သားနဲ့ ကလေးလေးတွေ ဖြစ်လာပုံလေးပြောဖြစ်တယ်

သားနဲ့ ကလေးလေးတွေ ဖြစ်လာပုံလေးပြောဖြစ်တယ်
******************************************

၇နှစ်ကို လပိုင်းလေး ကျော် လာတဲ့ နီတိုးလေးဟာ မေမေ့ကို ညီလေး လိုချင်တယ်လို့ပြောနေတာ ၁- လလောက်ရှိပြီပေါ့။ ပထမတော့ သူဒီလိုပဲ ပြောတယ် ထင်ပေမယ့် နေ့တိုင်းနီးပါး ပြောလာပါတယ်။ ပြီးတော့ ကိုယ်ဝန်သည် တွေကို မြင်ရင်လည်း ဗိုက်ထဲမှာ ကလေးလေး ရှိတယ်လို့ လူကြီးတွေ က ပြောပြောပြကြတော့ သူညီလေး လိုချင်ရင် မေမေ ကိုယ်ဝန်ရှိရမယ်လို့ သူမှတ်ထားတယ် ထင်ပါတယ်။

ဒီနေ့တော့ ” မေမေ မေမေ့ကို သားညီလေး လိုချင်တယ်။ ကိုယ်ဝန်ရှိလိုက်ပါလို့ ပြောထားတယ်လေ” ဆိုပြီး အတည်ပေါက် ပြောလာပါတယ်။ ? မေမေလည်း ဟိုနေ့က ဖတ်ထားခဲ့တဲ့ ကလေးတွေကို sex education နဲ့ပတ်သတ်ပြီး ဘယ်လို စကားပြောရမလဲဆိုတာကို သတိရသွားခဲ့လို့ နီတိုးကို ဆက်မေးလိုက်ပါတယ်။

“သားက မေမေ့ကို ကိုယ်ဝန်ရှိရ မယ်ပြောတယ်။ ကလေးလေးတွေ ဘယ်လို ဖြစ်တာလဲ သားသိလား” လို့ သူ့ကို စကားထောက်ပေးကြည့်ပါတယ်။ နီတိုးက သားပြောပြမယ်ဆိုပြီး ဖုန်းကို ယူလိုက်ပါတယ်။
ပြီးတော့ Google မှာ ” how to make baby boy ” ဆိုပြီးရိုက်လိုက်ပါတယ်။ ? အဲဒီတော့ ပထမဆုံးထွက်လာတဲ့ စာက ” you need to have sex during the time of ovulation ” ဆိုပြီး ovulation ရက်တွက်ရမယ့် photo ပါ။ ” မေမေ ဒီအတိုင်းလုပ်ရမယ်။ ဒီမှာပြောထားတဲ့ အတိုင်းလုပ်ပါ” တဲ့။ ?

ဒီနေရာမှာ ကြားဖြတ် ပြောပြချင်တာက နီတိုးလေးဟာ စာကောင်းကောင်း ဖတ်တတ်နေပါပြီ။ ခုလို မသိတာကို ရှာရမှန်းလည်း သိနေပါပြီ။ သူမသိတဲ့ စကားလုံးကိုရုပ်ပုံနဲ့တွဲပြီး ရှာရမှန်းလည်း သိနေပါပြီ။ သူ့အရွယ်နဲ့ အလိုက် လူခန္ဓာကိုယ် အစိတ်အပိုင်းတွေလည်း သိနေပါပြီ။ မေမေ ရေချိုးရင်၊ အိမ်သာသွားရင် လိုက်လို့မရ ၊ကြည့်လို့မရတော့ဘူး ဆိုတာ အထူးသဖြင့် အပြင်မှာ အများသုံး အိမ်သာသွားရင် ဖေဖေနဲ့ပဲ သွားနေရတာ နှစ်နဲ့ချီလာပြီမို့ သိနေပါပြီ။ မိန်းကလေး၊ ယောက်ျားလေး မတူတာ သိနေပါပြီ။ သူစာကောင်းကောင်း ဖတ်တတ်နေပြီမို့ သူကာတွန်း ကြည့်ချိန်မှာ ဘာတွေ ကြည့်လဲဆို တာ မေမေ စောင့်ကြည့်ရပါတယ်။ မသိမသာပေါ့။ ခု ဒီလို သူ စိတ်ဝင်စားပြီး မေးလာလို့ အခြေခံ အချက်လေးကို သူသိအောင်ပြောပြ ထားသင့်တယ် ထင်လို့ စကားစပေးပြီး မေးကြည့်တာပါ။

သေချာတာပေါ့ နီတိုးဘယ်သိပါ့မလဲ။ ” May May make sure you hug when you have sex ” တဲ့ ။ ( ရယ်ချင်တာကို အောင့်ထားပြီး) သားရဲ့ ဖက်ထားတိုင်း ကလေးလေးရတာ မဟုတ်ဘူးဆိုပြီး မျက်လုံး၊နှာခေါင်း၊ ပါးစပ်တွေကို သင်ပေးသလို၊ အနီရောင် ၊ အဝါရောင် စတာတွေ သင်ပေးသလိုပဲ အခြေခံ အချက်လေးတွေကို (အသေးစိတ်မဟုတ်ပဲ) ပြောပြဖြစ်ပါတယ်။ ကိုယ်က တည်တည်ငြိမ်ငြိမ်နဲ့ ပြောပြတာဖြစ်လို့ သူကလဲ ဘာမှ မထူးဆန်းပဲ အနီရောင်ကို အနီရောင် လို့ မှတ်သလိုပဲ အဖြေရပြီး နားလည်သွားပါတယ်။

“Sex ဆိုတာ ယောက်ျားနဲ့မိန်းမ ချစ်လို့ တူတူနေကြတာ သားရဲ့။ ဖေဖေနဲ့ မေမေလိုပေါ့။ လက်ထပ်ထားကြတဲ့ လင်မယားလို့ခေါ်တယ်။ မိသားစုဖြစ်ချင်ရင် ကိုယ်ဝန်ယူကြတယ်။ သားမှာရှိတဲ့ penis လိုပဲ ဖေဖေမှာလည်းရှိတယ်။ ”
နားထောင်နေပြီး နီတိုးလေးက ခေါင်းညိတ်ပါတယ်။

” မေမေ့မှာက vagina ရှိတယ်။ မိန်းကလေးတိုင်းမှာရှိတယ်။ private ဧရိယာမို့ ဖုံးထားပြီး အဝတ်ဝတ် ထားရတယ်။ သူများကို ပေးကြည့်လို့မရဘူးဆိုတာ သားသိတယ် မဟုတ်လား။ ovulation ဆိုတာ မေမေ့ဆီက egg ထုတ်ပေးတာကိုပြောတာ။ ဖေဖေ့ဆီက အကောင်လေးတွေနဲ့တွေ့မှ ကလေးလေးရတာ သားရဲ့။ ဒီအတိုင်း ရချင်တိုင်း ရတာမဟုတ်ဘူး။ကလေးလေးက သားအိမ်လို့ခေါ်တဲ့ နေရာထဲမှာနေတာ ။ ”

“အဲဒါဆို မေမေ့ဗိုက်က ပူပူကြီးဖြစ်လာမှာပေါ့။ ဒီနားလေးမှာလေ” ဆိုပြီး ဗိုက်ကို ဝိုင်းပြတယ်။

မေမေက” အင်းချက်ချင်းတော့ မကြီးသေးဘူးသားရဲ့”

ဆိုပြီး Google က ကလေးလေးတွေ ဗိုက်ထဲမှာ အဆင့်ဆင့် ဖြစ်လာတာလေး သူနဲ့ တူတူကြည့်ဖြစ်တယ်။ ချက်ကြိုး အကြောင်း ရှင်းပြဖြစ်တယ်။ ကလေးလေးတွေ လရင့်ရင် ခေါင်းစိုက်လာတာကို နီတိုးက မေးလို့ မွေးတော့မှာ ဖြစ်လို့ဆိုတာ ပြောပြဖြစ်တယ်။ ဘယ်ကနေမွေးလည်း ဆိုတာပြောပြဖြစ်တယ်။ ဒီလောက်ပါပဲ။ သူသိချင်တာ ကလေးဘယ်လိုဖြစ်လဲ ဆိုတာမို့မေမေ ပြောပြတာလောက်ကို သူရှင်းသွားတယ်။ အိုးတန်းအန်းတန်း ဖြစ်စရာမရှိပဲ naturally ချောချောရှုရှုနဲ့ ပဲ စကားကို အဆုံးသတ်လိုက်နိုင်ပြီး သူလည်း နားလည်သွား တယ်လေ။ နောက်နည်းနည်း ကြီးလာရင်တော့ လိုအပ်သလို ထပ်သင်ပေးရမှာပေါ့။ မေမေ လုပ်တာ မှန်မယ်လို့ မျှော်လင့်မိပါတယ်။

ခုခေတ်က သိချင်တာကို လက်ညှိုးလေး လှုပ်ရုံနဲ့ သိနိုင်တဲ့ ခေတ်မို့ သတိထားနိုင်မှ တော်ကာကျမယ် ထင်ပါတယ် ? ?။ နောက်ကျမှ အပြင်က၊ သူငယ်ချင်းဆီက ၊ internet က သိလိုက်ရမှ အလန့်တကြား overwhelmed ဖြစ်မှာ စိုးရိမ်မိပါတယ်။ ကိုယ်က တွေးပူတတ်တဲ့ အမေပါ။ ?.

ကျွန်မရဲ့သားအတွက် sex education နောက်ဆက်တွဲ

—————————————————–

ဖြည့်စွက်။ ။ ဒီလိုတွေ ဆွေးနွေးကြပြီး သုံးရက်လောက် နေတော့ မနက်ဖက် ကော်ဖီဆိုင်မှာ စားသောက်နေကြရင်း နီတိုးလေးက
” ဖေဖေ မေမေ did you do sex ? မေမေ ကိုယ်ဝန်ရှိပြီလား”
ဆိုပြီး အကျယ်ကြီး မေးတော့တာပဲ။ ဖေဖေ နဲ့မေမေဟာ ရုတ်တရက် လန့်သွားပါတယ်။ ဒီလို နောက်ဆက်တွဲဖြစ်နို်င်တယ် ဆိုတာ သတိရသွားတယ်။ ပြီးတော့ နှစ်ယောက်စလုံးက ရုပ်တွေကို ထိန်းပြီး
” သား ဒီအကြောင်းပြောလို့ရတယ် ။ ဒါပေမယ့် public area မှာ အကျယ်ကြီး မပြောရဘူး သားရဲ့ ။ ပြီးတော့ ဒါ ဖေဖေ မေမေရဲ့ personal သားအဲလိုပြောရင် မယဉ်ကျေးရာ ရောက်တယ်။”
ဆိုတော့ ” ဪ ဆောရီး…ဆောရီး…. သားမပြောတော့ပါဘူး” လို့ အသံလေးနှိမ့်ပြောတယ်။ ( ဟူး….. တော်ပါသေးရဲ့။ နောက် တကယ် သူမပြောတော့ပါဘူး။)

နောက်တစ်ခုက မေမေ ဗိုက်နဲ့တုန်းက ဖတ်တဲ့ Jonson ‘s mother&baby စာအုပ် ကို သေချာ ထိုင်ဖတ်တယ်။ အဲဒီစာအုပ်က ကိုယ်ဝန် ပထမပတ်ကနေစပြီး ကလေး သုံးနှစ်ထိ ပါတာကိုး။ ကိုယ်ဝန်ဆောင်ချိန် စားရမယ့် အစားအသောက်၊ အနေအထိုင် ဆောင်ရန် ၊ရှောင်ရန် အားလုံး ရေးထားပေးတယ်။ sex during pregnancy အကြောင်းလေးလည်း ကဏ္ဍတစ်ခုအနေနဲ့ပါတာပေါ့။ အဲဒါကို ဖတ်ပြီးပုံကို ထောက်ပြီး
” They are doing sex” တဲ့လေ ။
အနားမှာ ထို်င်နေတဲ့ နီတိုးဘွားဘွား မျက်လုံးပြူးသွားတယ်။ ပြီးတော့
” အေးပေါ့ စာတွေ ဒီလောက် ဖတ်နေမှ ဒါတွေ သိပြီပေါ့”တဲ့။
ပြီးတော့ မေမေ့ကို နီတိုးလေးက မေးခွန်းတွေ မေးပါတော့တယ် ။
” မေမေ ကိုယ်ဝန်နဲ့တုန်းက သေချာစားလား။ လေ့ကျင့်ခန်းလုပ်လား။ ”
” စားတာပေါ့ သားရယ်။ လေ့ကျင့်ခန်းလည်း လုပ်တယ်”
” alcohol ရော သောက်လား။ သောက်ရင် ကလေးကို ထိနိုင်တယ်တဲ့”
” မသောက်ပါဘူးသားရယ်”
” နေရော ကောင်းခဲ့လား”
” နေကောင်းတာပေါ့။ မေမေ လည်း ဂရုစိုက်ပါတယ်”
” အင်း…အင်း…”
နီတိုးလေးဟာ သူဘယ်လို ဘယ်ပုံ ဗိုက်ထဲနေခဲ့ရတယ်။ သူမမှတ်တဲ့ ကာလတွေမှာ သူဘယ်လို မွေးလာတယ်ဆိုတာ သေချာ သိသွားပြီထင်ပါတယ်။
သူတို့ကျောင်းမှာလည်း sex education တွေ ဒီအရွယ်လေးတွေနဲ့ လိုက်အောင် သင်ပေးနေပြီမို့ မေမေ ပြောပြထားတာတွေဟာ အကျိုးပြုပါတယ်။ကျောင်းမှာ ကိုယ့်ရဲ့ private area ကို သူများကိုင်တာ၊ထိတာ၊ စတာ တွေ ရှိခဲ့ရင် ကိုယ်ယုံကြည်ရသူ၊ မိဘ၊ ဆရာ တွေပြောဖို့ သင်ကြပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း သူများကို molest လုပ်ရင် အရေးယူခံရတယ် ဆိုတာတွေလည်း ကျောင်းက သင်ပါတယ်။ ဒီလို သင်ဖို့ရာ ကလေးဟာ သူကိုယ်တိုင်ရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းနဲ့ ယောက်ျားလေး မိန်းကလေး မတူကွဲပြားပြီး ဘယ်နေရာတွေကိုတော့ ထိရင် အပြစ် ဖြစ်တယ်ဆိုတာ နားလည်နေရပါမယ်။ ဥပမာ – မေမေ့ ရင်သားကို ငယ်ငယ်တုန်းက သားလေးမို့ ထိခွင့် ကိုင်ခွင့် နို့စို့ခွင့် ကြည့်ခွင့် ပေးထားတော့ ကလေးက တခြားလူတွေကိုလည်း ထိလို့ရတယ် ထင်နေတတ်ပါတယ်။ သူမှ မသိတာ။ ဒါကြောင့် ၇-နှစ် ဆိုတဲ့ အရွယ်ဟာ
” မေ မေမို့သာ သားကို အရင်က အာဟာရအတွက် နို့တိုက်ခဲ့တာ ။ ဒါကြောင့် သားအမိချင်းမို့ ထိလို့ ကိုင်လို့ ကြည့်လို့ ရပေမယ့် တခြားသူဆိုရင်တော့ မရဘူး”
ဆိုတာ ကောင်းကောင်းနားလည်နေသင့်ပြီလေ။ သမီးမိန်းကလေးဆိုရင်လည်း မိမိရဲ့ ဒီအစိတ်အပိုင်းတွေကို တခြားသူတွေ ထိတာ၊ ကိုင်တာ၊ ကြည့်တာ ခွင့်မပြုရဘူးဆိုတာ သိထား၊ နားလည်ထားသင့်နေပါပြီ။ ဒါကြောင့် ကိုယ့်ကလေးနဲ့ ကိုက်ညီမယ့် စကားလုံးလေးတွေနဲ့ သင်ထားပေးသင့်ပါတယ်။

မေတ္တာဖြင့်
နီတိုးလေးမေမေ။