Snow White’s Story

1

ရှေးသရောအခါက မနှင်းဖြူလို့ခေါ်တဲ့ ချောမောလှပတဲ့ မင်းသမီးလေးတစ်ပါး ရှိသတဲ့ကွယ်။ သူမဟာ သနားကြင်နာတတ်ပြီး တိရစ္ဆာန်လေးတွေအားလုံးနဲ့လည်း ရင်းနှီးသတဲ့ကွယ်။

2

တစ်နေ့မှာတော့ မနှင်းဖြူလေးဟာ ခန့်ညားချောမောတဲ့ မင်းသားလေးတစ်ပါးနဲ့ တွေ့ဆုံခဲ့ပြီး အချစ်သီချင်းတစ်ပုဒ်ကို အတူတူဆိုခဲ့ကြသတဲ့ကွယ်။ အဲ့ဒါကို သူမရဲ့ မကောင်းတဲ့ မိထွေးဘုရင်မကြီးက စောင့်ကြည့်ခဲ့သတဲ့ကွယ်။

3

ဘုရင်မကြီးဟာ မနှင်းဖြူလေးရဲ့ လှပမှုကို မနာလိုတဲ့အတွက် သူမရဲ့ မုဆိုးကိုခေါ်ပြီး မင်းသမီးလေး မနှင်းဖြူကို သတ်ဖို့အတွက် စေခိုင်းလိုက်သတဲ့ကွယ်။

4

ဒါပေမယ့် မုဆိုးကြီးဟာ မနှင်းဖြူလေးကို မသတ်ရက်တဲ့အတွက် သူမကို ဟိုးအဝေးကြီးကို ထွက်ပြေးတိမ်းရှောင်ဖို့ ပြောခဲ့သတဲ့ကွယ်။ အဲ့ဒါမှ ဘုရင်မကြီးက မနှင်းဖြူလေးကို ဘယ်တော့မှ ရှာမတွေ့တော့မှာပေါ့ကွယ်။

5

မနှင်းဖြူလေးဟာ တောနက်ထဲကို ထွက်ပြေးသွားပြီးတော့ လမ်းပျောက်ပြီး ကြောက်နေတာပေါ့ကွယ်။ ဒါပေမယ့် မကြာခင်မှာပဲ သူမဟာ အိမ်ငယ်လေးတစ်လုံးကို ရှာတွေ့သွားသတဲ့ကွယ်။ မင်းသမီးလေးဟာ အိမ်တံခါး ခေါက်ကြည့်ပေမယ့် ဘယ်သူမှ ထွက်မလာတဲ့ အတွက်ကြောင့်  အိမ်ထဲကို ဖြေးညှင်းစွာ ဝင်သွားသတဲ့ကွယ်။

6

အိမ်ငယ်လေးဟာ ရှုပ်ပွနေသတဲ့။ မနှင်းဖြူလေးဟာ သူမရဲ့ တောတွင်းမိတ်ဆွေ အကောင်ငယ်လေးတွေရဲ့ အကူအညီနဲ့ အိမ်ရဲ့ ချောင်ကြိုချောင်ကြားပါမကျန် သန့်ရှင်းတော့တာပေါ့ကွယ်။ “ဒီမှာနေတဲ့ တစ်ယောက်ယောက်ကတော့ ငါ့ကို နေခွင့်ပေးချင်ပေးမှာပဲ” လို့လည်း မနှင်းဖြူလေးက ပြောမိသတဲ့။

7

အိမ်ပေါ်ထပ်ကို မနှင်းဖြူလေး တက်သွားတဲ့အခါ အိပ်ယာအသေးလေး (၇) လုံးကို တွေ့သတဲ့ကွယ်။ ဒါဟာ ကလေးတွေရဲ့ အိပ်ယာပဲလို့ သူမကတွေးမိလိုက်ပါတယ်။ သန့်ရှင်းရေးတွေလုပ်ပြီးတော့ ပင်ပန်းနေတဲ့ မနှင်းဖြူလေးဟာ အိပ်ယာလေးတွေပေါ်မှာ လှဲပြီး သမ်းဝေရင်းနဲ့ အိပ်မောကျသွားပါတော့တယ်။

8

အဲ့ဒီအချိန်မှာပဲ ရတနာတွင်းထဲမှာ တစ်နေ့လုံး အလုပ်လုပ်နေတဲ့ လူပုလေး (၇) ယောက်ဟာ အိမ်ကို ပြန်လာနေပါတော့တယ်။

9

လူပုလေး (၇) နှစ်ယောက်ဟာ သူတို့အိမ်ထဲမှာ ရောက်နေတဲ့ မင်းသမီးလေးကို တွေ့တဲ့အခါ အံ့သြနေကြတာပေါ့ကွယ်။ မနှင်းဖြူလေး နိုးလာတဲ့အခါမှာလည်း Dopey၊ Sneezy၊ Happy၊ Grumpy၊ Doc၊ Bashful၊ Sleepyလို့ ခေါ်ကြတဲ့ လူပုလေး (၇) ယောက်က ဆွဲဆောင်နေတာပေါ့ကွယ်။

10

လူပုလေး (၇) ယောက်ဟာ မင်းသမီးချောလေးကို ယုတ်မာတဲ့ဘုရင်မကြီးလက်ကနေ ကာကွယ်ချင်တဲ့အတွက် သူတို့နဲ့အတူတူနေဖို့ ဖိတ်ခေါ်လိုက်ပါတော့တယ်။ ပြီးတဲ့နောက်မှာတော့ သူငယ်ချင်းအသစ်တွေနဲ့အတူ တစ်ညလုံး သီချင်းတွေဆိုကြ၊ ကခုန်ကြတာပေါ့ကွယ်။

11

ရဲတိုက်မှာတော့ ဘုရင်မကြီးဟာ မနှင်းဖြူလေး အသက်ရှင်နေသေးတာကို သိရှိသွားပါတော့တယ်။ အဲ့ဒီ့အခါမှာ ဒေါသကြီးစွာနဲ့ မင်းသမီးလေးကို လှည့်စားဖို့အတွက် သူမရဲ့ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲရန်အလို့ငှာ မှော်ဆေးရည်ကို တီထွင်နေပါတော့တယ်။

12

နောက်တစ်နေ့ လူပုလေးတွေ အလုပ်ကို ထွက်ခွာသွားတဲ့နောက်မှာ ဘုရင်မကြီးက ဈေးသည်အဘွားကြီး ပုံစံပြောင်းပြီး မနှင်းဖြူလေးကို ပန်းသီးနီနီလှလှလေး တစ်လုံး စားကြည့်ဖို့ ပေးပါတော့တယ်ကွယ်။ မနှင်းဖြူလေးဟာ ပန်းသီးကိုယူပြီး တစ်ကိုက် ကိုက်လိုက်တဲ့အခါမှာ မေ့မြောသွားတော့တာပေါ့ကွယ်။ ဘုရင်မကြီးက ပန်းသီးမှာ အဆိပ်ခပ်ထားတာကိုး။

13

လူပုလေးတွေ အိမ်ပြန်ရောက်လာတဲ့အခါမှာ သူတို့ဟာ ဘုရင်မကြီးကို မုန်တိုင်းကျနေတဲ့ တောင်ထိပ်အထိ လိုက်ဖမ်းပါတော့တယ်။ ရုတ်တရက်မှာပဲ တောင်ကို မိုးကြိုးပစ်ချလိုက်တဲ့အတွက် ဘုရင်မကြီးကလည်း တောင်အောက်ကို ပြုတ်ကျပြီးတော့ ဘယ်တော့မှ တွေ့စရာအကြောင်း မရှိတော့ဘူးတဲ့ကွယ်။

14

သို့ပေမယ့်လည်း မနှင်းဖြူလေးဟာ မေ့မြောနေတုန်းပဲတဲ့ကွယ်။ လူပုလေး (၇) ယောက်ဟာ သူမကို နေ့ရော ညရော စောင့်ကြည့်နေတာပေါ့ကွယ်။ နောက်ဆုံးမှာတော့ မနှင်းဖြူလေးရဲ့ မင်းသားချောလေး ရောက်ရှိလာပါတော့တယ်။ မင်းသားလေးဟာ တစ်ချိန်တုန်းက သူနဲ့အတူ သီချင်းဆိုခဲ့ဖူးတဲ့ မင်းသမီးချောလေး ကို နေရာအနှံ့မှာ လိုက်လံရှာဖွေနေတာ ဖြစ်သတဲ့ကွယ်။

15

မင်းသားလေးဟာ မနှင်းဖြူလေးကို အချစ်စစ်ရဲ့အနမ်းလေးနဲ့ နမ်းလိုက်တဲ့အခါမှာတော့  မနှင်းဖြူလေးဟာ ကျိန်စာကနေလွတ်မြောက်ပြီးတော့ နှိုးထလာပါတော့တယ်ကွယ်။ ပြီးတဲ့နောက်မှာတော့ မင်းသားလေးနဲ့ မနှင်းဖြူလေးတို့ဟာ တိုင်းပြည်ကို အတူတကွပြန်ပြီးတော့ တစ်သက်လုံးပျော်ရွှင်စွာ နေထိုင်သွားကြပါတော့တယ်ကွယ်။

16

Credit: disney.com