အသားပြား (ဘာကာအတွက်)

ဒီအပတ်အတွက် ဘာကာထဲထည့်တဲ့ အသားပြား အလွယ်လုပ်နည်းလေးရေးပေးချင်ပါတယ်။လုပ်ရတာလွယ်ပြီး အရသာလည်းရှိ အာဟာရလည်းပြည့် အိမ်မှာတင် သန့်သန့်ရှင်းရှင်း ကလေးတွေစားဖို့ ရည်ရွယ်ပါတယ်နော်။ဘာကာလုပ်စားလို့ရသလို ကလေးကျောင်းထမင်းဗူး အတွက်ရော ထမင်းခေါက်ဆွဲပါစတာတွေထဲထည့်ကျွေးလည်းအဆင်ပြေပါတယ်။အမဲသားအစား ကြက်သား ဝက်သား သုံးလို့လည်းရပါတယ်။

အမဲကြိတ်သား 1/2 ကေဂျီ
ကြက်သွန်အညို အကြီး တစ်ခြမ်းကို ကြိတ် သို့မဟုတ် နုတ်နုတ်စင်း
ဆား
ငရုတ်ကောင်းမှုန့်
ခရုဆီ ထမင်းစားဇွန်း နှစ်ဇွန်း
ကြက်ဥတစ်လုံး
ပေါင်မုန့်ခြောက်
worcester shire sauce (အသားထဲထည့်သောဆော့စ် ကွန်မန့်မှာပုံပြထားပါတယ်)ကော်ဖီဇွန်း တစ်ဇွန်း
ဆီ ထမင်းစားဇွန်း နှစ်ဇွန်း
အားလုံးကိုရောနယ်ပြီး ရေခဲသေတ္တာထဲ တစ်နာရီအနည်းဆုံးထည့်နှပ်ထားပါ။

အသားတွေကို ကင်မယ့်ဗန်းထဲ baking sheet ခံပြီး အဝိုင်းအပြားလေးတွေ ပုံပါအတိုင်း ပုံသွင်းပါ။၂၀၀ ဒီဂရီမှာ မိနစ် သုံးဆယ်လောက်ကင်ပြီး ပြောင်းပြန်ပြန်လှန် ခရင်းလေးနဲ့ အနည်းငယ်ထိုးပေးပြီး တစ်ဖက်ကို မိနစ်နှစ်ဆယ်ခန့်ထပ်ကင်ပေးပါ။မိမိသုံးမယ့် oven အမျိုးအစားအလိုက် မီးအပူချိန် အချိန်တွေ ညှိပါနော်။

ဒယ်အိုးသုံးမယ်ဆို မီးလျော့ အဖုံးပိတ်ပြီး ခရင်းလေးနဲ့အနည်းငယ်လိုက်ထိုးပေးပြီး တစ်ဖက် ပြန်လှန် ကျက်သည်အထိ အိုးကင်းပူတိုက်ပါ။

ကျက်ပြီဆို အအေးခံပြီး ဇစ်အိတ်ထဲထည့် ခဲထားပြီး လိုတဲ့နေရာမှာ ထည့်သုံးပါ။

မနက် အသုံးပြုမယ်ဆို ညကတည်းက အခဲကနေ အောက်ထပ်ပြောင်းထားပြီး မနက်ကျမှ ရေခဲသေတ္တာထဲကထုတ် ဒယ်အိုးမှာ ထောပတ်အနည်းငယ်ထည့် အသားပြားထည့် အဖုံးလေးဖုံး တစ်ဖက်တစ်ချက်ဆီလှည့်ပေးပြီး မီးနည်းနည်းနဲ့ပြန်နွှေးအသုံးပြုပါ။

ဘာကာအတွက် ပေါင်မုန့် ချိစ် အသားပြား ကြက်ဥ သခွားသီး ဆလတ် ခရမ်းချဉ်သီး ကြိုက်ရာထည့်လို့ရပါတယ်။ဘာကာဆော့စ်အတွက် ထောပတ်ကို ပေါင်မုန့်မှာသုတ်မရိုးနစ် ခရမ်းချဉ်သီးဆော့စ်ကို အသုံးပြုထားပါတယ်။

ပျော်ရွှင်ချမ်းမြေ့ကြပါစေ။