ကလေးရဲ့ စိတ်ဆိုး စိတ်ကောက်တတ်တဲ့ အကျင့်ကိုဖျောက်နည်း
|တစ်နှစ်သား အရွယ် ကလေး ငယ်လေးတွေဟာ မိမိရဲ့ အလိုပြည့်ဖို့ကိုပဲ ကြည့်တတ်ကြပါတယ်။ မိမိလိုချင်တာချက်ချင်း မရရင် ဒါမှမဟုတ် တစ်စုံတစ်ခုကို လိုချင်နေရင် ဒေါသပေါက်ကွဲ တတ်ကြပါတယ်။ သင့်ရဲ့ချစ်စရာကောင်းတဲ့ ဖော်ရွေတတ်တဲ့ အေးဆေးဟန်ရှိတဲ့ ကလေးဟာ ချက်ချင်းဗြုန်းခနဲပဲ ထိန်းမနိုင် သိမ်းမရ ဒေါသ ထွက်နေတဲ့ ပြောရဆိုရ ခက်တဲ့ ကလေးတစ်ဦး အဖြစ် ပြောင်းသွား တတ်ပါတယ်။ သူ့ဘက်က မရပ်တည်သူမှန်သမျှကိုလည်း သည်းခံတော့မှာ မဟုတ်ပါဘူး။ အများအားဖြင့် ကလေးတွေဟာ သူတို့ စိတ်ကျေနပ်ပျော့ပျောင်းနေချိန်မှာ ကလေးဆိုးလေးတွေ မဟုတ်ပေမယ့် သူရဲ့လိုဘမပြည့်မှုဟာ ရေဆူမှတ်ကို ရောက်သွားရင်တော့ စိတ်ဆိုးစိတ်ကောက် ဒေါသူပုန် ထမှုဟာ သူရဲ့ စိတ်လှုပ်ရှားမှုကို ထုတ်ဖော်ပြတဲ့ နည်းလမ်းတခု ဖြစ်နေပါလိမ့်မယ်။
အဲဒီ့အကျင့်ကို ပျောက်သွားအောင် ထိန်းချုပ်လေ့ကျင့်ပေးဖို့ရာ ပထမ အဆင့်ကတော့ သူ့လိုဘမပြည့်မှုကို ဖြစ်စေတဲ့အကြောင်းအရင်းကို ရှာကြည့်ဖို့ပါ။ သူစိတ်ဆိုးစိတ်ကောက် ဒေါသထွက်နေတဲ့ အပြုအမူရဲ့နောက်ကွယ်မှာသင်သိဖို့လိုနေတဲ့ အကြောင်းအရာတစ်ခုခု ရှိပါလိမ့်မယ်။ ဖြစ်နိုင်ဖွယ်ရှိတဲ့ အကြောင်းတွေကတော့-
သားသား ပင်ပန်းနွမ်းနယ်နေတယ်မေမေ
ပင်ပန်းနွမ်းနယ်နေမှုနဲ့စိတ်အလိုမပြည့်မှုတို့ဟာလူ့သဘာဝအရ ဆက်စပ်နေတတ် ပါတယ်။ ကလေးလည်း ပင်ပန်းနွမ်းနယ်နေတဲ့ အခါမှာ စိတ်တိုပြီး ဂနာမငြိမ်ဖြစ်နေတတ်ပါတယ်။
သားဒီဟာကို နားမလည်ဘူး
သင့်ကလေးရဲ့ သူ့လိုဘ မပြည့်မှု အပေါ် သည်းခံနိုင်ရည်နည်းပါတယ်။ ဥပမာ သူနားမလည်တဲ့ အကြောင်းအရာ တစ်ခုခုကို ဖြေရှင်းမရဖြစ်နေရင်လည်း စိတ်ဆိုးဒေါသ ထွက်တတ်ပါတယ်။
ဘာလုပ်လို့ သားကိုပြောတာကို သားမကြိုက်ဘူး
သင့်ကလေးဟာ သင့်ကိုချစ်ပါတယ်။ သင်က ပြန်ချစ်ပြတာကိုလည်းအလိုရှိပါတယ်။ ဒါပေမဲ့ အိမ်မှာ စည်းမျဉ်းတွေချမှတ်သူတစ်ဦးလည်း ဖြစ်ချင်ပြန်ပါတယ်။ ဘာမဆို သူ့အလိုကျ ဖြစ်ချင်နေတာပါ။
သားဆာနေတယ်၊ မုန့်တစ်ထုပ် ထပ်စားချင်တယ်
ကလေးအများစုဟာ ဗြုတ်စဗျင်းတောင်း သရေစာတွေကို မက်မောတက်ပါတယ်။
ဒါကိုသားကိုယ်တိုင် လုပ်ကြည့်ချင်တယ်
သင့်ကလေးဟာ အမှီခိုကင်းကင်းနဲ့လုပ်ကိုင်ချင်စိတ်လည်းရှိပါတယ်။ သူ့ရဲ့အမှီခိုကင်းလိုမှုကို သွားထိန်းချုပ်တဲ့ အခါမျိုးမှာလည်း ဒေါသပေါက်ကွဲတတ်ပါတယ်။
ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့ ဆိုရိုးစကားလည်းရှိပါတယ်။ အကယ်၍ ကလေးရဲ့ဒေါသူပုန်ထမှု ပေါ်ပေါက်တော့မယ့် အလားအလာရှိပြီဆိုရင် သူ့ရဲ့လိုဘ မပြည့်ဝမှု ဒေါသအိုးကို လေလျှော့ပစ်ဖို့ကြိုးစားပါ။ ဥပမာ ကလေးဟာ တစ်စုံတစ်ခုကို သူကိုယ်တိုင်လုပ်ဖို့ အခက်အခဲကြုံနေလို့ ဒေါသထွက် တော့မှာလို့ထင်ရင် သူ့ကို ပံ့ပိုးမှုေးပပါ။ သို့မဟုတ် နောက်ထပ်သကြားလုံးတစ်လုံးမရလို့ ဒေါသထွက်တော့မှာလို့ထင်ရင် အပြောင်းအလဲအနေနဲ့သစ်သီးတစ်စိတ်ပေးကြည့်ပါ။ တစ်နည်းအားဖြင့် သူရဲ့ ဒေါသူပုန်ထမှုကို သင်နားလည်ပေးခြင်းဟာ သူ့ကိုငြိမ်သက်အေးဆေးဖို့ အစပျိုးပေးပါလိမ့်မယ်။
မဖြစ်နိုင်ဘူးဆိုတဲ့အချိန်မှာတော့ တကယ်မဖြစ်နိုင်တဲ့ အဓိပ္ပါယ်ဆောင်ပါ
ကလေးရဲ့ ဒေါသူပုန်ထတာကို တားဆီးဖို့ သင်အကောင်းဆုံးဖြစ်အောင် ရည်ရွယ်သော်ငြားလည်း ကလေးစိတ်ဆိုးစိတ်ကောက်တာ အားလုံးကိုတော့ အမြဲရှောင်လွဲလို့ ရနိုင်မှာ မဟုတ်ပါဘူး။ သင်နားငြီး သက်သာဖို့ သက်သက်အတွက်နဲ့တော့ သင့်တစ်နှစ်သားအရွယ် ကလေးရဲ့ နားပူနားဆာတိုက်မှုကို အလျှော့ပေးလိုက်တော့မယ်ဆိုတဲ့ စိတ် မဖြစ်အောင်တွန်းလှန်ပါ။ တကယ်တော့သူ့ကို မဖြစ်နိုင်ဘူးလို့ပြောတဲ့အချိန်မှာ အဲဒီအတိုင်း ဆောင်ရွက်မယ်ဆိုတာကိုသူ အသေအချာသိစေဖို့ပါပဲ။
‘ကလေး အကြာကြီးအော်ဟစ်ဆူပူနေပြီး၊ ငါစိတ်လျှော့လိုက်ပါ့မယ်လို့’ဆုံးဖြတ် လိုက်မယ်ဆိုရင် ကလေးရဲ့ဒေါသူပုန်ထမှုတွေဟာ မကြာခဏ တိုးမြှင့်လာတော့မှာကို သင်တွေ့ရပါလိမ့်မယ်။ ဒါကြောင့် သင့်စိတ်ကို ခိုင်ခိုင်မာမာ ရပ်တည်ဖို့လိုပါတယ်။ ကလေးက ဘယ်လောက်ပဲ အသံကုန်အော် ဟစ်နေပါစေ မဖြစ်နိုင်ကြောင်းပြဖို့ အရေးကြီးပါတယ်။
ကလေးကို ငြိမ်သက်အောင် အကောင်းဆုံးကြိုးစားပါ။ ကလေးရဲ့ လိုဘမပြည့်မှုကို ဖြစ်စေတဲ့ အရင်းအမြစ်များကို သူရှေ့ကနေ ဖယ်ရှားပစ်တာဟာ မကြာမကြာအသုံးကျနိုင်ပါတယ်။ ဥပမာ သူနဲ့ မသင့်တော်တဲ့အရာများ သူရှေ့ကနေဖယ်ရှားပစ်ပါ။ ပြောင်းလဲမှုများဟာ စိတ်တင်းအားများကို ချေဖျက်နိုင်ပြီး သင့်ကလေးကို စိတ်သက်သာရာရအောင် လုပ်ပေးပါ လိမ့်မယ်။(အချိန်မိနစ်အနည်းငယ် ကြာကောင်းကြာပါလိမ့်မယ်။) သူစိတ်ပြေသွားတဲ့အချိန်မှာ သူနဲ့အတူ ထိုင်ပါ၊ ချော့ပါ၊ ပိုက်ထွေးပါ။ သောက်စရာတခုခုပေးပြီး ကလေးနဲ့စကားပြောပါ။ သူဒေါသူပုန်ထတဲ့ အပြုအမူ အတွက်မည်မျှ စိတ်ပျက်ရကြောင်း ပြောပါ။ သူရဲ့ ဒေါသူပုန်ထမှုက သူသာမက သင်နဲ့ တခြား သူများကိုလည်း စိတ်ပျက်စေတဲ့ အကြောင်း ရှင်းပြပါ။
ကလေးဟာ ဒေါသူပုန်မထတော့ဘဲ သူ့ကိုယ်သူ ထိန်းသွားနိုင်တဲ့အချိန်များ ရှိလာမှာ အမှန်ပါ။ အဲဒီလိုအခါမျိုးမှာ သူ့ကိုသင် ဘယ်လောက်သဘောကျမိကြောင်းပြောပြီး တစ်ခုခု အခွင့်အရေးပေးပြီး ဆုချပါ။ အဲဒီလိုလုပ်ခြင်းဟာ သူရဲ့အပြုသဘောဆောင်တဲ့ အပြုအမူများကို အားဖြည့်ပေးပါလိမ့်မယ်။ နောက်တစ်ကြိမ်များမှာလည်း စိတ်ဆိုးစိတ်ကောက်မှုများ တဖြည်းဖြည်းနည်းသွားပါလိမ့်မယ်။