ကြာလာရင် ကလေးဟာ သူစိတ်ခံစားချက်၊ သူထင်မြင်ချက်ကို မထုတ်ပြတတ် တော့ပါဘူး။ ကလေးဟာ သူခံစားချက်ကို သူ့ဖာသာသူ သိမ်းထား တတ်အောင် သင်ယူ လိုက်ပြီး နောင်အခါမှာ လူမှုဆက်ဆံရေး အရာမှု အားနည်းတတ်ပါတယ်။ဒီလို လျစ်လျူတာများ လာတဲ့အခါ မကြာခင်မှာပဲ မိဘနဲ့ သားသမီးကြား ယုံကြည်မှု ပျက်ပြားလာပါတယ်။ နောက်တော့ ကလေးဟာ မိဘကို လာပြောပြတော့ ၊တိုင်ပင်တော့မှာ မဟုတ်ပါဘူး။ သူဟာ သူငယ်ချင်းများနဲ့သာ ပျော်ပြီး သူစိတ်ခံစားချက်ကို သူငယ်ချင်းဘက်ကို လှည့်သွား တတ်ပါတယ်။ ကိုင်တွယ်ရ ခက်သော ကလေးဖြစ်လာဖို့ များသွားပါတယ်” လို့ J.M.Castillo_Carcereny က ဆိုပါတယ်။

ကလေးရဲ့ မေးခွန်းတွေကို မဖြေနိုင်၊ မဖြေတတ်တတ်တဲ့အခါမှာ ကလေးကို” ဖေဖေ/မေမေ အဲဒါဘာလဲဆိုတာ မသိဘူး။ ဒါပေမယ့် အဖြေရအောင် ရှာပြီးရင် ပြောပြမယ်နော်” လို့ ပြောပေးပါ။ ရိုးသားပါ။ ကလေးက မိဘကို အထင်မသေးပါဘူး။ သူ့ကို လေးလေးစားစားပြန်ဆက်ဆံတယ်ဆိုတာကို သာ ကလေးက ခံစားသိမြင်လိုက်ပါတယ်။ အဖြေရအောင် တူတူ ရှာကြတာမျိုးလုပ်ပြီးလဲ စိတ်ဝင်စားဖွယ်ဖြစ်အောင် လုပ်နိုင်ပါတယ်။

၅)အဖြူရောင်မုသားများပြောခြင်း။ ( Telling white lies)
********************************************

မိဘများအနေနဲ့ ကလေးတွေက လိင်အင်္ဂါ ဆိုင်ရာများနဲ့ sex အကြောင်းများ မေးလာရင် အလွယ်တကူ စကားလွှဲပြီး ရှင်းမပြတတ်ကြတာ ဖြစ်လေ့ဖြစ်ထပါပဲ။ သားယောက်ျားလေး တစ်ယောက်က သူရဲ့ penis အကြောင်းမေးတတ်ပြီး လက်နဲ့ ဆော့ကစားကိုင် တတ်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒါမှမဟုတ် သားလေးဟာ diaper မဝတ်ချင်ဘူး၊ toilet trained မလုပ်ရသေးပေမယ့် diaper ဝတ်တာကို ငြင်းဆန်တာမျိုးတွေဖြစ်လာရင် အချို့မိဘတွေက ” diaper/ဘောင်းဘီ မဝတ်ရင် ကောင်ကောင်တွေလာ ကိုက်မှာနော်” ” diaper မဝတ်ရင် ဂျိုးဂျိုးက ပြုတ်ကျလာမှာနော်” စသဖြင့် ခြောက်ပြောတတ်ကြပါတယ်။ ဒီလိုခြောက် ပြောတာဟာ နောင်သူတို့ကြီးလာရင် မလိုလားအပ်တဲ့ တကိုယ်ရေ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ကလေးတွေဟာ အပြုအမူ တစ်ခုရဲ့ မှန်ကန်တဲ့ အကျိုးဆက်ကို သင်ကြားပေးခံရသင့်ပါတယ်။ သူတို့နားလည်နိုင်လောက်မယ့် စကားလုံး၊အမူမယာဖြင့် ရှင်းပြပေးသင့်ပါတယ်။ တကယ်လို့ toddler လေးက sex အကြောင်းမေးလာရင် ယောက်ျားနဲ့ မိန်းမ ကလေးလေးတွေပြုလုပ်တာလို့ ရိုးရိုးပဲ ပြန်ဖြေသင့်ပါတယ်။ အသေးစိတ်ရှင်းပြစရာမလိုပါဘူး။
မိဘများ ကလေးကို ညာပြောထားလို့ရှိရင် ( ကိစ္စတိုင်းမှာ) ကလေးရဲ့ အကြောင်းအရာတွေပေါ်မှာ ယုံကြည်နိုင် စွမ်းရည်ဟာ ကိစ္စ သေးသေးမှာရော၊ ကြီးကြီးမှာပါ နည်းပါးသွားတတ်ပါတယ်။

၆)အော်ဟစ်ခြင်း။( Yelling)
**********************

ကလေးတွေဟာ မိဘများ စကားပြောတဲ့ ပုံစံအတိုင်း ပြောကြတာပါ။ မိဘတွေရဲ့ စကားလုံးကို သုံးကြပါတယ်။ မိဘတွေရဲ့ လေသံ၊အမူအယာကို အတုခိုးပါတယ်။ မိဘများက ကလေးတွေကို ဖြစ်စေ၊ သူတပါးကိုပဲဖြစ်စေ အော်ဟစ်ပြောဆိုရင် ကလေးတွေကလဲ အော်ဟစ်ကြမ်းတမ်းစွာပြောဖို့ပဲ သင်ယူကြပါတယ်။ မိဘများက ဆဲဆို၊ ကြိမ်ရွယ်တိုင်းထွာပြောရင် ကလေးကလဲ ဆဲမှာ၊ ကြိမ်မှာ ပါပဲ။

တခုခု အရေးကြီးလို့၊အန္တရာယ်ဖြစ်မှာမို့၊ အမူအယာ ဆိုးလွန်းလို့ ထိန်းဖို့လိုအပ်လို့ စသဖြင့် ကလေးတွေရဲ့ attention ရဖို့ အသံမြှင့်ပြီးပြောရတာမျိုးက လက်ခံနိုင်ဖွယ်ရာ ရှိပါတယ်။ မူလ အမူအယာ၊လေသံနဲ့ မတူပဲ serious ဖြစ်ကြောင်းပြသဖို့ ပြောတဲ့လေသံပဲ ဖြစ်သင့်ပါတယ်။

ဒါပေမယ့် ကလေးတွေကို ကျယ်လောင်စွာ အော်ဟစ်ဆူတာမျိုး၊ ဆဲဆိုကြိမ်းမောင်းတာမျိုး၊ကျိန်ဆဲတာမျိုး လုံးဝမလုပ်သင့်ပါဘူး။

၇)ဆွေမျိုးများနဲ့ ကလေးကို မကြာခဏ ထားခဲ့ခြင်း။( Leaving the child too often with the in-laws)
***********************************************************************************
ကလေးတွေက အဘိုးအဘွား များဟာ မိသားစုရဲ့ အဓိကလူများဖြစ်တာကို စတင်မြင်တွေ့သတိထားမိလာရင် အဆိုးဘက်ကို ဖြစ်လာပါတယ်။ J.M.Castillo_Carcereny က ” ကလေးဟာ သူ့ အဖေရှိရမယ့် နေရာ၊ အလုပ်စတာတွေကို အဘိုးက အရာရာ ဦးဆောင်ပြီး ဆုံးဖြတ်သြဇာ ရှိနေတာ ကို မြင်နေရတော့ တွေဝေနားမလည် ဖြစ်လာပါတယ်။ ကလေးရဲ့ စိတ်ထဲစပြီး မေးခွန်းတွေ ထုတ်လာပါတယ် ။ ငါမှာ ဘယ်လိုအဖေမျိုးရှိတာလဲ။ အဖေက ဘာလို့ ငါ့ကို ပံ့ပိုး၊ကူညီနေတဲ့ သူ မဟုတ်ရတာလဲ? ။ အဖေ့စကား၊ အမေ့ စကားက ဘာလို့ မပြီးတာလဲ? စသဖြင့် တွေးထင်လာတတ်ပါတယ်” လို့ ဆိုပါတယ်။
ဒါဟာ စည်းကမ်း သတ်မှတ်ကြတဲ့ အခါ ပိုပြီး သိသာလာပါတယ်။ ဥပမာ-ကလေးက အပြင်ထွက်ပြီး ကစားဖို့ ခွင့်တောင်းမယ်။ အဘိုးက ခွင့်ပြုတယ် ဒါပေမယ့် အဖေ က ခွင့်မပြုဘူး။ ကလေး အဘိုးစကားကို သာနားထောင်ပါမယ် ဘာလို့လဲ ဆိုတော့ အဘိုးက ဒီမိသားစုရဲ့ အိမ်ဦးနတ်ဆိုတာသူသိနေလို့ပါ။ ဒီကိစ္စဟာ နောင်အခါ အထူးသဖြင့် ဆယ်ကျော်သက် အရွယ်ရောက်ရင် ကလေးဟာ နားလည်မှုလွဲစွာခံစားရပြီး အခက်အခဲတွေ တွေ့နိုင်ပါတယ်။ သူလိုချင်တာကို လိုက်ရောတဲ့၊ သူဖြစ်ချင်ကို အလိုလိုက်တဲ့ သူဘက်ကို ကလေးဟာ လိုက်မှာဖြစ်ပါတယ်။

ကိစ္စများမြောင် လူတို့ဘောင်မို့ တစ်အိမ်တည်းနေတဲ့ မိဘနဲ့ အဘိုးအဘွားတွေ မကြာခဏ အငြင်းအခုံဖြစ်တတ်ကြပါတယ်။ ကလေးရှေ့မှာ ဖြစ်တဲ့ အခါ မိဘများက အဘိုးအဘွားကို ပြန်ပြောနေတာကို ကလေးမြင်တွေ့ပါတယ်။ လူကြီးတွေ အနေနဲ့ ရည်ရွယ်ချက်ဆိုးနဲ့ မဟုတ်ပဲလိုအပ်လို့ ပြန်ပြောတယ်လို့ ဆိုနိုင်ပေမယ့် ကလေးအတွက်တော့ ဒီအပြုအမူဟာ လုပ်လို့ရတယ်၊ လုပ်ခွင့်ရှိတယ်လို့ သင်ယူလိုက်ပါတယ်။ သူ့မိဘတွေ သူ့ အဘိုးအဘွားကို ပြန်ပြောသလို ကလေးဟာ မိဘကို ပြန်ပြောမှာပါပဲ။

၈)ကလေးထိန်းနဲ့ ကလေးကို တစ်ယောက်တည်းထားခဲ့ခြင်း။ ( Leaving the child alone with nanny/ nurse/ maid)
************************************************

ကလေးကို ကြည့်ရှုစောင့်ရှောက်မယ့် သူကို ကျန်းမာရေး စစ်ဆေးခြင်း ၊ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်းများ မလုပ်ထားနိုင်ရင် ကလေးကို ကာလရှည်ရော၊ ခဏတာပါ သူမနဲ့ တစ်ယောက်တည်း မထားခဲ့သင့်ပါဘူး။
M.D., psychiatrist J.M.Castillo_Carcereny က သူမမှာ နာနီက ကလေးကို ဆိုးလို့ဆိုပြီး ဗီဒို/အခန်းထဲ သော့ခတ်ပိတ်ထားတဲ့ ဖြစ်ရပ်မျိုး ရှိခဲ့ဖူးပါ တယ်လို့ဆိုပါတယ်။ နာနီက ကလေးကို ပြောစကား နားမထောင်ရင် မီးခြစ်နဲ့ မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်တဲ့ case တောင် သူမမှာရှိခဲ့ ပါတယ်လို့ ဆိုပါတယ်။
သူမက မိဘများကို ကလေးအား နာနီနဲ့ မထားခဲ့ခင် နာနီရဲ့ Psychology ကို စစ်ဆေးဖို့ အထူးအကြံပေးပါတယ်။ တခါတလေ နာနီများဟာ အလုပ်ရှင် ရှေ့ မှာ ကလေးကို ကောင်းမွန်ကြင်နာစွာ ဆက်ဆံတတ်ပေမယ့် စောင့်ကြည့်မယ့်သူမရှိတော့တဲ့ အချိန်တွေမှာ လုံးဝပြောင်းလဲ သွားတတ်ကြပါတယ်။ ဖြစ်နိုင်ရင် မိဘ တစ်ယောက်လောက်က ကလေးနဲ့ အမြဲရှိနေတာမျိုး ဖြစ်အောင် စီစဉ်သင့်ပါတယ်။
နေ့တိုင်း ကလေးနဲ့ အေးဆေးစွာ စကားပြောပါ။ ကလေးရဲ့ တစ်နေ့တာဟာ ဘယ်လိုလဲဆိုတာမျိုးကို ချော့မြူလှည့်ပတ်ပြီး ကလေးက ပြောပြ လာ အောင် ဆွေးနွေးပေးပါ။ ကလေးမှာ ထိခိုက်နာကျင်တာမျိုးဖြစ်သလားမေးမြန်းပါ။ ကလေးက အမှန်ကိုပြောပါလိမ့်မယ်။ ဖေဖေ မေမေ က သား/ သမီးရဲ့ ဘက်မှာ ရှိတယ် ဆိုတာပြောပြ ပြသထားပါ။ တကယ်လို့ နာနီက သား/ သမီးကို ထိခိုက်နာကျင်အောင် လုပ်ရင် ဖေဖေ မေမေ က နာနီကို ထွက်သွားခိုင်း လိုက်မှာ ဖြစ်တယ်ဆိုတာကို ပြောပြထားပါ။

ဖေဖေ မေမေ တို့ အနေနဲ့ အထက်ပါ အချက်များထဲက တစ်ခုမဟုတ် တစ်ခုနဲ့ တူနေလို့ ကိုယ့်ကိုယ် ကို အပြစ်တင်စိတ်များ မဖြစ်လိုက်ပါနဲ့ ။ ( မိဘအများစုက ဖြစ်နိုင်ပါတယ်) ။ မှားယွင်းနေတယ်လို့ ထင်တဲ့ အချက်များကို ပြင်ဆင်လိုက်ဖို့ရာ ဘယ်တော့မှ နောက်မကျပါဘူး။

ပိုမို ကောင်းမွန်တဲ့ မိဘနဲ့ သားသမီး ဆက်ဆံရေးများကို ဖန်တီးနိုင်ပြီး လိမ္မာသော သားသားမီးမီးများ ပိုင်ဆိုင်နိုင်ကြပါစေ။
Source : ယု( နီတိုးလေးမေမေ)။

Ref; smartparenting.com.ph
Photo; Internet.