ကလေးငယ်လေးတွေ အိပ်နေရင်းနဲ့ ရုတ်တရက် အသက်ရှူရပ်ပြီး သေဆုံးခြင်း

ကလေးငယ်လေးတွေ အိပ်နေရင်းနဲ့ ရုတ်တရက် အသက်ရှူရပ်ပြီး သေဆုံးတတ်တဲ့ (Sudden Infant Death Syndrome) ဆိုတာ ကြားဖူးကြမှာပေါ့နော်။ အများအားဖြင့် သူတို့ရဲ့ ပုခက်လေးတွေထဲမှာ အိပ်ရင်းဖြစ်လေ့ရှိပေမယ့် အချို့ကိစ္စတွေမှာ မိဘရဲ့ ရင်ခွထဲမှာ အခုလိုမျိုး မှောက်အိပ်ခိုင်းထားရာကနေ သေဆုံးတတ်ပါတယ်။ အထူးသဖြင့် လူကြီးက အိပ်ပျော်သွားတဲ့အခါမှာ ဖြစ်တာပါ။ ကလေးတွေဟာ မွေးကင်းစမှာ သူတို့ဘာသာ သူတို့ ဘာမှမလှုပ်ရှားနိုင်သေးဘဲ ချထားရင် ချထားတဲ့အတိုင်း နေရရှာပါတယ်။ အဲဒီလို ရင်ဘတ်နဲ့ မှောက်အိပ်ခိုင်းထားပြီး လူကြီးက အိပ်ပျော်သွားတဲ့အခါ ကလေးလေးတွေမှာ နှာခေါင်းကို ပိတ်မနေသည့်တိုင်အောင် ရင်ဘတ်ကို အကြာကြီး ဖိထားသလိုဖြစ်နေတဲ့အတွက် အသက်ရှူရပ်သေဆုံးတတ်ပါတယ်။

မွေးကင်းစ ကလေးတွေရဲ့ မိဘဖြစ်ရတာ အင်မတန်ကို ပင်ပန်းတာအားလုံးအသိပါပဲ။ ကလေးကို ကိုယ့်ရင်ဘတ်ပေါ်တင်ထားပြီး ကိုယ်က အိပ်ပျော်သွားတာ အရမ်း အန္တရာယ်များပါတယ်။ ကိုယ်အရမ်းပင်ပန်းနေလို့ ခဏလေးနားချင်တယ်၊ အိပ်ချင်တယ်ဆိုရင် လူစားကြည့်ပေးနိုင်မယ့်သူကို ရှာပါ။ ရှာလို့မရရင် ကလေးကို သူ့ကလေးပုခက်၊ ကုတင်ထဲမှာ အန္တရာယ်ကင်းကင်းသိပ်ပြီးမှ နားပါ။ တစ်စက္ကန့်လေးမှ သတိလစ်လို့ မျက်ခြေပြတ်လို့ မရတဲ့အထဲမှာ ကလေးထိန်းတာလည်း ပါတယ်နော်။ ကိုယ့်အကြည့်လေးကို ဟိုဘက်ခဏလွှဲလိုက်တဲ့ အခိုက်အတန့်မှာ ဖြစ်ချင်တာ ဖြစ်သွားနိုင်တယ်လို့ပြောရင် လွန်မယ်မထင်ဘူး။ ကလေးကို ဆိုဖာပျော့ပေါ်မှာ တင်သိပ်တာ၊ မွေ့ယာအပျော့နဲ့သိပ်တာ၊ အရုပ်တွေ စောင်တွေ ခြံရံပြီးသိပ်တာ၊ ခေါင်းဦးတွေနဲ့သိပ်တာ၊ လန့်မှာစိုးလို့ ရင်ဘတ်ပေါ်အနှီးတင်တာ ဘာမှမလုပ်ရပါဘူး။မွေးကင်းစကလေး လန့်တာပုံမှန်တုန့်ပြန်မှုပါ (Primitive reflexes မှာ ပြောပြီးသားပါ)။ အသက်ကြီးလာတာနဲ့အမျှ အဲဒီတုန့်ပြန်မှုတွေ ပျောက်သွားပါလိမ့်မယ်။ မိမိရဲ့မသိနားမလည်မှုကြောင့် ကလေးငယ်လေးတွေ ဒုက္ခရောက်ခြင်းက ကင်းဝေးပါစေနော်။

infant death 2

infant death 3