ကြက် အူချောင်း (တစ်နှစ် အထက် ကလေးများအတွက်)

ကလေး အများစုဟာ အပြင်မှာ လုပ်ရောင်းတဲ့ ကြက်အူချောင်း ငါးအူချောင်တွေကို ကြိုက်ကြပါတယ်။
ဟိုတနေ့က ကစ်လေးနဲ့ ခရီးသွားရင်း ကစ်ကစ် မေမေ ဈေးဆင်းဝယ်နေတုန်း ကစ်ကစ် တစ်ယောက် ကားပေါ်မှာ ကြက်အူချောင်းတွေ ဝယ်စားတာသိလို့ အိမ်မှာ စမ်းလုပ်ကြည့်ပါတယ်။
စားကောင်း တာလေးမို့ မေမေတွေကို အိမ်မှာ လုပ်ကြည့်ဖို့ တိုက်တွန်းပါတယ်။
အရမ်း လွယ်ကူလို့ လုပ်ကြည့်ကြပါနော်။
ကျွန်မ လုပ်နည်းက တကယ့် ကြက်ဥချောင်း လုပ်နည်းနဲ့တော့ တူမယ်မထင်ပါဘူးရှင်။

ကြက်သား ၅ကျပ်သား ( အရေခွံ့ မပါ အသားတွေပဲ သုံးပါတယ်)
ကြက်ရိုး (ကြိုက်နှစ်သက်သလောက် သုံးနိုင်ပါတယ်ရှင်။)
ကြက်သွန်ဖြူ ၈မွှာ ( အခွံ့ခွှာ ရေဆေးထားပါ။)
မုန့်ကြွပ်မှုန့် စားပွဲဇွန်း ၁ဇွန်းခွဲ
ငရုတ်ကောင်း အနည်းငယ်
သကြား လက်ဖက်ရည်ဇွန်း ၃ပုံ ၂ပုံ
ဆား အနည်းငယ်

ငရုတ်ကောင်း မထည့်ရင်လည်းရပါတယ်။

ပထမဆုံး ကြက်ရိုးတွေကို ကြက်သွန်ဖြူ ၄မွှာထည့်ကာ ရေထည့်ပြီး ဆူပွက်လာအောင် တည်ထားပါ။

ကြက်သားတွေ နဲ့ ကြက်သွန်ဖြူ ၄မွှာ ကို အသားကြိတ်စက်မှာ စီးလာတဲ့ အထိကြိတ်ပါ။

ကြိတ်ထားတဲ့ ကြက်သားတွေကို ဆား သကြား ငရုတ်ကောင်းထည့်ကာ နယ်ပြီး ခဏလေး နှပ်ထားပါ။

ကြိတ်စက်ထဲမှာ မုန့်ကြွပ်မှုန့်ထည့်ကာ ညက်နေအောင် ကြိတ်ပါ။

မုန့်ကြွပ်မှုန့် နဲ့ ကြက်သားရောကာ နယ်ပါ။

ကြိတ်စက်ထဲမှာ နယ်ထားတဲ့ ကြက်သားတွေကို ခဏထပ်ကြိတ်ပါ။ စက္ကန့် ၄၀ခန့် ကြိတ်ပါတယ်။

ကြက်ပြုတ်အိုး ဆူပွက်လာလျှင် ကြက်သားကို အလုံးသေးလေး လုံးကာ အရင်ပြုတ်ကြည့်ပါ။ ကျက်လျှင် အရသာကို အရင် မြည်းကြည့်ပါ။ အရသာလိုလျှင် ဆား သကြား ထပ်ထည့်ပါ။

ပြီးလျှင် ကြက်သားတွေကို လက်လေးနဲ့ အချောင်းအရှည်လေးဖြစ်အောင် လုပ်ပါ။ အချောင်းအရှည် မရလည်း အလုံးလေးတွေ လုံးပါ။

ကြက်ပြုတ်ရည် အိုးထဲမှာ ၁၀မိနစ်ခန့်ထည့်ပြုတ်ပါ။
ကျက်သွားလျှင် ဆယ်ထားပြီး အအေးခံထားပါ။

အဟာရပြည့်ဝပြီး သန့်ရှင်းတဲ့ ကြက်အူချောင်းလေးကို သားသားမီးမီးတို့ နှစ်သက်ကြမှာပါရှင်။

 

Credit: KitKit’s Mom Yummy House