မွေးကင်းစရဲ့ မေမေ ဆံပင်ပြုပြင်ခြင်း

ကလေးမွေးဖွားပြီးစမှာ ခန္ဓာကိုယ်တွင်း ဟော်မုန်းပြောင်းလဲခြင်းကြောင့် ဆံပင်ကျွတ်တာ သဘာဝဖြစ်စဉ်တစ်ခုပါ။ ဆံပင်ကျွတ်တဲ့ ပမာဏဟာ တချို့မိခင်တွေမှာ မသိသာလှပေမယ့် အများစုမှာ သိသိသာသာများတဲ့အတွက် ရိုးရာအလျောက် ဆံပင်မြတ်နိုးတဲ့ မြန်မာအမျိုးသမီးများအတွက် အတော့်ကို စိတ်ကသိကအောင့်ဖြစ်စေနိုင်ပါတယ်။

အဲ့ဒီမှာ နောက်ဆက်တွဲ ဖြစ်စဉ်က ကျွတ်လွန်းတဲ့ ဆံပင်ကို ထိန်းသိမ်းပြုပြင်ဖို့အတွက် တချို့မိခင်တွေက ဆံပင်ပေါင်းတင်ခြင်း, ဆံပင်ဆေးဆိုးခြင်း, ဖြောင့်ခြင်း, ကောက်ခြင်းတွေ လုပ်ကြပါတယ်။

တချိန်ထဲမှာပဲ ဆံပင်ဆိုးရင် ဆံပင်ဖြောင့်ရင် သုံးတဲ့ ဓာတုဗေဒပစ္စည်းများရဲ့ အနံ့က ကလေးကို ဒုက္ခပေးလေမလား, ဓာတုဗေဒ ပစ္စည်းများက ကလေးနို့ရည်ထဲဝင်လေမလားဆိုတဲ့ မေးခွန်းများထွက်ပေါ်လာပါတယ်

ကလေး ဆေးသိပ္ပံပညာရှင်အဖွဲ့အစည်းတစ်ခုကတော့ “ဆံပင်ဆိုးခြင်း, ဖြောင့်ခြင်း, ကောက်ခြင်းများကြောင့် ကလေးအပေါ် နောက်ဆက်တွဲ အန္တရာယ်ရှိနိုင်တယ်ဆိုတာ မဖြစ်နိုင်ကြောင်း” ဆိုပါတယ်။ ဒါကြောင့် “ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးဖွားပြီးချိန်များမှာ ဆံပင်ကို ဓာတုဆေးဝါးများနဲ့ မပြုပြင်ရဘူး”လို့ လက်ရှိမှာ ဘယ်ကျန်းမာရေးအဖွဲ့အစည်းများမှ တရားဝင် မတားမြစ်ထားပါဘူး။

ဆရာဝန်တစ်ယောက်အနေနဲ့ အကြံပြုလိုတာကတော့

-ဆံပင်ကိုဆေးဝါးများနဲ့ ကိုယ်တိုင် ပြုပြင်ချိန်, ဆံပင်ဆိုးချိန်မှာ လက်အိတ်ဝတ်ထားခြင်း, လေဝင်လေထွက်ရှိတဲ့ နေရာမှာလုပ်ခြင်းဖြင့် ကလေးနဲ့ ဓာတုပစ္စည်းများထိတွေ့ဖို့ အခွင့်အရေးမရှိသလောက်နည်းနိုင်ပါတယ်။

-ဆိုင်မှာ ဆံပင် ကောက်ရင် ဖြောင့်ရင် ၂ နာရီကျော်ကြာနိုင်တဲ့အတွက် ကလေးနို့တိုက်ချိန် မထိခိုက်နိုင်အောင် သတိတစ်ချက်ပြုပါ။ ဥပမာ ကလေးအတွက် နို့ကြိုညှစ်ပေးခဲ့တာမျိုးလုပ်နိုင်ပါတယ်။

-အရည်အသွေးမပြည့်မီတဲ့ တချို့သော ဆံပင်ဆိုးဆေး, ဖြောင့်ဆေးနဲ့ ကောက်ဆေးများဟာ ဆံပင်ပို ကျွတ်စေနိုင်တဲ့အတွက် မီးဖွားခြင်းကြောင့် ကျွတ်တဲ့ဆံပင်ကို အထောက်အကူမဖြစ်စေပါ။

-မီးဖွားခြင်းကြောင့် ဆံပင်ကျွတ်တာ ယာယီဖြစ်စဉ်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်သော အာဟာရစုံလင်စွာ စားခြင်းဖြင့် ၆လမှ ၁ နှစ်အတွင်း ပုံမှန်ပြန်ဖြစ်လာပါလိမ့်မယ်။

ဆံပင်ပျက်စီးခြင်းကြောင့် စိတ်ဖိစီးမှုရှိမယ်ဆိုရင် နို့ထွက်တာကို လျော့နည်းစေနိုင်ပါတယ်။ ဒါကြောင့် ဆံပင်လှအောင် ပြုပြင်ချင်ရင် ပြုပြင်ပါ။ စိတ်ဖိစီးမှု လျော့နည်းပြီး ပျော်ရွှင်သော ဘဝလေးများ ပိုင်ဆိုင်ခြင်းဖြင့် ကလေးတစ်ယောက်ကျန်းမာအောင် ပြုစု စောင့်ရှောက်နိုင်သော မိခင်လေးများ ဖြစ်ကြစေရန် ရည်ရွယ်ရေးပါတယ်။

Reference-
1. Australian Breastfeeding Association,
2. Organization of Teratology Information Specialists,
3. National Health Services, UK,
4. Canadian Family Physician Article (2008-54(10)),
5. PubMed Studies of hair chemicals in pregnancy and breast feeding.

#နေနေမိုးဆွေ (Child Health Myanmar)
#naynaymoeswe
Photo Credits to Google Images