မွေး ကင်းစမှ အသက် ၃ လအရွယ် ကလေးငယ်များ ကောင်းစွာ အိပ်ပျော်စေဖို့ ပြုစုခြင်း နည်းလမ်းများ

Dr.Mild
=====================================================
ကလေး ငယ်လေးများ အတွက် အိပ်စက်ခြင်း ဟာ အရေးကြီးပါတယ်… ဒါကြောင့် ကလေးရဲ့ အိပ်စက်ခြင်းဟာ စံချိန် စံညွှန်းမီဖို့ လိုအပ် လှပါတယ်… မိဘတွေ အနေနဲ့ ကလေး အိပ်စက်ခြင်း ဆိုင်ရာ ပြဿနာတွေကို အနည်းနဲ့ အများ ကြုံတွေ့ရဖူးမှာ မလွဲပါဘူး… ဒါကြောင့် လူကြီးတွေ အိပ်ရေးမပျက်စေဖို့ VIP လေးတွေ ကောင်းစွာ အိပ်ပျော်အောင် ပြုလုပ်နည်းလေးတွေ တင်ပြလိုက်ပါတယ်…

သူတို့ လေးတွေရဲ့ အိပ်စက်မှု ပုံစံ
————————-
မွေးကင်းစ ကလေးငယ် တွေဟာ နေ့တစ်နေ့ကို အိပ်စက်နေတဲ့ အချိန် အများစုနဲ့ ဖြတ်ကျော်ပါတယ်… ဘယ်လောက်တောင်လဲဆိုရင် ၂၄ နာရီ မှာ ၁၈ နာရီလောက်ထိ ကို အိပ်စက်ခြင်းနဲ့သာ အချိန်ကုန် ဆုံးစေတာပါ… ဒါပေမယ့် နေ့ပဲ ဖြစ်ဖြစ် ညပဲ ဖြစ်ဖြစ် တစ်ခါအိပ်ရင် ၁ နာရီကနေ ၃ နာရီ ထက်ပို မအိပ် တတ်ကြပြန်ပါဘူး… ဘာဖြစ်လို့လဲ ဆိုတော့ ဗိုက်ဆာလာလို့ နို့စို့ဖို့ပဲ ဖြစ်ပါတယ်… ဒီလိုပုံစံဟာ မွေးပြီးစ တစ်ပတ် နှစ်ပတ်လောက် အထိ ဖြစ်နိုင်ပါတယ်… ဒါကြောင့် မွေးကင်းစ ကလေး ရှိရင် အိပ်ရေးပျက်မှာ ဖြစ်တဲ့အတွက် မိဘတွေ အနေနဲ့ အစစ ပြင်ဆင် ထားသင့်ပါတယ်…

ကလေးတွေရဲ့ အိပ်စက်ခြင်း ဖြစ်စဉ် စက်ဝန်းဟာ လူကြီးတွေနဲ့ မတူပါဘူး… သူတို့မှာ rapid eye movement (REM) လို့ခေါ်တဲ့ အိပ်စက်ခြင်း ပုံစံက non-REM ပုံစံထက် ပိုများပါတယ်… REM နဲ့ အိပ်စက်ခြင်းဟာ အလွယ်တကူ နိုးထ တတ်တာကြောင့် ဒီအရွယ် ကလေးငယ်တွေဟာ ချွတ်ချွတ် ချက်ချက် အသံကြားရုံနဲ့ အလွယ် တကူ နိုးတတ်ကြပါတယ်…

ကလေး အသက် ၆ ပတ်ကနေ ၈ ပတ်အတွင်း ရောက်တဲ့ အခါမှာတော့ နေ့ဖက် အိပ်တဲ့အချိန် လျော့နည်းလာပြီး ညဖက် ပိုအိပ် လာတတ် ပါတယ်… ဒါပေမယ့် ညဖက် ဗိုက်ဆာလို့ နို့ထထ စို့တာကတော့ ပြောင်းလဲဦးမှာ မဟုတ်ပါဘူး… ဖေဖေမေမေတို့ ကံကောင်းတာ တစ်ခုက ဒီအချိန်မှာ non-REM ခေါ်တဲ့ အိပ်စက်ခြင်း အချိန်က ပိုများလာတဲ့အတွက် ကလေးက နှစ်နှစ်ခြိုက်ခြိုက် ပိုအိပ်လာတာပဲ ဖြစ်ပါတယ်…

တစ်ည တာလုံး အိပ်စက်ခြင်းကို ကလေးအသက် ၈ ပတ်လောက်မှာ စတင် တွေ့ရှိရနိုင်ပါတယ်… ဒါပေမယ့် ဒါဟာ ကလေးတစ်ယောက်နဲ့ တစ်ယောက် မတူ ကွဲပြားနိုင်တာကိုလည်း သတိပြုရမှာပါ… အများအားဖြင့် ကလေးမွေးကင်းစကနေ ပထမ လအနည်းငယ် အတွင်းမှာ မိဘတွေ အနေနဲ့ အိပ်ရေးပျက်ရမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်… ဒီတော့ အိပ်ရေး မပျက်ရအောင် ကလေးတွေ တစ်ညတာလုံး အိပ်စက်စေချင်ရင်တော့ အစကတည်းက အလေ့အကျင့်ကောင်းလေးတွေနဲ့ စတင်ထားဖို့ လိုအပ်ပါတယ်…

ဒီအရွယ် ကလေးတွေ ကောင်းမွန်တဲ့ အိပ်စက်ခြင်း ပုံစံရဖို့ ဘယ်လိုလေ့ကျင့်ယူမလဲ ?
————————–————————–——–

ကလေးငယ်တွေမှာ ကောင်းမွန်တဲ့ အိပ်စက်ခြင်းပုံစံ စတင်ဖွံ့ဖြိုးမှုကို အစောဆုံး အသက် ၆ ပတ်အရွယ်လောက်မှာ တွေ့ရှိရနိုင်ပါတယ်… ဒီလို ဖွံ့ဖြိုးမှု စတင်လာတဲ့အခါ လူကြီးတွေလိုပဲ အိပ်စက်ခြင်း စက်ဝန်း (Circadian Rhythms) စတင် ဖြစ်ပေါ်လာပါတယ်…
ကလေးတွေ အိပ်စက်ခြင်းအတွက် မိဘတွေအနေနဲ့ ပြုလုပ်ပေးနိုင်တဲ့ အရာတွေကတော့ –

(၁) ကလေးတွေ ပင်ပန်းရင် ဖြစ်လာတတ်တဲ့ လက္ခဏာလေးတွေကို လေ့လာ မှတ်သားပါ…

ကလေးတွေဟာ ပထမ ၆ ပတ်ကနေ ၈ ပတ်လောက် အရွယ်အတွင်းမှာ မအိပ်ဘဲ ၂ နာရီထက်ပိုပြီး မနေနိုင်ကြသေးပါဘူး… တကယ်လို့ ဒီထက်အချိန်ပိုကြာတဲ့အထိ မအိပ်ရရင် ကလေးငယ်ဟာ ပင်ပန်းလာပြီး ဂျီကျတတ်ပါတယ်…
မွေးကင်းစကနေ အသက် ၃ လလောက် အရွယ် ကလေးငယ်တွေ ပင်ပန်းလာရင်၊ အိပ်ချင်လာရင် တွေ့ရှိရတတ်တဲ့ လက္ခဏာလေးတွေကတော့-
– မျက်လုံးပွတ်ခြင်း
– မျက်လုံးတဝိုက် အညိုရောင်ဖျော့ဖျော့ သန်းလာခြင်း
– တစ်နေရာတည်းကို ငေးမောနေခြင်း
– သန်းဝေခြင်း၊ အပျင်းကြော ဆန့်ခြင်း
– ကစားစရာများ၊ ပတ်ဝန်းကျင်ရှိလူများအပေါ် စိတ်မဝင်စားတော့ခြင်း
– ဆိတ်ဆိတ် ငြိမ်ငြိမ် နေခြင်း
– နားရွက်ကို ပွတ်သပ်ခြင်း ကုပ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်…

ဒါ့အပြင် လှုပ်ရှားနေတဲ့ အရာဝတ္ထုတွေနဲ့ ဆန့်ကျင်ဖက်ကို မျက်နှာလှည့်တာမျိုး၊ မိဘရင်ခွင်ထဲ ခေါင်းဝှက်တာမျိုးလည်း တွေ့ရတတ်ပါတယ်… ဒီလို တွေ့ရပြီ ဆိုရင်တော့ ကလေးကို သိပ်ပေးဖို့ လိုအပ်နေပါပြီ… ကလေးငယ်ရဲ့ အိပ်တတ်တဲ့ ပုံစံ၊ အိပ်ချင်လာရင် လုပ်တတ်တဲ့ အပြုအမူတွေကို ဒီလိုနဲ့ သိပ်မကြာခင်မှာပဲ မိဘတွေ နားလည်မှတ်မိကြမှာ ဖြစ်ပါတယ်…

(၂) နေ့နဲ့ည ခြားနားချက်ကို ကလေးသိရှိအောင် လေ့ကျင့်ပေးပါ…

ကလေးအသက် ၂ ပတ်လောက် ရှိတဲ့အခါ မိဘတွေအနေနဲ့ ကလေးကို နေ့နဲ့ည သိရှိဖို့ စတင်လေ့ကျင့်နိုင်ပြီ ဖြစ်ပါတယ်…
နေ့ဖက် ကလေးငယ် တက်ကြွလန်းဆန်းနေတဲ့ အချိန်မှာ ပြုလုပ်ရမယ့် အရာလေးတွေကတော့-
– ကလေးအိပ်ယာက နိုးနိုးချင်းမှာ အဝတ်အစားလဲပေးပါ… ဒါဟာ နေ့တစ်နေ့ရဲ့ အစလို့ ကလေးကို သိရှိအောင် လေ့ကျင့်ပေးခြင်းပါပဲ…
– တတ်နိုင်သမျှ နေ့ဖက်မှာ ကလေးနဲ့ ကစားခြင်း၊ စကားပြောခြင်း၊ ကျီစယ်ခြင်း စတာတွေ ပြုလုပ်ပေးပါ…
– ကလေးရှိနေမယ့် အခန်းအတွင်း အလင်းရောင် ကောင်းစွာ ရရှိအောင် ပြုလုပ်ထားပါ…
– နေ့ဖက် နို့တိုက်တဲ့အခါ သီချင်းဆိုတာ၊ စကားပြောတာ စတာတွေ ပြုလုပ်ပေးပါ…
– နေ့ဖက်မှာ ဆူညံသံတွေကို ကလေးကြားအောင် အခန်းတံခါးဖွင့်ပေးထားတာ၊ ပြတင်းတံခါးဖွင့်ထားတာမျိုး ပြုလုပ်ပါ…

ညဖက်ရောက်တဲ့အခါ ပြုလုပ်ရမယ့် အရာတွေကတော့-
– ညအိပ်ဝတ်စုံ လဲလှယ်ပေးပါ… (ဒါမှမဟုတ် ညအိပ်အဝတ်ကို ပွပွချောင်ချောင် အဝတ်အစားမျိုးနဲ့ သီးသန့်ထားပါ…) ဒါဟာ နေ့တစ်နေ့ရဲ့ ကုန်ဆုံးချိန်ဆိုတာ ကလေးကို သိရှိပါစေ…
– အလင်းရောင်ကို ခပ်မှိန်မှိန်လေးသာ ထားပါ…
– ညဖက် နို့တိုက်တဲ့အခါ ကလေးကို စကားမပြောဘဲတိတ်တိတ်သာ တိုက်ကျွေးပါ…
– ဆူဆူညံညံ အသံတွေမကြားရအောင် ပြုလုပ်ပါ…

ဒီနည်းတွေနဲ့ ကလေးကို နေ့ဆိုတာ ဆော့ဖို့ ညဆိုတာ အိပ်ဖို့ဆိုပြီး ကွဲပြားအောင် ပြုစု လေ့ကျင့်ပေးနိုင်ပါတယ်…

(၃) ကလေးကို မိမိဘာသာ အိပ်တတ်အောင် လေ့ကျင့်ပေးပါ…

ကလေးအသက် ၃လ လောက် ရောက်တဲ့အခါမှာ ကလေးတွေဟာ သူတို့ဘာသာ အိပ်အောင် လေ့ကျင့်ပေးလို့ရပါပြီ… ကလေး အိပ်ချင်လာတဲ့အခါ လူပေါ်က အသာချပြီး သူ့ဘာသာ အိပ်ပျော်သွားအောင် ဘေးနားကနေ သိပ်ပေးပါ… ညဖက်တွေ ကလေး နိုးတဲ့အခါမှာလည်း သူ့ဘာသာ အိပ်အောင် တဖြည်းဖြည်း လေ့ကျင့်ပေးပါ… ကလေးအသက် ပထမ ၂ လအတွင်းမှာ ကလေးနိုးတိုင်း နို့တိုက်တာ၊ လူပေါ် ချီပိုးပြီး ပြန်သိပ်တာမျိုး ပြုလုပ်ထားရင် ဒီနည်းကို စလေ့ကျင့်တဲ့အချိန်မှာ အခက်အခဲတွေ ရှိနိုင်ပါတယ်…

နောက်လ ဆက်ရန်…. (၃လမှ ၆လအရွယ် ကလေးငယ်များကောင်းစွာ အိပ်ပျော်စေဖို့ ပြုစုခြင်း နည်းလမ်းများ)

Dr Mild

#BabiMildMyanmar မှ တင်ဆက်သည်။