စကား နားထောင်သော သားသမီးလေးတွေ ဖြစ်အောင်……

ကျွန်မတို့ မိဘတွေ ဟာ ကျွန်မတို့ရဲ့ သားလေးတွေ သမီးလေးတွေကို လိမ္မာတဲ့ ကလေးလေးတွေ ဖြစ်စေချင်ကြတာ မိဘတိုင်း လိုလိုမှာ တူညီနေတတ်တဲ့ ဆန္ဒလေးပါ။ သားသမီးလေးတွေ ကို စည်းကမ်းရှိစေ ချင်တယ်….တော်စေချင် တယ်…သိတတ်နားလည်စေချင် တယ်… ယဉ်ကျေးစေချင် တယ်… အများနဲ့ နေတဲ့ အခါ လိုက်လျောညီထွေ နေတတ်စေချင်တယ်…စသဖြင့်ပေါ့လေ…ကောင်းတာလေးတွေ ချည်းပဲ ဖြစ်စေချင်တာပါ။ ဒီအထဲမှာမှ ကျွန်မတို့ မိဘတွေဟာ သားသမီးလေးတွေ ကိုယ့်စကားကို နားထောင်တာကို အလိုချင်ဆုံးလို့ ပြောလို့ရပါတယ်။ကိုယ်ဟာ မိဘဖြစ်တဲ့ အတွက် သားသမီးကို ကောင်းစေချင်လို့ ၊ စိုးရိမ်လို့ ဆောင်ရန်ရှောင်ရန် လုပ်ငန်း ဆောင်တာလေးတွေကို သွန်သင်ပြတဲ့အခါ သားသမီးတို့ အလွယ်တကူ နားထောင်စေချင်ကြပါတယ်။

ဒါပေမယ့် ကလေးတွေဟာ ဒီအရည်အချင်းတွေကို မွေးရာပါ ကံထူးလွန်းစွာ ပိုင်ဆိုင်ကြတာ မဟုတ်ပါဘူး။ သူတို့ နေထိုင်ကြီးပြင်းရတဲ့ ပတ်ဝန်းကျင်၊ သူတို့ နေ့စဉ် ဆက်ဆံခံရတဲ့ ပုံစံတွေပေါ်မှာ မူတည်ပြီး ကလေးတို့ရဲ့ အပြုအမူလေးတွေ ပြောင်းလဲလာ တတ်ကြပါတယ်။ကလေးတို့ရဲ့ သဘာဝဟာ သူတို့ကို အကောင်းဘက်က အပြုသဘော ဆောင်ပြီး ဆက်ဆံပြောဆို ပေးရင် ပိုပြီးတော့လိုက်နာတတ်ကြပါတယ်။ ဖေးဖေးမမ လမ်းပြသွန်သင်ပေးရင် ပိုပြီးလမ်းမှန်ကို လိုက်တတ်ကြပါ တယ်။ ဒါကြောင့် သားကောင်းသမီး လိမ္မာလေးတွေဆိုတာ အလိုလိုဖြစ်လာတယ် ဆိုတာထက် လေ့ကျင့်ပုံသွင်းလို့ ရတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။

ကလေးတို့ စကားစပြောတဲ့ အချိန်ကစလို့ ကျောင်းတက်ပညာသင်တဲ့ အရွယ်အထိ နေ့စဉ်အလုပ်တွေ လုပ်တဲ့အခါ၊ ကစားတဲ့အခါ ၊ကျောင်းသွားတဲ့အခါ၊ အပြင်လောကမှာ လူမှုဆက်ဆံတဲ့ အခါ၊ သူငယ်ချင်း ပေါင်းသင်းတဲ့အခါ စတဲ့ အချိန်တွေမှာ ကျွန်မတို့ မိဘများဟာ သူတို့လေးတွေကို မနားတမ်းေ ပြောဆိုနေရတာတွေ ရှိပါတယ်။ ” သားဒါမကိုင်ရဘူး ပူတတ်တယ်” ” သမီး လမ်းလျှောက် တာ အသံမမြည်စေနဲ့” ” သား ထမင်းကို မြန်မြန်စားနော်” ” ကျောင်းသွားရ တော့မယ် လွယ်အိပ်ယူ ဖိနပ်စီး” စသဖြင့် နိစ္စဒူဝ ကိစ္စလေးတွေမှာ မြန်ဆန်အောင် သင်ကြားရသလို သူတို့ရဲ့ တစ်ဘဝလုံးနဲ့ ပတ်သက်တဲ့ အတွေးအခေါ် အပြုအမူပိုင်း ဆိုင်ရာလေးတွေလည်း ငယ်စဉ်ကတည်းက သင်ကြား ပေးရတာပါပဲ။ ဒါကြောင့် ကျွန်မတို့ရဲ့ ကလေးတွေဟာ မိဘဆရာတို့ လမ်းညွှန် သင်ကြားပေးတာကို ပူးပေါင်းလိုက်နာေ ဆာင်ရွက်တတ်တဲ့ အလေ့အကျင့်လေးတွေ ရှိဖို့ လိုအပ်ပါတယ်။

” ခု အဲဒါကို ချလိုက် … မချရင် ငါလာလုပ်မှာနော်”
” ငတုံး အဲဒါကို ဆော့ရင် ကွဲမယ်ဆိုတာတောင် နားမလည်ဘူးလား…. ငါပြောတာလည်း အာပေါက်နေပြီ။ နားကို မလည်တာပါဟယ်”
” ဖိနပ်စီးလေ … လိပ်လိုနှေးနေတယ်။”
” သူများလုပ်တာ ခံလာရလား …ဟင် … ငတုံး … ငကြောက် … နင်ဘယ်လိုရှေ့ဆက်မလဲ”
” အမှတ်ပြည့်မရရင် ငါ့စကားလာမပြောနဲ့ … ကြားတယ်နော်”
စသဖြင့် အလားတူ စကားများနဲ့ ကလေးတို့ကို ပြောဆိုနေသံကို ကြားဖူးကြမှာပါ။ ဒီလို ဆူလိုက် ခြောက်လိုက်တာဟာ ကလေးတို့ကို ကြောက်ပြီး ဆွံ့အတုံ့နှေးသွားစေ တတ်တာကလွဲလို့ ကျွန်မတို့လိုချင်တဲ့ ပြောစကား နားထောင်ပြီး လိုက်လုပ်တဲ့ ကလေးတို့ကို ရနိုင်ဖို့ရာ ဝေးသွားနိုင် ပါတယ်။ ကလေးတို့ဟာ လုပ်သင့်လုပ်ထိုက်တဲ့ လမ်းညွှန်ပြသမှုကို မရဘဲ အပြစ်တင်ခံ ရတာမို့ လူကြီးပြောတဲ့ စကားတွေကို လစ်လျူရှု မလိုက်နာ ဘဲ နေတာသာ ဖြစ်ဖို့များ ပါတယ်။ ဒီအခါ ပြောစကား နားမထောင်ဘူး ဆိုးတယ် ဆိုတာမျိုးတွေ ဖြစ်လာတတ်ပါတော့တယ်။

ကလေးငယ်လေးတွေနဲ့ ကျောင်းနေအရွယ် ကလေးတို့အတွက် နောက်ထပ် လိုအပ်တဲ့ အရည်အချင်းတစ်ခုကတော့ အများနဲ့ နေထိုင်တတ်ဖို့၊ ပူးပေါင်းလုပ်ဆောင်တတ်ဖို့ ပါ။ ကလေးတို့ဟာ အလှည့်ကျ ပြုလုပ်ရတယ်ဆိုတာကို နားလည်နေအောင် မိဘများမှ သင်ကြားထားပေးရင် သူတို့လေးတွေ အတူတူ ကစားတဲ့အခါ ၊ အဖွဲ့အလိုက် ပြုလုပ်ရတဲ့အခါတွေမှာ အဆင်ပြေနိုင်ပါတယ်။ သူတို့ ထင်မြင်ချက်ကို ပြောနိုင်သလို သူတပါး ထင်မြင်ချက် ယူဆချက်ကိုလည်း နားထောင်တတ်အောင် သင်ကြားလေ့ကျင့်ထားပေးနိုင်ပါတယ်။ ဒါမှလည်း သူတို့လေးတွေ လူဘဝမှာ ဖြတ်သန်းရှင်သန်ရတဲ့အခါ လွယ်ကူအဆင်ပြေနိုင်ကြမှာပါ။

ကလေးတို့ ကျွန်မတို့ရဲ့ စကားကိုနားထောင် ဖို့ရာမှာ အရင်ဦးဆုံး ကျွန်မတို့ လူကြီးတွေကနေပြီး သူတို့လေးတွေကို နားထောင်ပေးဖို့လိုပါတယ်။ လသားအရွယ် ဝူးဝူးဝါးဝါး ပြောတတ်တဲ့ အရွယ်ကစလို့ မေမေတို့က စကားပြောပေးရင် ကလေးလေးတို့ကလည်း ပြန်ပြောတတ်ကြပါတယ်။ သူတို့လေးတွေ ပြောတာကို တလှည့် နားထောင်လိုက် မေမေတို့က ပြောလိုက် လုပ်ရတာကို ကြည်နူးတတ်ကြပါတယ်။ ဒီအရွယ်ကစလို့ သူတို့လေးတွေ ခံစားရတာ တွေ ပြောချင်တာတွေကို ပြောခွင့်ပေးနားထောင် ပေးသလို မေးခွန်းတွေ တရစပ်မေးတတ်တဲ့ အရွယ်ရောက်ရင်လည်း နားထောင်ပေးဖို့ မမေ့သင့်ပါဘူး။ ကျွန်မတို့ လူကြီးတွေဟာ စားဝတ်နေရေး အလုပ်တွေရဲ့ ပင်ပန်းနွမ်းနယ် မှုတွေကြောင့် ကလေးတို့ကို အချိန်ပေးနိုင်တာတွေ နည်းလာနေပါတယ်။ အလုပ်ပင်ပန်းပြီး ပြန်လာတဲ့ ဖေဖေမေမေတို့ဟာ သားတို့သမီးတို့ကို စိတ်ရှည်နိုင်စွမ်းတွေ သိပ်မရှိတော့ တာမျိုးတွေ ဖြစ်တတ်ပါတယ်။

တိုးတက် လာတဲ့ ခေတ်မှာ လူတိုင်းဟာ လက်ကိုင်ဖုန်း သုံးနိုင်သလို အင်တာနက် ခေတ်မှာ သိချင်တာ ကြည့်ချင်တာတွေကို အလွယ်တကူ ရှာဖွေနိုင် လာကြပါတယ်။ အင်တာနက်ဟာ ဗဟုသုတကို ပေးစွမ်းနိုင်သလို ဖျော်ဖြေမှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။ အင်တာနက်ဟာ ဝေးနေသူတွေကို နီးအောင် စွမ်းဆောင်နိုင် သလိုသူ့ကို မသုံးဘဲ မနေနိုင် စွဲလန်းအောင်လည်း ဆွဲဆောင်နိုင်ပါသေးတယ်။ ဒီအရာတွေကြောင့် မိသားစု စကားဝိုင်းတွေဟာ တိတ်ဆိတ် လာနေခဲ့တာ လည်း အမှန်ပါပဲ။ မိသားစု အချင်းချင်း ရင်းရင်းနှီးနှီး စကားပြောဆိုမှုတွေ နေရာမှာ အိုင်ပက်ကြည့်နေချိန်၊ အင်တာနက်သုံးနေချိန်တွေက အစားထိုး လာနေပါတယ်။ ဒီလိုဖြစ်လာနေတဲ့ အတွက် ကျွန်မတို့ မိဘတွေ လိုအပ်လို့ ပြောဆိုရတဲ့ အခါတွေမှာ သားသမီးတို့ နဲ့ ရင်းနှီးမှုဝေးကွာနေတဲ့အတွက် မထိရောက် တာမျိုးတွေ အဖြစ်များလာနေပါတယ်။

ကလေးတို့ စကားနားထောင်အောင် အားပေးကူညီနိုင်သော အမူအကျင့်အလေးတစ်ချို့ကို လေ့ကျင့်ပြုလုပ်ပေး မယ်ဆိုရင် မိဘတွေအတွက် တစ်နေ့တာ ဖြတ်သန်းရတဲ့ အနေအထားဟာ လွယ်ကူ အဆင်ပြေလာသလို သားတို့ သမီးတို့အတွက်လည်း အမူအကျင့်ကောင်းလေးတွေ ပျိုးထောင်ပေးရာရောက်ပါတယ်။

အချိန်ပေးပါ။ ကစားပါ။
သားတို့သမီးတို့နဲ့ မိဘတို့ ခိုင်မာတဲ့ ရင်းနှီး သံယောဇဉ်ဖြစ်ဖို့ရာ အကောင်းဆုံး လုပ်ဆောင်နိုင် တာကတော့ လွတ်လပ်ပေါ့ပါးစွာ အတူတူ ကစားကြတာပါပဲ။ အလုပ်တွေများ တယ်ဆိုပေမယ့် တစ်နေ့ကို အနည်းဆုံး နာရီဝက်လောက်တော့ electronic devices တွေ ကင်းရှင်းစွာနဲ့ လူလူချင်း ကစား နည်းလေးတွေနဲ့ ပျော်ရွှင်စွာ ကစားပေးသင့်ပါတယ် ။ကစားခြင်းဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေ အများကြီးထဲက တစ်ခုကတော့ သားသမီးတို့နဲ့ မိဘကြား ယုံကြည်မှု ခိုင်မာခြင်းပဲ ဖြစ်ပါတယ်။ ဒီလို ယုံကြည်မှု ခိုင်မာနေတဲ့ ဆက်ဆံရေးရှိ တာကြောင့် လိုအပ်လို့ လမ်းညွှန်မှု ပေးတဲ့အခါ သားသမီးတို့ လိုက်နာဖို့ရာ လွယ်ကူပါတယ်။

နားထောင်ပါ။

ကလေးတို့ ပြောလာတဲ့ ဘယ်အကြောင်းအရာ ကိုမဆို နားထောင်ပေးပါ။ နားထောင်ရမှာ မိမိတို့ ပြုလုပ်နေတာတွေကို ခဏချထားပြီး သူတို့လေးတွေ ပြောလာတာကို မျက်လုံးချင်းဆုံပြီး စိတ်ဝင်တစား နားထောင်ပေးပါ။ ကျွန်မတို့ လူကြီးတွေအတွက် အဓိပ္ပါယ်မရှိတာတွေ ဖြစ်နေတတ်ပေမယ့် သူတို့လေးတွေအတွက်တော့ သူတို့ ပြောလာတဲ့ အကြောင်းအရာဟာ သူတို့အတွက် ကမ္ဘာပါ။ ဒါကြောင့် မိဘများအနေနဲ့ စိတ်ထဲကသဘောမတူရင်တောင် ” ဟုတ်လား..?” ” တကယ်….” ” နောက်တော့ ဘာဖြစ်သွားလဲ” စသဖြင့် စကားလေးထောက်ပြီး နားထောင်ပေးဖို့လိုပါတယ်။ ဒီလို အသေးအဖွဲက အစ နားထောင်ပေးမှသာ နောင် ကိစ္စကြီးတွေမှာလည်း သူတို့ လာပြောကြမှာပါ။” ဖေဖေမေမေ တို့ဟာ ငါရဲ့ ခံစားချက်ကို အသိအမှတ်ပြုတယ်။ အလေးထားတယ်” ဆိုတဲ့ အသိကို သူတို့လေးတွေ ရရှိနိုင်မှာပါ။

လေသံနဲ့ ကိုယ်နေဟန်ထား

ကလေးတို့ကို ပြောဆိုဆက်ဆံတဲ့အခါ အမြဲတမ်း မြူးကြွတဲ့ အသံ၊ အားပေးတဲ့ အသံမျိုးနဲ့ ပြောဆိုသင့်ပါတယ်။ မလုပ်ရမယ့်အရာများကို တားမြစ်ရတဲ့အခါတွေမှာ လေးနက်တဲ့လေသံနဲ့ ပြောပြသင့်ပါတယ်။ မလုပ်ရတာတွေကို ပြောတာမို့ မသေချာမရေရာ လေသံမျိုးဆို ကလေးတို့ အလေးမထား နားမထောင်ပါဘူး။ (ဥပမာ- မီးခလုတ်က ဆော့လို့မရဘူး။ ) မနှစ်သက်တဲ့ အရာ ၊ သဘောမတူတဲ့အရာကို ပြောမယ်ဆိုရင်တော့ ခိုင်မာသော လေသံမှန်မှန်နဲ့ ပြောသင့်ပါတယ်။ ( ဥပမာ- သား ဦးဦးပေးတိုင်း အချိုရည်တွေသောက်တာ မကောင်းဘူး။ မေမေ မကြိုက်ဘူး။) ဒီလို မနှစ်သက် ကြောင်းပြောပေမယ့် မအော်မိဖို့တော့ အရေးကြီးပါတယ်။ အော်လိုက်ရင် ကလေးတွေဟာ အော်လိုက်တဲ့ လေသံ မြင့်မြင့်ပြင်းပြင်းကိုသာ မှတ်မိပြီး သူတို့ မလုပ်သင့်တဲ့ အရာကို မမှတ်မိတတ် ပါဘူး။ ထပ်ခါထပ်ခါ နားပူနားဆာ လုပ်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ကလေးတို့ ပြုလုပ်ရမှာကို ကောင်းကောင်းမွန်မွန် သေသေချာသေချာ ပြောပြီးရင် သူတို့လိုက်နာအောင် ကိုယ်အမူအယာနဲ့ ပြတာမျိုးက ပိုသင့်တော်ပါတယ်။ ခဏခဏ ထပ်ပြောလွန်းရင် ကလေးတို့ဟာ ဂရုမစိုက်တော့ဘဲ လိုက်မလုပ်တာမျိုးဖြစ်ဖို့ များပါတယ်။

မိမိတို့ ပြုလုပ်စေချင်တာကို ကလေးတို့ ကစားနေသော (သို့) စာဖတ်နေသော နေရာသို့ သွားပြီး သူတို့ ပြုလုပ်နေသော အရာကို ” ဟော သားက ကစားနေတာလား.. ဘာတွေလဲ..” စသဖြင့် စက္ကန့် အနည်းငယ် အတူပြုလုပ်ပြောဆိုပြီးမှ မိမိတို့ ပြုလုပ်စေချင်တာကို ခိုင်းစေသင့်ပါတယ်။ တခြား အခန်း နေရာကနေ အော်ဟစ်ခိုင်းစေတာထက် ဒီလို အနားကပ်ပြီး ပြောတာကို ကလေးတို့ ပိုပြီး လိုက်နာတာကို တွေ့ရပါတယ်။ ကလေးတို့နဲ့ စကားပြောရာမှာ ကလေးတို့ရဲ့ အရပ်အတိုင်းကို ထိုင်ချပြီးမှ မျက်လုံချင်းဆုံပြီး ပြောသင့်ပါတယ်။ အပေါ်ကနေ ဆီးပြီး ပြောတဲ့ အမူအယာက ကလေးငယ် အများစုကို ထိတ်လန့်မှုကို ခံစားရစေနိုင်ပါတယ်။

စကားလုံးရိုးရိုးရှင်းရှင်းကို သုံးပါ။

ကလေးတို့ဟာ တကယ်စည်းကမ်း လိုက်နာပြုလုပ်ရမယ့် အချိန်မျိုးမှာ ရှည်ရှည်ဝေးဝေး ဆုံးမနေတာဆိုရင် ဝေဝါးပြီး နားမလည်နိုင်ဖြစ်တတ်ပါတယ်။ ဒါကြောင့် အိပ်ယာဝင်ချိန်ဆိုရင် ” အိပ်ချိန်ရောက်ပြီဟေ့…. ခြေလက်ဆေးမယ် … အိပ်ရေးဝမှ ဉာဏ်ကောင်းမယ်” ဒီလိုတွေ ရှည်ရှည်ဝေးဝေးပြောမယ့်အစား ” အိပ်ချိန်” ဆိုပြီး အိပ်ဖို့ ပြင်ဆင်တာက ကလေးတို့ပိုပြီး လိုက်နာကြပါတယ်။ တရက်တည်းနဲ့ မလုပ်သေးရင်တောင် နှစ်ရက် သုံးရက်ဆို သူတို့လေးတွေ မှတ်မိလိုက်နာတာကို တွေ့ရပါတယ်။ ဖိနပ်စီးရမယ်ဆိုရင် ” ဖိနပ်”၊ လမ်းမှာ ကားကြည့်ပြီးမှ လမ်းကူးရမယ်ဆိုရင် ” ကားကြည့်” ၊ စာအုပ်တွေ ဖတ်ပြီး သိမ်းစေချင်တာဆို “စာအုပ်သိမ်း ” ဆိုပြီး သိမ်းဖို့ ပြတာမျိုးပါ။ ကလေးတို့ဟာ သူတို့ ပြုလုပ်ရမှာကို သိတတ်ကြပါတယ်။ သူတို့ကို အနည်းငယ် သတိပေးဖို့သာ လိုအပ်တာပါ။

အကျိုးအကြောင်းရှင်းပြထားပါ။

ကလေးဟာ ခုံတစ်လုံးပေါ်ကို တက်လိုက် ၊ ဆင်းလိုက် ၊ နောက်မှီပေါ်ထိတက်လိုက် ၊ ပြန်ဆင်းလိုက် စသဖြင့် ပြုလုပ်နေတယ် ဆိုရင် ” ပြုတ်ကျမယ်လေ… ဆင်း… ခုဆင်း” လို့ ငေါက်မယ့်အစား ကလေးကစားနေတာကို ကြည့်ပြီး ” ခုံရဲ့ နောက်မှီပေါ် သားတက်လိုက်ရင် သားရဲ့ အလေးချိန်ကို မခံနိုင်ပဲ ခုံရောသားရော ပြုတ်ကျတတ်တယ်သား” လို့ ပြောပေးနိုင်ပါတယ်။ ကလေးဟာ သူပြုလုပ်နေတာကို အတားခံလိုက်ရတာမျိုး မဟုတ်ပဲ ဖြစ်မယ့် အန္တာရာယ်ကို သိလိုက်ရတာကြောင့်ခုံကို မကစားတော့ပဲ ရပ်လိုက်ပါမယ်။ နို့ပုလင်းကို သောက်ပြီး ပြန်မထားရင် ” ပုလင်းကို ပြန်မထားဘူးကြည့်… စည်းကမ်းကို မရှိဘူး” လို့ပြောလိုက်တာဟာ ကလေးနို့ဗူးအမြဲပြန်ထားဖို့ မလုပ်ဆောင်နိုင်ပါဘူး။ူအဆူခံလိုက်ရတာကိုပဲ ကလေးက နားလည်လိုက်လို့ပါ။ ” နို့ အပြင်မှာ ထားရင် ပျက်သွားတတ်တယ်။ ရေခဲသေတ္တာထဲ ပြန်ထည့်ရတယ်” လို့ ရှင်းပြရင် ကလေးဟာ နားလည်သွားတဲ့အတွက်လိုက်လုပ်ဖို့ ပိုများပါတယ်။

ရွေးချယ်ခွင့်ပေးပါ။

နေအလွန်ပူနေတဲ့ ကစားကွင်းကို သွားကြမှာမို့ ဦးထုပ်ဆောင်းရအောင် ပေးပေမယ့် ကလေးက မဆောင်းချင်တဲ့အခါ ” နေဒီလောက်ပူနေတာကို ဆောင်း… မဆောင်းရင် ဘာမှ မစီးရတော့ဘူးနော်” လို့ ပြောလို့ရှိရင် ကလေးဟာဦးထုပ်လည်းမဆောင်းချင် မဆောင်းလို့ရှိရင် သူကိုယ်သူ စကားနားမထောင်သူအဖြစ် အပြစ်ရှိသလိုခံစားရတာမို့ မပျော်တော့ပဲ ပိုဆိုးတဲ့ အမူအယာတွေတောင်လုပ်နိုင်ပါတယ်။ ဒီအခါ ပျော်ဖို့ရာသွားတဲ့ ကစားကွင်းခရီးစဉ်နေ့ဟာ စိတ်ညစ်စရာနေ့ဖြစ်သွားနိုင်ပါတယ်။ အပြစ်ပေးတာ ဒဏ်ပေးတာဟာ များသောအားဖြင့် အလုပ်မဖြစ်တတ်ပါဘူး။ ကလေးရဲ့ ခံစားချက်ကိုထိခိုက်စေနိုင်ပြီး ပိုဆိုး စကားပိုနားမထောင်တဲ့ကလေးသာ ဖြစ်နိုင်ဖို့များပါတယ်။

ဒါကြောင့် ” ဦးထုပ် ဒီမှာ တင်ထားမယ်။ နေပူလို့ မေမေလည်းဆောင်းမှာ… မမလည်းဆောင်းမှာ … သမီးဆောင်းချင်ရင် ဒီဟာ ကစားပြီးတဲ့အခါ ဆောင်းချင်ဆောင်းနော်” ဆိုပြီး ကလေးကို ရွေးချယ်ခွင့်ပေးသင့်ပါတယ်။ များသောအားဖြင့် ကလေးတို့ဟာ သူတို့ ဖြစ်ချင်တာကို အသိအမှတ်ပြုခံရလိုက်တဲ့အတွက် နောက်ပိုင်းမှာ ပြောတဲ့အတိုင်းလုပ်တတ်ပါတယ်။

အပြင်သွားဖို့ အရုပ်သယ်သွားမယ်ဆိုရာမှာ ကလေးက အများကြီး သယ်ချင်တယ် …အခြေအနေအရ တစ်ခုပဲ သယ်လို့ရတယ်ဆိုရင် ” ဒီနှစ်ခုထဲက တစ်ခုတော့ သယ်လို့ ရမယ်” ဆိုပြီး ရွေးချယ်ခိုင်းသင့်ပါတယ်။

မိမိတို့ ဖြစ်စေချင်တာကို ပြောပြပါ။

ကလေးဟာ ကစားနေရာကနေ သိမ်းပြီး ကျောင်းသွားဖို့ လွယ်အိတ်ပြင်ဆင်ဖို့ ပြောရာမှာ တစ်ခါတည်းနဲ့ မရဘဲ ဖြစ်နေတဲ့အခါ ….” ဟင် ညီမလေးကိုတောင် မေမေ အင်္ကျီလဲပေးပြီးပြီ ခုထိ မသိမ်းရသေးဘူးလား… အေး… နောက်နေ့ မကစားရတော့ဘူး” စသဖြင့် ပြောတာဟာ ကလေးကို နောက်တစ်ခါလည်း အချိန်မီ သွားနိုင်အောင် တခါတည်းပြောရုံနဲ့ မလုပ်တာမျိုး ထပ်ဖြစ်နိုင်ပါတယ်။

ဒီလို ဆူမယ့်အစား ” မေမေ ညီမလေး ရေချိုးပေးနေတုန်း သားလွယ်အိတ်ပြင်ထားလိုက်..ဒါဆို .မေမေ ညီမလေး အင်္ကျီဝတ်နေတုန်း သား ခဏထပ်ကစားလို့ရတယ် …ဒါဆို နောက်မကျတော့ဘူး” ဒီလို မိမိ ဖြစ်စေချင်တာကို ပြောထားပေးခြင်းဖြင့် ကလေးတို့ကို စကားနားထောင်အောင် လေ့ကျင့်ပေးနိုင်ပါတယ်။

ကလေးတို့ရဲ့ ခံစားချက်ကို နာမည်တပ်ပေးပါ။

မောင်ညိုတစ်ယောက် မာမာနဲ့ ကစားနေရာကနေ ဆောင်အောင့်ပြီး သူ့အမေကို လာတိုင်တယ်။ မာမာက အလှည့်နဲ့ မကစားလို့ ပေါ့။မောင်ညို တစ်ယောက် မကျေမနပ် ခြေဆောင့်ဂျီကျနေတာကို သူမိခင်က ” ဒါငိုစရာလား….တူတူဆော့လိုက်ပါလား” လို့ ပြောတော့ မောင်ညိုတစ်ယောက် ပိုလို့သာ ခြေဆောင့်ငိုယိုပါတော့တယ်။

လူတိုင်းဟာ ကိုယ်ခံစားနေရတာကို မှန်မှန်မှားမှား နားထောင်ပေးခံရတာ၊နားလည်ပေးခံရတာကို လိုချင်ပါတယ်။ လိုအပ်ပါတယ်။ခံစားချက်ကို နားလည်ပေးခံရပြီးမှ ထိန်းချုပ်ဖို့နဲ့ ပြုလုပ်သင့်တာကို ပြုလုပ်ဖို့ ဦးတည်နိုင်မှာပါ။

ဒါကြောင့် ကလေးတို့ တစ်ခုခု ခံစားရရင် ” သားစိတ်ညစ်လို့လား” ” သား အလှည့်မရတော့ ဝမ်းနည်းတာလား” စသဖြင့် ကလေးရဲ့ ဖြစ်နေတဲ့ စိတ်ခံစားချက်ကို ပြောပြပေးသင့်ပါတယ်။ ဒီလိုဆိုရင် ကလေးဟာ သူတို့ ခံစားချက်ကိုအသိအမှတ်ပြု လေးစားခံရတယ်ဆိုတာကို ခံစားသိရပါတယ်။ နောက်ပိုင်း လူကြီးတွေက အဆင်ပြေအောင်တူတူကစားလို့ရအောင် နည်းလမ်းပေးတာကို လိုက်လုပ်ပါတယ်။ တခြားသော အခြေအနေများမှာလည်း အလားတူပဲ ကလေးတို့ရဲ့ စိတ်ခံစားချက်ကို နားလည်ပြီး ပြောပြရမှာ ဖြစ်ပါတယ်။

သားလေးတွေ သမီးလေးတွေဟာ ကြိမ်းမောင်းရိုက်နှက်စရာမလိုပဲ နေ့စဉ် အလုပ်လေးတွေကို စည်းကမ်းတကျ ဆောင်ရွက်တတ်ဖို့ ငယ်စဉ်ကစပြီး အလေ့အကျင့်လေးတွေလုပ်ပြီး သူတို့လေးတွေကို ဆက်ဆံသွားရင် နောင်တချိန်မှာ အလွန်စိတ်ချမ်းသာစရာကောင်းတာ တွေ့ရှိရမှာပါ။ ကိုယ်ချင်းစာတရားရှိတတ်ဖို့၊ မေတ္တာထားတတ်ဖို့၊ တာဝန်သိတတ်ဖို့စတဲ့ ဘဝရဲ့ အရည်အသွေးများကိုလည်း မိဘများအနေနဲ့ စံနမူထား နေထိုင်ပြဖို့ ပိုမို လွယ်ကူလာပါလိမ့်မယ်။ကလေးတို့ရဲ့ စိတ်ကိုနားလည်ပြီး ညင်သာစွာ ကိုင်တွယ်တဲ့အတွက် မိဘများအနေနဲ့လည်း စိတ်ရှုပ်ညစ်ညူးစရာ ပင်ပန်းတဲ့ နေ့ရက်တွေ နည်းလာမှာ အမှန်ပါ။ နွေးထွေးပွင့်လင်းပြီး အပြန်အလှန် လေးစားမှုရှိတဲ့ မိသားစုတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။
Source : ယုငယ်( နီတိုးလေးမေမေ)