မောင်နှမ သံယောဇဉ် တိုးအောင် မိဘများမှကူညီပေးခြင်း

မေမေတို့ နောက်ထပ် ကိုယ်ဝန်ဆောင် နေရပြီဆိုတာ သိတဲ့ အခါ ပထမဆုံး စဉ်းစားမိမှာက ပထမကလေး အတွက် ညီ(သို့) ညီမ ရလာတဲ့ အကျိုးတွေနဲ့ ကြည်နူးမိကြမှာပါ။ မောင်နှမ ရန်ပွဲ၊ ယှဉ်ပြိုင်ပွဲ ကို မဟုတ်ပါဘူး။ ဒါပေမယ့် ကလေးတစ်ယောက် ထက်ပိုလာရင်တော့ အရုပ်လုပွဲ၊ ထုရိုက်ပွဲ၊ ထမင်းစားပွဲမှာ ဘာမဟုတ် တာလေးကို ငြင်းခုံပွဲတွေက မကြာခဏဖြစ်လာမှာပါ။ ဒီကိစ္စကလဲ မိဘတွေ ဖြေရှင်းရခက်တဲ့ ကိစ္စတွေထဲက တစ်ခုပါဘဲရှင်။ ဖေဖေမေမေတို့ လမ်းပြ ကူညီပေးရင်တော့ သူတို့ တစ်ဘဝလုံးတည်တံ့တဲ့ မောင်နှမ သံယောဇဉ်ကို ပိုင်ဆိုင်ရမှာပါ။

ကိုယ်ဝန်ဆောင်နေစဉ်

မေမေတို့ ကိုယ်ဝန်ဆောင် နေစဉ် ကာလမှာ တည်းက အကြီးလေးကို ကိုယ်ဝန်ဆောင် အကြောင်းပြောပြပေးခြင်း၊ မောင်နှမ အကြောင်း ပုံပြင်များ ဖတ်ပြခြင်းတို့ကို ပြုလုပ်ပေးပါ။ ဗိုက်ထဲက ကလေးရဲ့ ultrasound ဓါတ်ပုံ ကိုပြပေးရင်း အကြီးလေး မွေးစဉ်က အကြောင်းကိုလဲပြောပြပါ။ အကြီးလေးရဲ့ ultrasound ၊ မွေးစ ကဓါတ်ပုံ လေးများကို လဲပြပြီး သူမွေးစဉ်က မေမေတို့ ဘယ်လို စိတ်လှုပ်ရှားခဲ့ရတယ် ဆိုတဲ့ အကြောင်းလေး တွေပြောပြပေးပါ။ ဗိုက်ထဲက ကလေး အတွက် ပစ္စည်း၊နေရာ စတာတွေပြင်ဆင်တဲ့ အခါမှာလဲ သူ့ကို ပါဝင် လုပ်ကိုင်စေပါ။ မေမေတို့ မွေးဖွားနေချိန်မှာ အကြီးလေးကို ပြုစုစောင့်ရှောက်မဲ့သူနဲ့ ရင်းနှီးအောင်လဲ အချိန်ပေးသင့် ပါတယ်။ အကြီးလေးနဲ့ မေမေတို့ နေ့စဉ်ပြုလုပ်နေကျ routine ကိုလဲ တတ်နိုင်သလောက် အလျှင်အမြန်ကြီး မပြောင်းသင့် ပါဘူးရှင်။ ဒီအပြောင်းအလဲက အိမ်သာသွားကျင့်ပေးတာ၊အိပ်ယာပြောင်းသိပ်တာမျိုးမဟုတ်တဲ့ အတွက် ကလေးအတွက် ထူးကဲစွာ စိတ်ထိခိုက်စရာဖြစ်နိုင်ပါ တယ်။ မောင်နှမလေး ရောက်လာမှာဖြစ်ပေမဲ့ သူဟာမေမေအတွက် အရေးပါဆဲပဲဆိုတာ ကလေးသိဖို့ အရေးကြီးပါတယ်။

ကလေးအချင်းချင်း ပြုစုစောင့်ရှောက်စေခြင်း။

မိဘများအနေနဲ့ ပျော်စရာကောင်းတဲ့ မိသားစုဖြစ်အောင် လုပ်ချင်ကြတာ ချည်းပဲမို့ မောင်နှမများ ချစ်ချစ်ခင်ခင်ရှိဖို့ မိသားစုဝင်အားလုံး ပါဝင်လုပ်ဆောင်တာ အကောင်းဆုံး ပါပဲနော်။ မေမေတို့ မွေးစလေးကို ပြုစုတဲ့အခါ အကြီးလေးကိုလဲ ပါဝင်လုပ်ဆောင်အောင် အားပေးပါ။ မေမေတို့ အဝတ်လဲတဲ့အခါ အကြီးလေးကို အင်္ကျီယူခိုင်းတာမျိုးပေါ့။ အငယ်ကလေးအိပ်ချိန်မှာ အကြီးလေးကို ကျောလေးပွတ်ခိုင်းတာမျိုး၊ အိပ်ယာဝင်ပုံပြင်ဖတ်ခိုင်းတာမျိုး လုပ်ခြင်းဖြင့် မေမေနဲ့ မောင်နှမ နှစ်ယောက်လုံး အတူတူ bonding time လေးလဲ ရနိုင်ပါတယ်။

ဥပမာ- ၆ နှစ်သားလေးက ၄ နှစ်အရွယ်ညီမလေးကို ကစားနေရင်း မတော်တဆ ခြေထောက်နဲ့ ကန်မိသွားတယ်ဆိုရင် မေမေတို့ ကအပြေးအလွှားသွားပြီး အငယ်လေးကို ချော့မယ့်အစား ခဏလောက်စောင့်ကြည့် လိုက်ပါ။ ခဏအကြာမှာ အစ်ကိုလုပ်သူက ညီမလေးကိုချော့လိုက်တော့ ညီမလေးလဲပြုံးရွှင်သွားပါတယ်။ ဒီလိုဆိုရင် အကြီးလေးက လဲ သူ့ကိုသူ အပြစ်လုပ်သူလို့ ထင်တာထက် စာနာရိုင်းပင်းသူလို့ တွေးမိပါလိမ့်မယ်။ အငယ်လေးက သူ့အစ်ကိုက ဂရုစိုက်တတ်သူ၊ညင်သာတတ်သူအဖြစ်မြင်ပါလိမ့်မယ်။ ဒီလို မချော့ရင်လဲ မေမေတို့က “ညီမလေးနာသွာလားမသိ ၊ သားချော့လိုက်ပါဦး” စသဖြင့်သင်ပေးနိုင်ပါတယ်။

ကလေးများကို တစ်ယောက်ချင်းစီအဖြစ်သာမြင်ခြင်း

တစ်ချို့ အကြီးလေး တွေက မွေးစလေး အိမ်ရောက်လာစမှာ သူလဲ ကလေးလေး လို ပြန်လည်ပြုမူလာ တတ်ပါတယ်။ဒါက ခဏပဲ ကြာတတ်ပြီး သူလည်း ဂရုစိုက်ခံချင်လို့ လုပ်တာပါ။ ဖေဖေမေမေတို့ အနေနဲ့ သူ့ကို ဂရုစိုက်ကြောင်းပိုပြဖို့လိုပါတယ်။ မေမေက အကြီးလေးကို ဘယ်လောက်ချစ်တယ်၊ ဘယ်လောက် တန်ဖိုးထားတယ် ဆိုတာကို ထုတ်ဖော်ပြောပေးပါ။ ” သားလေးက မေမေ့ကမ္ဘာပါပဲ ။မေမေ အရမ်းချစ်တာ။ ညီမလေးက သားလို ကိုကို ရတာ အရမ်း ကံကောင်းတယ်၊ သူကြီးလာရင်သား ဆီက ကြင်နာတတ်၊ကူညီတတ်တာတွေ အတုခိုးနိုင်တယ်။” စသဖြင့် ပြောပေးပါ။ ကလေးတွေက မိဘများသူတို့ကို ညီတူချစ်တယ်ဆိုတာထက် uniquely သီးခြားချစ်တာခံချင်ကြတာများပါတယ်။  “မေမေ့အတွက်တော့ ကျော်ကျော်ဆိုတာ တစ်ယောက်တည်းရှိတာ၊ ဘယ်သူမှ သားရဲ့ အတွေးမျိုး၊ ခံစားချက်မျိုးမရှိဘူး၊ မေမေက သားလေးကို မွေးထားရတာ ကံကောင်းတယ်သိလား။” စသဖြင့်ပြောပေးပါ။
သူ့တို့ရဲ့ ကိုယ်ပိုင်တန်ဖိုးကို သူတို့သိပြီး တစ်ယောက်နဲ့ တစ်ယောက် ကူညီချင်အောင် မေမေတို့ သူတို့ကိုချီးကျူးတဲ့ အခါ သီးခြားဆီ ခွဲပြောပြပါ။
“သားလေးက အင်္ကျီကြယ်သီး တွေကိုယ့်ဟာကို တပ်လိုက်တာပဲ။ ”
” မုန့်တွေလဲ မေမေကျွေးစရာမလိုပဲ ကိုယ့်ဖာသာကိုယ် စားလိုက်တယ်။ လိမ္မာတယ်နော်”
” သားမုန့်ကို ညီမလေးကို ကျွေးလိုက်တော့ ညီမလေးပျော်သွားတာပေါ့။ နောက်လဲကျွေးနော်” စသဖြင့် သူရဲ့ အကောင်းပြုလုပ်ခြင်းတွေကို အသိ အမှတ်ပြုပေးခြင်းဖြင့် အကောင်းမြင် စိတ်ကိုမွေးမြူပေး နိုင်ပါတယ်။ နှိုင်းယှဉ်တာတွေ မပြုလုပ်မိအောင်လဲ သတိထားသင့်ပါတယ်။ တခြားကလေးကို ချီးကျူး နှိုင်းယှဉ်ပြီးပြောတာလောက် မမျှတာစွာ ဆက်ဆံခံရတယ်လို့ ခံစားရစေတာ ဘာမှမရှိပါဘူး။
” ဘာလို့ နင့်အစ်မ စားသလို မစားနိုင်တာလဲ”
” ၆နှစ်ရှိနေပြီ ညီမလေးလောက်တောင် ထမင်းစားတာမမြန်ဘူး” စသဖြင့်ပေါ့။
နှိုင်းယှဉ်ပြီးပြောတဲ့ ချီးမွမ်းစကားများကိုလဲ ရှောင်သင့်ပါတယ်။
“သားက အင်္ကျီကို ကိုယ့်ဖာသာ ကိုယ်ဝတ်တတ်နေပြီ။ ညီမလေး လို မဟုတ်ဘူး” လို့ပြောတာမျိုးပါ။ မေမေတို့ရဲ့ ရည်ရွယ်ချက်က ကောင်းပေမဲ့ အကြီးလေးရဲ့ စိတ်ထဲမှာ မေမေတို့ ချီးကျူးတာကို အမြဲရနေဖို့စိတ်၊ မောင်နှမတွေထဲမှာ သူက သာတယ်ဆိုတဲ့ စိတ်ကိုဖြစ်သွားစေနိုင်ပါတယ်။ အငယ်လေးလဲ ကြီးလာပြီး အချိန်တန်လို့ သူ့ဖာသာသူ ဝတ်နိုင်လာလို့ရှိရင် သူရဲ့ စိတ်ထဲမှာ သူထက် သာသွားမှာစိုးတဲ့ feel threatened စိတ်မျိုး၊ပြိုင်ဆိုင်စိတ်မျိုးဖြစ်လာနိုင်ပါတယ်။
ကလေးများကို စာဂျပိုး၊ အချောလေး၊ဝတုတ်လေး၊ မောင်စိတ်ကောင်း၊ မောင်ဖိုးခက်၊ မမတည်ငြိမ်သူ စသဖြင့် နာမည် မတပ်မိအောင်လဲရှောင်ကြဉ်သင့်ပါတယ်။ ကလေးတစ်ယောက်ကြီးပြင်းရာမှာ ပုစံအမျိုးမျိုး ကို ခံစားသိမြင်ပြီးကြီးပြင်းသင့်ပါတယ်။ လူကြီးများမှ သတ်မှတ်လိုက်သော role အတိုင်း ကျဉ်းမြောင်းစွာ မကြီးပြင်း သင့်ပါဘူးရှင်။

အကြီးလေးများကို မြန်မြန်ဆန်ဆန်ကြီး မပြောင်းလဲပစ်ပါနဲ့။

မွေးစကလေး (သို့) အငယ်လေးတွေ ကို ပြုစုစောင့်ရှောက်ဖို့ အချိန်ပြည့် အရေးကြီးသလို အကြီးလေး များအတွက် အချိန်ပေး ဖို့လဲ အလွန် အရေးကြီးပါတယ်ရှင်။ ညအိပ်ယာ ဝင်ချိန် မိနစ်အနည်းငယ်ပဲဖြစ်ဖြစ်၊ သူစကားလာပြောတဲ့ အချိန်မှာ စိတ်ဝင်တစားနားထောင်ပေးတာပဲဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။
မောင်နှမချင်း ပြိုင်ဆိုင်ခြင်းဟာ အာရုံစိုက်ခံချင် ၊ဂရုစိုက်ခံချင်တာက စတာပါပဲ။ မေမေတို့ အနေနဲ့ အကြီးလေးကို သူဟာ အစားထိုးခံလိုက်ရတာမဟုတ်ဘူး။ မေမေနဲ့ သူ့ကြားမှာ special bond ရှိသေးတယ်ဆိုတာကို သူသိစေ ခြင်းဖြင့် မမျှတာစွာဆက်ဆံတယ်လို့ ခံစားရခြင်းကို ရှောင်ကြဉ်နိုင်မှာပါ။

အကြီးလေးရှေ့မှာ တစ်ခြားသူများကို သူဘယ်လောက် လိမ္မာ တယ်၊အကိုကောင်းဖြစ်တယ် ဆိုတာကို သူကြားအောင်ပြောပေးပါ။ ( သူဂျီကျ ၊ဂရုစိုက်ခံချင်တာမျိုးကိုတော့ ပြောချင်ရင်တောင် သူ့ရှေ့မှာ သူကြားအောင် မပြောပါနဲ့ရှင်)
တစ်ချို့အချိန်တွေမှာ အကြီးကို ဦးစားပေး အရင်လုပ်ပေးဖို့ မမေ့ပါနဲ့ရှင်။ တခါတလေ ဘေဘီလေး ငိုနေရင်
” ညီမလေးငိုနေပြီ။ သားခဏစောင့် ” လို့ ပြောမဲ့ အစား
” သမီးရေ၊ခဏလေးမေမေလာမယ်။ ကိုကို့ကို ဘောင်းဘီဝတ်ပေးလိုက်ဦးမယ်နော်။ သူက ကျောင်းသွားရမှာ။” လို့ပြောနိုင်ပါတယ်။
အငယ်လေးက မိနစ်အနည်းငယ်ပိုစောင့်နိုင်ပါတယ်။ ဘာမှမဖြစ်ပါဘူး။ အကြီးလေးကလဲ မေမေက သူ့ကို တခါတလေ ပထမဦးစားပေးလုပ်ပေးတယ်ဆိုတာ သိစေနိုင်ပါတယ်။

ငြင်းခုံမှုတွေ၊ဆင်ခြေပေးးမှုတွေကို နားထောင်ပေးပြီး အသိအမှတ်ပြုပါ။

မေမေတို့ ဘယ်လိုပဲကြိုးစားကြိုးစား ကလေးတစ်ယောက် ထက်ပို လာတဲ့ မိသားစုထဲမှာ မောင်နှစ်မခြင်း ငြင်းခုံမှုက ဖြစ်လာစမြဲပါ။ သူတို့အချင်းချင်း ချစ်ပြီး အပြန်အလှန် ရှိုင်းပင်းဖို့ က လက်တွေ့မှာ ၁၀၀% မဖြစ်နိုင်ပါဘူးရှင်။ မောင်နှမခြင်း ငြင်းခုံခြင်း၊ရန်ဖြစ်ခြင်း က သူတို့ အတွက် လောကကြီးမှာ ရပ်တည်ဖို့၊ အနာဂါတ် လူမှုဆက်ဆံရေးအတွက် လိုအပ်တဲ့ အရေးအချင်းတွေကို လေ့ကျင့်ဖို့ အကောင်းဆုံး အခွင့်အရေးပါပဲ။
ကလေးတွေ ကို သူတို့ မကျေနပ်တာ၊ စိတ်တိုတာ ဟာ သာမန်ဖြစ်တတ်တဲ့ သဘောဆိုတာ နားလည်အောင် ကူညီပြောပြပေးပါ။ တခါတလေ ကိုယ်ချစ်တဲ့ သူတွေနဲ့ လဲ သဘောထားမတူ စိတ်တို စရာ ဖြစ်တတ်ပေမယ့် ဒီလိုစိတ်တိုတာဟာ မချစ်တော့တာ မဟုတ်ကြောင်းပြောပြပေးပါ။ အဲလိုကြားရရင် စိတ်တိုမိတဲ့ အတွက် မကောင်းတဲ့ သူဖြစ်မသွားဘူး ဆိုတာ နားလည်ပြီး စိတ်သက်သာရာရပါလိမ့်မယ်။ သူတို့ရဲ့ ခံစားချက်တွေကို ကောင်းကောင်းမွန်မွန် ဖော်ပြတတ်အောင် ၊ မတူညီတဲ့ အချက်တွေကို ကောင်းကောင်း ညှိုနှိုင်းတတ်အောင် ကူညီ သင်ပေးသင့်ပါတယ်။
သူတို့ တစ်ယောက်ချင်းစီ ရဲ့ အကြောင်းပြချက်၊ ထင်မြင်ချက်တွေကို သေသေချာချာ အစအဆုံးနားထောင်ပေးတာ က မိဘများလုပ်ပေးနိုင်တဲ့ အကောင်းဆုံးအချက်ပါပဲ ။ သူတို့အချင်းချင်းလဲ အပြန်အလှန် နားထောင်တတ် ဖြေရှင်းတတ်အောင် အားပေးသင့်ပါတယ်။ မေမေတို့လဲ စိတ်ရှုပ်မိမှာဖြစ်လို့ တည်ငြိမ်အောင် ကြိုးစားပြီး
” သားက ညီမလေး အရုပ်ကို လုတာကိုး ”
” တူတူမဆော့ နိုင်ရင် ထွက်သွား၊ လာမကစားနဲ့” စသဖြင့် မပြောမိအောင် ဂရုစိုက်ပါ။

မေမေတို့ အနေနဲ့သူတို့ရဲ့စိတ်ထဲမှာ ညီအကိုမောင်နှမတွေကြောင့် ဘယ်လောက်ထိ ဒေါသဖြစ်တယ်၊ခံစားရတယ်၊မနာလိုဖြစ်ရတယ် ဆိုတာတွေကို ရိုးရိုးလေး ဘက်မလိုက်ပဲ၊ အပြစ်မတင်ပဲ နားထောင် ပေးကြည့်ပါ။ ဒီလိုလုပ်ရင် သူတို့ စိတ်ထဲ မေမေတို့ရဲ့ ထောက်ခံမှုကို ရတယ်လို့ ခံစားရစေနိုင်ပါတယ်။ သူတို့ ရင်ထဲ ခံစားရနေတဲ့ မမျှတမှု၊ဘက်လိုက်တယ်လို့ထင်နေမှုကိုလည်း လျော့ပါးသွားစေပါတယ်။ မေမေ တို့ သူတို့ပြောတာအားလုံးကို သဘောတူစရာ မလိုပါ ဘူး။ မေမေတို့ ကဏ္ဍက တည်ငြိမ်စွာနဲ့ နှစ်ဘက်လုံးက ခံစားနေရတာ ကို နားထောင်ပြီး နားလည်မှုပေးဖို့ပါပဲ။

သူတို့ရဲ့ ဒေါသစိတ်ကို ထိန်းချုပ်ဖြေရှင်းနိုင်အောင်ကူညီပေးခြင်း

ရန်ပွဲပြင်း ထန်လာတဲ့ အခါ မိဘတွေအနေ နဲ့ တစ်ယောက်က ရန်လိုသူ နဲ့ နောက်တစ်ယောက်က ခံရသူအဖြစ် မြင်နိုင်ပါတယ်။ ဒီအခါဘက်လိုက် မှု တွေ ဖြစ်တတ်ပြီး နောင်အခါ မောင်နှမချင်းပြိုင်ဆိုင်လိုမှုကို ပျိုးထောင်လိုက်သလိုပါပဲ။

ကလေး နှစ်ယောက်လုံးကို အားပေးဖို့ နည်းလမ်းရှာပြီးဖြေရှင်းတာက အအောင်မြင်ဆုံး လုပ်ရပ်ပါပဲ။ ဒီလိုလုပ်ပြီး ရန်လိုတတ်တဲ့ ကလေးက မပျော်နိုင်ဘူး ဆိုတာကို လဲ သူတို့ ကို သိရအောင် ကူညီသင်ပေးနိုင်ပါတယ်။ မေမေ တို့ရဲ့သားက သူ့ညီ/အစ်ကို ကို ကန်လိုက်တယ်ဆိုပါတော့။
ဒါဟာ ” ငါက အရမ်း မကျေမနပ်ဖြစ်နေပြီး ကြောက်နေတယ်၊ငါ ဘယ်လောက်ထိစိတ်တိုနေတယ်ဆိုတာ ငါဘယ်လိုပြောရမလဲ မသိဘူး” လို့ သူနည်းသူ့ ဟန်နဲ့ပြတာဖြစ်နိုင်ပါတယ်။

တကယ်လို့ ရန်ပွဲမှာ တစ်ယောက်နဲ့ တစ်ယောက် လက်ပါအောင် ပြင်းထန်လာပြီဆိုရင် မေမေတို့ က ကြားဝင်ပြီး ” သားတို့ တစ်ယောက်နဲ့ တစ်ယောက် နာအောင် လုပ်ကြတာကို မေမေ ခွင့်မပြုနိုင်ဘူး” လို့ ပြောပါ။ နှစ်ယောက်ကို ခွဲထားလိုက်ပြီး သူတို့ စိတ်အေးအောင် အချိန်ပေးပါ။ ပြီးမှ သူတို့မကျေနပ်ချက်တွေကိုပြောပြခိုင်းပါ။ နားထောင်ပေးပါ။

“သားကြည့်ရတာ အရမ်းစိတ်တိုနေပုံပဲ။ မေမေ က သား ဇော့်ကို ဘာလို့စိတ်တိုတယ်ဆိုတာ တခြားနည်းနဲ့ ပြောပြလို့ ရမလားလို့ စဉ်းစားနေတာ။ ခြေထောက်နဲ့ ကန်မဲ့ အစားလေ၊ ဒါဆို ဇော်လဲ ပိုပြီးနားလည်မှာပေါ့” စသဖြင့် အခြေအနေ နဲ့ လိုက်ပြီး ပြောပြပေးပါ။

ငြင်းခုံရန်ဖြစ်နေရာမှ ပြေရာပြေကြောင်း အခြေအနေသို့ ပြောင်းလဲပါ။

ကလေးတွေရဲ့ ခံစားချက်တွေကို ခွဲခြားပြောပြပေးပါ။
” သားတို့ နှစ်ယောက် ကြည့်ရတာ တစ်ယောက်နဲ့ တစ်ယောက် မကျေမနပ်ဖြစ်နေကြသလိုပဲ”
” ကျော်က ကားကို မီးသတ်ကားလုပ်ချင်တာလား”
“ဇော်က လဲ ဒီကားနဲ့ပဲ ဆော့ချင်တာလား”
“ဇော်က ဒီ ဘက်မှာ အိမ်လေးကို ကိုင်ပြီး မီးလောင်တယ်လို့ပြော၊ အဲဒါဆို ကျော်က မီးသတ်ကားနဲ့ လာငြိမ်းပေး။ အဲလို တူတူ ကစားချင်လား” စသဖြင်.့ အေးအေးဆေးဆေး တူတူဆော့လို့ရတဲ့ နည်းလမ်းရအောင် သင်ပြပေးနိုင်ပါတယ်။

စကားမပြောတတ်သေးပဲ ခြေဆောင့်ပြီး ဒေါသတကြီးငိုနေတဲ့ toddler တွေကိုတော့ သူတို့ ခံစားရနေတာဘာလဲဆိုတာ ပြောပြပြီး သင်ပေးနိုင်ပါတယ်။
ဥပမာ- ” သြော် ဘေဘီလေး က သားဆောက်ထားတဲ့ ဘလောက်တွေ တိုက်လိုက်တာလဲ ။ သား ဒေါသဖြစ်တာပေါ့။ လာ လာ ဘေဘီလေး လေးဘက်မလာတဲ့ တခြားနေရာ ရှာပြီးကစားမယ်နော်။ နောက်မဖြစ်အောင်” စသဖြင့် အခြေအနေပေါ်မူတည်ပြီး သူတို့ စိတ်ပြေအောင် ကူညီပေးနိုင်ပါတယ်။

တစ်ဘဝတာမောင်နှစ်မ

မေမေတို့ ကလေးတွေ ရန်ဖြစ်တဲ့ အခါ ( သူတို့ဖြစ်ကြမှာပါ) မေမေတို့ အခု ငြင်းခုံပွဲလေးကိုပဲ မကြည့်ပဲ ရေရှည်ကိုမြင်ဖို့ ကိုယ့်ကိုယ်ကို သတိပေးပါနော်။ မောင်နှမက အမြဲတမ်းအတွက် မောင်နှမပါ။ သူငယ်ချင်းကို စွန့်လွှတ်စွန့်ခွာလို့ ရချင်ရမယ် မိသားစု ဆိုတာ အမြဲတမ်း မိသားစုပါပဲ။ ကလေးတွေရဲ့ ဒီအိမ်မှာ ဒီမောင်နှမတွေနဲ့ ဒီမိဘနဲ့ ဖြတ်သန်းခဲ့ ရတဲ့ အမှတ်ရစရာ memories တွေကို ဘယ်သူမှ လုယူသွားလို့မရပါဘူး။ ဒီကနေပြီး သူတို့ရဲ့ နက်ရှိုင်းတဲ့ သံယောဇဉ်ကို သူတို့ တည်ဆောက်နိုင်မှာပါ။

မောင်နှမ ချင်း မကျေမနပ် ညည်းညူပြောဆိုခြင်းများကို အကောင်းဆုံး ပြန်ဖြေနိုင်ရန် ဥပမာအဖြေများ။

ဖေဖေ မေမေတို့ အတွက် သားသားမီးမီးတွေက မောင်နှမတွေနဲ့ ပတ်သက်ပြီး မကျေမနပ်ပြောလာ၊တိုင်ကြားလာရင် ပြန်ဖြေနိုင်ဖို့ အကောင်းဆုံးအဖြေတွေ အကြံပေးထားတာလေးတွေ မျှဝေလိုက်ပါတယ်။

၁။ ကလေး : “ မေမေ က ဘာလို့ ကလေးနောက်တစ်ယောက်ယူတာ လဲ။ သား ဒီအိမ်မှာ နောက်ထပ် ဘယ်သူမှ မရှိစေချင်ပါဘူး”

ဒီလိုဖြေမယ့်အစား==>” နောက်တော့ သားသိလာမယ်လေ။ ကလေးကို သားချစ်လာမှာပါ”

ဒီလို ဖြေကြည့်သင့်ပါတယ်==> ” သားအဲလို ခံစားရတာလား။ မေမေ့ကို ထပ် ပြောပြပါဦး။ ပြီးရင် မေမေက သားလေးဟာ မေမေ့ရဲ့ အကောင်းဆုံး သားဦးလေး၊ချစ်ရတဲ့ သားဦးလေး အမြဲ ဖြစ်နေမှာ ဆို တာ ပြောပြမယ်နော်။”

၂။ ကလေး : “ မေမေ ဘယ်သူ့ကို ချစ်ဆုံးလဲဟင်”

ဒီလိုဖြေမယ့်အစား:==> ” အားလုံးကိုတူတူ ချစ်တာပေါ့”

ဒီလို ဖြေကြည့်သင့်ပါတယ်==>” ဒီမေးခွန်းက မေမေ့ အတွက် ဖြေရခက်တဲ့ မေးခွန်းပဲ၊ ဘာလို့ဆိုတော့ သားတို့ အားလုံး မေမေ အတွက်တော့ အရေးကြီးတယ်။မေမေက သားတို့ အားလုံး တစ်ယောက်ချင်းစီတိုင်းကို တစ်မျိုးစီ ချစ်တာနော်။”

၃။ ကလေးး ” ဂါ၊ဂါ၊ ဂူး၊ဂူး၊ ဂိုး ဂိုး……ဝါ….ဝါ… မာမာ!”

ဒီလိုဖြေမယ့်အစား==>” ကလေးလို လုပ်မနေနဲ့။ အကောင်ကြီးကဖြင့် ကြီးနေပြီးတော့။”

ဒီလို ဖြေကြည့်သင့်ပါတယ်==> ” သားက ကလေးလုပ်တမ်းကစားချင်လို့လား။ လာ၊ မေမေ့ ပေါင်ပေါ်လာထိုင် မေမေ လှုပ်ပြီး ချော့ပေးမယ်။”

။ ကလေး : “ မေမေ က ညီလေးကိုပဲ ဂရုစိုက်နေတာပဲ”

ဒီလိုဖြေမယ့်အစား==> ” မဟုတ်ပါဘူး ။ မေမေ သားကို လဲ ဂရုစိုက်တာပဲလေ”

ဒီလို ဖြေကြည့်သင့်ပါတယ်==> ” သြော်.. သားက မေမေ နဲ့ တူတူ အချိန်ကြာကြာနေချင်လို့လား။ မေမေလဲနေချင်တာပေါ့။ မေမေ တို့ နှစ်ယောက်တည်း တစ်နေ့လောက် တူတူကစား၊တူတူလျှောက်စားရအောင်နော်”

၅။ကလေး : “ မေမေ ကဘာလို့ သူ့ဘက်အမြဲပါရတာလဲ။”

ဒီလိုဖြေမယ့်အစား==> ” မေမေ ညီမလေးဘက် အမြဲမပါပါဘူး။ ဒါပေမဲ့ သားကလဲ ညီမလေးကို အနိုင်မကျင့် နဲ့လေ”

ဒီလို ဖြေကြည့်သင့်ပါတယ်==> “သားက အဲလိုထင်နေတာလား။ ဒါဆို သားဘက်က ဘယ်လို ခံစားရတယ်ဆိုတာ မေမေ ပိုပြီးနားလည်အောင်ပြောပြ၊ ဒါမှ မေမေ သားတို့ နှစ်ယောက်လုံးအပေါ် ပိုပြီးမျှတ နိုင်မှာပေါ့။”

၆။ ကလေး : “ ညီလေးကို သားမုန်းတယ်”

ဒီလိုဖြေမယ့်အစား ==> ” သားမမုန်းပါဘူး ။ ညီလေးကို သားချစ်ပါတယ်”

ဒီလို ဖြေကြည့်သင့်ပါတယ်==> ” ညီလေး သားကို လုပ်လိုက်တာ/ ပြောလိုက်တာ သား အရမ်းစိတ်ဆိုးသွားတာလား”

။ ကလေး : ” ညီလေး ဘယ်တော့မှ မွေးမလာရင် ကောင်းမှာ”

ဒီလိုဖြေမယ့်အစား==> ” ညီလေးကို ဘာလို့ အဲလို ပြောရတာလဲ။”

ဒီလို ဖြေကြည့်သင့်ပါတယ်==> ” တခါတလေ သား ညီလေးကို သဘောကျတယ်၊ ဒါပေမယ့် ခု သား ညီလေးကို ဒီမှာ လုံးဝမရှိစေချင်ဘူး။ ကလေးလေးတွေ က အရမ်း အလုပ်ရှုပ်တာ၊ဒုက္ခများတာ မေမေလဲ သိတာပေါ့။ ညီလေးကြီးလာပြီး သားနဲ့ တူတူ ကစားတဲ့ အရွယ်ရောက်လာရင် သား ပျော်ရမှာပါနော်”

အထက်ပါ အကြံပြုထားတဲ့ ဖြေကြားပုံတွေ ကို ကြည့်ရင် ကလေးက ပြောလာတဲ့ စကားကို တိုက်ရိုက်ကြီးဆန့်ကျင်ပြီး ကိုယ်လိုချင်တဲ့ အတိုင်း ပြန်ပြောတာမျိုးမဟုတ်တာတွေ့ရမှာပါ။ ကလေးရဲ့ လောလောဆယ်ဖြစ်နေတဲ့ သဘောထားကို အလေးထားပြီး တဖက်လှည့်နဲ့ ရှင်းလင်းအောင်ပြောပြတာမျိုးပါ။ ပြီးတော့ ကလေးရဲ့ ခံစားချက်ကို ပိုပြီးပြောပြလာမယ့် မေးခွန်းမျိုး၊ အခြေအနေမျိုးကို ဖန်တီးပေးတာလဲ တွေ့ရမှာပါ။ ဒီလို ဆက်ဆံပေးတဲ့ အတွက် ကလေးဟာ သူခံစားရတာကိုပြောပြနိုင်တဲ့ အတွက် ကျေနပ်မှုကို ရတယ်၊ သူ့စကားကို တိုက်ရိုက်မဆန့်ကျင်တဲ့ အတွက် သူ့ကိုယ်သူယုံကြည်မှုကိုရတယ်၊ ဖြစ်သင့်တာကို နားလည်အောင် ပြေပြေလည်လည် ပြောပြတဲ့ အတွက် ကလေးရဲ့ စိတ်ထဲ ရှင်းလင်းပြီး မလိုလားအပ်တဲ့ ပြိုင်ဆိုင်မုန်းတီးစိတ်တွေ မဖြစ်တော့ဘူးပေါ့ရှင်။

Adele Faber: coauthor of the landmark book Siblings Without Rivalry ရဲ့ အကြံပြု ဖြေကြားချက်များကို မှီငြမ်းရေးထားပါတယ်။

စိတ်ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

Source : နီတိုးလေးမေမေ။

Ref; creativechild.com
Babycenter.com

Photo: Internet.