မိဘ နှင့် ကလေး ပညာရေး

 ယခုခေတ် မိဘများဟာ ကလေး ပညာရေး အတွက် တော်တော် ခေါင်းကိုက်ကြပါတယ်။ ဟိုမှာထားရင် ကောင်းနိုးနိုး၊ ဒီမှာထားရင် ကောင်းနိုးနိုးနဲ့၊ တစ်ခါတစ်လေ ဘယ်သူပြောတာ ကို ယုံရမလဲလို့တောင် ဖြစ်နေတတ်ပါတယ်။ မိဘများ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းရင်းက ခေတ်က အလျင်အမြန် ပြောင်းလဲနေလို့ ဖြစ်တယ် လို့ ပညာရှင်များက ဆိုပါတယ်။ ကျွန်တော်တို့ အဖိုးအဖွားခေတ်၊ ယုတ်စွအဆုံး အဖေတို့ခေတ်တောင်မှ ပညာရေး ဆိုတာ ကျောင်းတက် တယ်။ ကျောင်းတက် တယ် ဆိုတာ စာတတ်ဖို့ပါပဲ။ ရေးတတ် ဖတ်တတ်ရင် လူရာဝင်ပြီ။ စာရေး စာချည် လုပ်လို့ရပါပြီ။ ကျွန်တော်တို့ ခေတ်ကျတော့ ပညာရေး ဆိုတာ ရေးတတ် ဖတ် တတ်ရုံ နဲ့ သုံးမရတော့ဘူး၊ ပညာရေးဆိုတာ ဗဟုသုတ စုဆောင်းဖို့ ဖြစ်လာပြီ။ ပညာရွှေအိုး၊ လူမခိုးပေါ့လေ။ ယခုခေတ်ကျပြန်တော့ နည်းပညာတွေက အလျင် အမြန်နဲ့ တိုးတက်နေပါတယ်။ ဓါတ်ပုံရိုက်တာ အသုံးပြုတဲ့ Fuji ဖလင်၊ Konika ဖလင်၊ အလွန်အသုံးကောင်းတဲ့ Nokia လက်ကိုင်ဖုန်း တွေ နေ့ချင်း ညချင်း ဈေးကွက် ကနေ ပျောက်ဆုံး သွားတာကို အားလုံး သတိထားမိ ကြပါလိမ့်မယ်။ Internet ၊ Net working ၊ Big Data နည်းပညာများ အလျင် အမြန် တိုးတက်လာတာ နဲ့ အမျှ အရင်ခေတ်လို တစ်ခုခု ဦးတည်ပြီး ကျွမ်းကျင် ထားရုံနဲ့ အပြောင်းအလဲ အလွန်မြန်ဆန်တဲ့ ခေတ်အတွက် မလုံလောက်တော့ပါဘူး။ ဒါကြောင့် မို့လို့ ပညာရေး ဆိုတာ အရည်အချင်းရှိဖို့၊ ဘာ အလုပ်ပဲဖြစ်ဖြစ်၊ ဘာ အခြေအနေပဲ ရောက်ရောက် ခေတ်မှီနည်းပညာများနဲ့ အလျင်အမြန်သင်ယူတတ်ပြီး အခြေအနေကို အမြန်ဝင်ဆန့်နိုင်ဖို့ လိုအပ်လာပါပြီ။ ဒါဆိုရင် ကျွန်တော်တို့ မိဘများအနေနဲ့ ကိုယ့်ကလေးတွေအတွက် ဘာတွေလုပ်ပေးနိုင်သလဲ၊ အဲဒီ သင်ယူမြန် လေ့လာမြန်တဲ့ လူဖြစ်အောင်ဘယ်လိုပျိုးထောင်ပေးရမလဲ။ ကိုယ့်ကလေးတွေကို ကိုယ်က ဘာကူညီနိုင်မလဲ၊ ဆွေးနွေးကြည့်ရအောင်…

၁။ ကလေး များကို စာဖတ်ဝါသနာ ပျိုးထောင်ပေးထားရပါမယ်။

မိသားစုလိုက် ပျိုးထောင်ရင် ပိုမိုလွယ်ကူပါတယ်။ စာတစ်အုပ်ဖတ်ပြီးရင် မိသားစုလိုက် ဆွေးနွေးတဲ့အကျင့်လုပ်နိုင်ရင် အကောင်းဆုံးပါ။ စာကြီးပေကြီး ဖြစ်စရာမလိုပါ။ ကလေးငယ်များအတွက် ရွှေသွေးဂျာနယ်တို့၊ မိုးသောက်ပန်းဂျာနယ်တို့ ကအစ အလွန်ကောင်းပါတယ်။ ကလေးများ နောင်စာဖတ်တာများသွားရင် ဖတ်ထားတဲ့ စာတွေအားလုံး ဦးနောက်ထဲမှာ အစာချေပြီး အတွေးအခေါ် ဖြစ်ပေါ်လာပါတယ်။ အတွေးအခေါ်များဟာ လက်တွေ့ အလုပ်နဲ့ ပူးပေါင်းမိတာ ကြာသွားရင် ဥာဏ်ပညာဖြစ်လာပါတယ်။ အဲဒီဥာဏ်ပညာမျိုးဟာ ဘယ်ခေတ်ရောက်ရောက်၊ ဘာအခြေအနေနဲ့ပဲတွေ့တွေ့ ရင်ဆိုင်တတ်သွားပါတယ်။

၂။ ကောင်းမွန်သော မိသားစု ဆက်ဆံရေးသည် ထမင်းဝိုင်းမှ စပါစေ။

ထမင်းဝိုင်းကို နွေးထွေးအောင် ဖန်တီးပေးပါ။ အထူးသဖြင့် ညစာပို အရေးကြီးပါတယ်။ မိသားစုအားလုံး ထမင်းလက်ဆုံစားတဲ့အခါ စိတ်လက် ပေါ့ပါးစွာ နဲ့ ဆွေးနွေးတဲ့ အကျင့် ပျိုးထောင်ပေးထားပါ။ ထမင်းဝိုင်းမှာ ကလေးများရဲ့ ကျောင်းက အဖြစ်အပျက်တွေ၊ သူတို့လေးတွေရဲ့ ခံစားချက်တွေ၊ စဉ်းစားတွေးခေါ်ပုံတွေ စိတ်ရှည်ရှည် နဲ့ နားထောင်ပေးပြီး အားပေးပါ။ လမ်းညွန်ပေးပါ။ မျှဝေ ခံစားပေးပါ။ ထမင်းဝိုင်းမှာ ကလေးကို ဆူမိတာမျိုး၊ ဆုံးမစကားပြောတာမျိုး ရှောင်ကျဉ်ပေးပါ။

၃။ ကလေးများနဲ့အတူ စမတ်ဖုန်း၊ အိုင်ဘက်၊ ဂိမ်းစက်တို့ နဲ့ ဝေးကွာပါစေ။

အရင်ခေတ်က လက်ကိုင် ဖုန်းဆိုတာ ဖုန်းပြောဖို့ သက်သက်ပါ။ အခု ခေတ်စမတ်ဖုန်းတွေကျတော့ ကလေးများကို အကြီးအကျယ် စွဲလန်းစေပါတယ်။ အချို့ ဆိုရင် ထမင်းမေ့ ဟင်းမေ့ တောင်ဖြစ်သွားတယ်။ အိမ်သာ တက်တာကအစ လက်ကိုင်ဖုန်းမပါရင် မတက် တတ်တော့ဘူး။ စမတ်ဖုန်း၊ အိုင်ဘက်တို့ဟာ ကလေးများကို မျက်စိ ထိခိုက်စေခြင်း၊ အာရုံ ပျက်ပြားစေခြင်း အပြင် အိပ်ရေးပျက်ခြင်း၊ ခေါင်းကိုက်စေခြင်း၊ အပေါင်းအသင်း အားနည်းခြင်း၊ ဆက်ဆံရေး မပြေပြစ်ခြင်း၊ ကျန်းမာရေး ချို့တဲ့စေခြင်း စသည်တို့ကို ဖြစ်ပေါ် စေပါတယ်။ ကလေးများ လက်ကိုင်ဖုန်းတွေ၊ ဂိမ်းတွေ ဆော့တာများသွားရင် အာရုံစုစည်းဖို့ အလွန် ခက်ခဲ သွားတဲ့အတွက် ပညာရေးကို အကြီးအကျယ် ထိခိုက်စေပါတယ်။ ကလေးများဟာ မိဘများကို အတုမြင် အတတ်သင်လေတော့ မိဘများကိုယ်တိုင် ကလေး များရှေ့မှာ စမတ်ဖုန်းဆော့ ကစားနေတာမျိုး ရှောင်ကျဉ်သင့်ပါတယ်။

၎။ ကလေးများရဲ့ ပညာရေးကို တကယ်စိတ်ဝင်စားပေးပါ။

မိဘများ ကလေးများရဲ့ ပညာရေးကို တကယ် စိတ်ဝင်စားပေး ပါဆိုတာက ကျူရှင် ပို့ပေးတာမျိုး၊ အပိုချိန် ဆရာခေါ်ပေးတာမျိုး မဆိုလိုပါ။ မိဘများ အချိန်ပေးပြီး အဟုတ် စိတ်ဝင်စားတာကို ဆိုလိုပါတယ်။ အနည်းဆုံးတော့ ကျောင်းမှာ သူဘယ်သူနဲ့ ပေါင်းတယ်။ သူ့ဘယ်ဘာသာရပ်ကို ဘယ်ဆရာကသင်တယ်။ အခြေအနေဘယ်လိုရှိတယ်ဆိုတာ မိဘများ တီးမိခေါက်မိပါစေ။ မိဘများ ဘယ်လောက်ပဲ ပညာရေးနဲ့ အလှမ်းဝေးနေပါစေ၊ ကလေးများရဲ့ ပညာရေးကို တကယ်စိတ်ဝင်စားရင် တကယ်ကူညီနိုင်တဲ့နည်းလမ်း တွေ့ ရှိပါမည်။

၅။ ကလေးများ အမှားလုပ်မိရင် တာဝန်ယူတတ်ပါစေ။

ကလေးများ တစ်ခုခု အပြစ်လုပ်မိရင် သူတို့ကို အကျိုးအကြောင်းမေးပါ။ ၀န်ခံတတ်အောင် အရင်ပျိုးထောင်ပေးပါ။ ဘယ်လိုဖြေရှင်း ရင်ကောင်းမလဲလို့ မေးပါ။ သူတို့လုပ်တဲ့ အပြစ်နဲ့ ထိုက်တန်တဲ့ တာဝန်ယူစိတ်ကို မွေးမြူပေးထားပါ။ ကိုယ့်အပြစ်ကို တစ်ဘက်သားဖို့တာမျိုး၊ အကြောင်းပြချက် အမျိုးမျိုးနဲ့ ကိုယ့်အပြစ်ကို ကာကွယ်တာမျိုး လုံးဝ ရှောင်ကျဉ်ပါစေ။

၆။ ကလေးများ ပြင်ပလောကနဲ့ ဆက်ဆံဖို့ အခွင့်အရေး များများ ဖန်တီးပေးပါ။

သူတို့ သူငယ်ချင်းအိမ်ကို ပို့ပေးပြီး အတူဆော့ကစားစေခြင်း၊ ကလေး အများစုဝေးတဲ့ ကစားကွင်းလိုနေရာမျိုး ပို့ပေးခြင်း၊ သူတို့ရဲ့ အသုံးအဆောင်၊ အ၀တ် အစားတွေ ၀ယ်တဲ့အခါ သူတို့ကို ခေါ်သွားပြီး သူတို့ကိုယ်တိုင် ရွေးချယ်စေခြင်း၊ သူတို့ ၀ါသနာကို အခြေခံပြီး ရေကူးကန်၊ တေးဂီတ သင်တန်း စသည်ဖြင့် ပို့ပေးခြင်း၊မိသားစုလိုက် ခရီးသွားခြင်း စသည်ဖြင့် မိဘများအနေနဲ့ စီစဉ်ပေးလို့ ရပါတယ်။

ရ။ ကျောင်းက ဆရာများနဲ့ ရပ်တည်ချက်ခြင်းတူပါစေ။

မိဘများဟာ ကျောင်းကဆရာဆရာမများနဲ့ ထိတွေ့ ပြီး ရပ်တည်ချက်ခြင်း တူညီသင့်ပါတယ်။ တခါတလေ ကလေးပြောတာကို နားထောင်ပြီး ဘယ်ဆရာမကောင်းဘူး ဆိုတဲ့ကောက်ချက်ချတာမျိုး ရှောင်ကျဉ်သင့်ပါတယ်။ ကလေးဟာ သူအထင်ကြီးတဲ့လူဆီမှာ ပညာသင်ရင် ပညာပိုရလွယ်ပါတယ်။ ကလေးများဟာ မိဘကောက်ချက်ချရင် အလွယ်တကူ ယုံကြည်တတ်တာမို့ မိဘများအနေနဲ့ ကလေးများရှေ့ မှာ သူတို့ ဆရာ မကောင်းကြောင်း မပြောမိဖို့ လုံးဝ ဆင်ခြင်သင့်ပါတယ်။

၈။ သူနိုင်နင်းတဲ့ အိမ်မူကိစ္စ အချို့ ခိုင်းပေးပါ။

မြန်မာနိုင်ငံမှာ အိမ်ဖေါ်ကပေါတော့ ရေဆိုရေ ထမင်းဆိုထမင်း ကလေးက အော်လိုက်ရင် ချက်ချင်းရောက်လာတတ်ပါတယ်။ ကလေး ကိုယ့်ကိုယ်ကို လုပ်ရမဲ့ အရာ မှန်သမျှ အိမ်ဖေါ်က လုပ်သွားတော့ ကလေးများက ဘာမှ မလုပ်တတ်ပဲ ကြီးပြင်းလာပါတယ်။ ကိုယ်စားတဲ့ ပန်းကန် ကိုတောင်မှ ကိုယ်မသိမ်းဆည်းခိုင်းတဲ့ မိသားစုတွေ အများကြီးတွေ့ဖူးပါတယ်။ ခြေအိတ်တို့၊ အတွင်းခံဘောင်းဘီ တို့ကအစ အိမ်ဖော်ကို လျှော်ဖွတ်ခိုင်းတဲ့ ဆက်ကျော်သက် အရွယ်ကလေးများကိုလည်း မကြာခဏ မြင်ဖူးပါတယ်။ အဲဒါ ကလေးများရဲ့ အနာဂတ်အတွက် အလွန်မကောင်းပါဘူး။ သူတို့ နိုင်နင်းတဲ့ အိမ်မူကိစ္စလေးတော့ အတတ်နိင်ဆုံးခိုင်းပေးပါ။ ကျွန်တော် အမေရိကန်ရောက်တုံးက မိသားစုတစ်ခုမှာ အိမ်သန့်ရှင်းရေးအားလုံး မောင်နှမ ၄ ယောက်ခွဲဝေ တာဝန်ယူ လုပ်ဆောင် တာကို လေ့လာတွေ့ ရှိခဲ့ ဖူးပါတယ်။


Ref: WeChat
Credit. Sr Aung Ko Latt