ညီအကိုသုံးယောက်

ဟိုးရှေးရှေးတုန်းက နတ်သမိးအိုကြီးတစ်ယောက်မှာ သားသုံးယောက် ရှိတယ်ကွဲ့ ။ သားတွေဟာ အစွမ်းအစတွေ တစ်ယောက်တစ်မျိုး စီရှိကြပြိးအလွန်တော်ကြပေမဲ့ တစ်ယောက် နဲ့ တစ်ယောက် မတည့်ကြဘူးတဲ့ကွယ်။ အကိုကြီးဖြစ်တဲ. စိန်လက်ဝါးဟာ အလွန်မာကျော သံမာတဲ့လက်ဝါးတစ်ဖက် ရှိသလို။ အကိုလတ် ရွှေသံလွင် ရဲ့ သံပုလွေလေးဟာလည်း အလွန်နာမည်ကြီးတယ်။ အရေးကြုံလာရင် ရွှေသံလွင်ဟာ သူ့ သံပုလွေလေးကို မှုတ်လိုက်တာနဲ့ ဘယ်သူမဆို မကမခုန်ပဲ မနေ နိုင်ဘူးတဲ့ ။ ညီထွေးလေး ဥာဏ်ကျယ်ကတော့ သူ့ နားနှစ်ဖက်ကို အလွန်အားကိုးသတဲ့ ။ သူ့ နားဟာ အလွန် ကြည်လင်လွန်းတာကြောင့်မည်မျှဝေးကွာတဲ့အရပ်က ဖြစ်စေ မည်သည့်အသံကိုဖြစ်စေ နားစွင့်လိုက်ရုံနဲ့ ကြားနာနိုင်စွမ်းရှိတယ်။ တစ်နေ့ မှာတော့ သူတို့ အမေ နတ်သမီးအိုကြီးဟာ စုတေချိန်နီးလာတာကြောင့် ညီအကို သုံးယောက်ကိုခေါ်ပြီး သင့်သင့်မြတ်မြတ်နေ ကြဖို့ ပြောသတဲ့။ အစွမ်း နဲ့ ခွန်အားကြီးသလောက် စိတ်ကြီးဝင်တဲ့အကိုကြီး နဲ့ ဇီဇာကြောင်တဲ့ အကိုလတ် တင်မက ညစ်ကျယ်ကျယ်လုပ်တတ်တဲ့ ညီထွေးတို့ ဟာ မိခင် စိတ်ချမ်းသာအောင် ကောင်းပါဘီ သူတို့ တည့်အောင်နေပါ့မယ်လို့ ပြောသတဲ့။ နတ်သမီးကြီးဟာ ညီအကို သုံးယောက်ကို ကြာပန်းလေးတစ်ပွင့်ထုတ်ပေးပြီး ဒီကြာပန်းလေးကို အရေးကြုံလာရင်သုံးပါ။ သုံးယောက်စလုံး ရဲ့ စောင့်ရှောက်မှူရှိမှ ဒီကြာပန်းက အစွမ်းရှိမယ်လို့ ပြောပြီးစုတေသွားပါရောတဲ့ကွယ်။ နတ်သမီးကြီးစုတေသွားပြီးတဲ့အခါ ညီအကို သုံးယောက်ဟာ ကတိမတည်ပဲရန်ဖြစ်ကြသတဲ့ ။ သူတို့ တွေဟာ ကြာပန်းကို ထိမ်းသိမ်းဖို့ အငြင်းပွားကြတယ်ကွဲ့ ။ အကိုကြီးက ကြာပန်းဟာ ဘာမှ ထူးခြားဟန်လည်းမရှိ ညှိုးနွမ်းမသွားတာကလွဲလို့ ဘာမှ ထူးထူးခြားခြားအစွမ်းလည်းမရှိတာမို့ အပိုအလုပ်တစ်ခုလုပ်တာပဲလို့ ယူဆပြီး ညီလတ် ကို ထိမ်းသိမ်းခွင့်လွှဲသတဲ့ ဇီဇာကြောင်သလောက် မလိုအပ်ပဲအပိုဆာဒါးလုပ်တတ်တဲ့ညီလတ်ဟာ ကြာပန်းကို ထိမ်းသိမ်းသော်ငြားလည်း သင့်တော်တဲ့ ထားရာနေရာကို ရှာဖွေရင်းစိတ်ရှူပ်သတဲ့။ နောက်ဆုံး စဉ်းစားမရတာနဲ့ ပဲ စိတ်ရှူပ်ပြီး ပန်းခြံတစ်ခုထဲမှာ ပစ်ထားတာကြောင့် ညီထွေးက တွေ့ ပြီး သူ့ အိပ်ထဲ ကောက်ထည့်ပြီး တခြားပစ္စည်းတွေ နဲ့ အတူ ရောနှောထားလိုက်ပါရောတဲ့။ အဒိနောက်သူတို့ ဟာ တစ်ယောက် တစ်နေရာစီ ထွက်သွားကြသတဲ့။
ရဲစွမ်းသတ္တိရှိသလောက် အစွမ်းအစကြီးတဲ့အကိုကြီးဟာ တိုင်းပြည်တပြည်က စစ်တတ်တစ်ခုမှာ ၀င်အမှုထမ်းသတဲ့။ စိန်လက်ဝါးရဲ့ အစွမ်းအစကြောင့် စစ်ပွဲတိုင်းမှာ အနိုင်ရ အောင်မြင်ပြီး ဘုရင်မင်းမြတ်ရဲ့ အထူးအားကိုး မြှောက်စားခြင်းခံရတဲ့ စစ်သည်တစ်ယောက်ဖြစ်လာသတဲ့။ တစ်နေ့ မှာတော့ အကိုကြီးပါဝင်တဲ့စစ်တပ်ဟာ မာယာပရိယာယ်များလှတယ်လို့ နာမည်ကြီးတဲ့ တိုင်းပြည် တစ်ပြည် နဲ့ စစ်မက်ပြုဖို့ ရာကြုံလာပါရောတဲ့။ မိမိအစွမ်းအစ ကို အထင်ကြီးကိုးစားတဲ့အကိုကြီးစိန်လက်ဝါးလဲ စစ်ထွက်ဖို့ ရာပြင်ဆင်ပြီးခရီးအပြင်းကိုနှင်လာတာပေါ့ကွယ်။ စစ်မြေပြင်မရောက်ခင်မှာ အကိုကြီးဟာ လမ်းခရီးက မြို့ ငယ်လေးတစ်ခုမှာ တစ်ထောက်နားတယ်တဲ့ကွဲ့ ။ တထောက်နားချိန်မှာ မြို့ ထဲက လူစည်ကားရာအရပ်မှာ ကပွဲသဘင်ကျင်းပနေတာပေါ့ကွယ်။ အဒိကပွဲသဘင်မှာ အင်မတန်ချောမောလှပတဲ့ကချည်သည်ဟာ ဆန်းပြားလှတဲ့ကကွက်တွေ နဲ့ တင်ဆက်သတဲ့။ ကကွက်တွေဟာ ဆန်းပြားလှပ လွန်းတာကြောင့်အကိုကြီးအပါအ၀င် ရဲမက်တစ်စုဟာ ကချည်သည် ရဲ့ ကကွက်တွေ နဲ့ အလှအပ အဆန်းအပြားတွေမှာ မိန်းမောတွေဝေနေကြတယ်ကွဲ့ ။ ကကွက်တစ်ခု အရောက်မှာတော့ ကချည်သည်ဟာ အမိုးမြင့်ကိုပျံတက်သွားပြီး ငွေမှူန်တွေကို အကိုကြီးတို့ ရဲမက်တစ်အုပ်ရှိရာကို ဖြန့် ကြဲချလိုက်ပါရောတဲ့။ အကိုကြီးနဲ့ သူ့ ရဲမက်တွေ ဟာ မေ့မျောသွားလိုက်ကြတာ ဘာဆိုဘာမှ ကို မသိကြတော့ပါဘူးတဲ့။ သတိရသွားတဲ့အခါမှာတော့ အကိုကြီးဟာ အကျဉ်းထောင်တစ်ခုထဲမှာရောက်နေပြီး ခိုင်ခန့် တဲ့ သံကြိုးကြီးတွေနဲ့ ချည်နှောင်ခံထားရပါရောတဲ့ကွယ်။ သံကြိုးတွေ နဲ့ တုတ်နှောင်ခံထားရတဲ့အကိုကြီးဟာ ငြိမ်ငြိမ်မနေဘဲ ကြိုးတွေကို ခွန်အား နဲ့ ရုန်းသတဲ့။ ဒါပေမဲ့ ကြိုးတွေဟာ ခိုင်ခန့် လွန်းတာကြောင့် မပြတ်တောက်ပဲ အကျဉ်းတိုက်ထဲမှာ သံကြိုးရိုက်ခတ်သံတွေဟာ ဟိန်းဟိန်းမြည်အောင် ပေါ်ထွက်နေတာပေါ့ကွယ်။ သံကြိုးရိုက်သံတွေကြောင့် အိပ်မပျော်နိုင်တဲ့မာယာတိုင်းပြည် ရဲ့ ဘုရင်မဟာ ရဲမက်တစ်ယောက်ကိုစေလွှတ်ပြီး အကိုကြီးကို အကျဉ်းတိုက်က လွှတ်စေဖို့ ပြောသတဲ့။ အဒိနောက်မှာတော့ ဘုရင်မဟာ အကိုကြီးရဲ့ ခွန်အားကို အသုံးချပြီး သားရဲတိရစ္ဆန် သတ်ပွဲတွေမှာ ၀င်ရောက် သတ်ဖြတ်ခိုင်းတယ်။
အကိုကြီးဟာ အလွန်ခွန်အားကြီးမားလှတာကြောင့်သားရဲတိုက်ပွဲတွေမှာ တဖြည်းဖြည်း နာမည်ကြီးလာပါရောတဲ့ကွယ်။ တစ်နေ့ မှာတော့ အကိုလတ်ရွှေသံလွင် ဟာ နာမည်ကြီး လှတဲ့ သားရဲတိုက်ပွဲကို လောင်းကစားဖို့ ရာရောက်ရှိလာပါရောတဲ့ကွယ်။ သားရဲတိုက်ပွဲမှာ နာမည်ကြီးလှတဲ့ သားသတ်သမားဟာ အကိုကြီး စိန်လက်ဝါးဖြစ်နေတာ ကိုတွေ့ ရှိသွားတဲ့ အကိုလတ် ဟာ အံသြလွန်းလို့ မှင်သက်နေမိသတဲ့။ အကိုကြီးဟာလည်း ခွန်အားဗလ နဲ့ ပြည့်ဝသော်လည်း အကြိမ်ကြိမ် သားရဲတွေကို သတ်ဖြတ်ရတာကြောင့် ပင်ပန်း ဆင်းရဲ နေရှာတာပေါ့ကွယ်။ ဒုက္ခရောက်နေရှာတဲ့ အကိုကြီးဟာ အကိုလတ်ရွှေသံလွင်ကို မြင်တဲ့အခါ အလွန်ပဲဝမ်းသာရှာတယ်ကွယ့်။ ဒါကြောင့် သူ့ ကို ကယ်တင်ဖို့ ရာ..သူ သတ်ဖြတ်လိုက်တဲ့ ခြင်္သေ့ကြီး ရဲ့ ခန္ဓာအောက်မှာ ၀ပ်ပြီး သနားစဖွယ် အကိုလတ်ကို ငေးကြည့်နေရှာသတဲ့။
အကိုလတ်လဲ အကိုကြီးကို သနားသွားပြီး ကယ်တင်ဖို့ အတွက် သူ့ ပုလွေလေးကို ထုတ်ပြီး မှုတ်ပါရောတဲ့ကွယ်။ အကိုလတ်ရဲ့ ပုလွေသံလေးကြောင့် နန်းရင်ပြင်မှာသားရဲ သတ်ပွဲကြည့်တဲ့ ပရိတ်သတ်တွေဟာ မနေနိုင်တော့ပဲ ကခုန်ကြပါရောတဲ့။ အကိုလတ်လည်း ပရိတ်သတ်တွေအလစ်မှာ အကိုကြီးရှိရာ သတ်ကွင်းထဲလှိမ့်သွားပြီး အကိုကြီး ရဲ့  အနှောင်အဖွဲ့ တွေကို ဖြေပေးကာ ညီအကို နှစ်ယောက် ထွက်ပြေးကြတာပေါ့ကွယ်။ ဒီလို နဲ့ ပြေးလာလိုက်ကြတာ မာယာနိုင်ငံရဲ့  နယ်နိမိတ် အစွန်မှာ ရှိတဲ့ တောအုပ်ကလေးထဲကို ရောက်လာပါရောတဲ့.။ ပြေးလွှားလာရလို့ မောပန်းနေကြတဲ့ ညီအကို နှစ်ယောက်ဟာ တောအုပ်ထဲက စမ်းချောင်းလေးဘေးမှာတစ်ထောက်နားဖို့ ပြင်ကြတယ်တဲ့။ အဒိနောက်မှာတော့ ညီအကို နှစ်ယောက်ဟာ မောပန်းလွန်းလို့ ကြည်အေးနေတဲ့စမ်းရေ တွေကိုတစ်ဝကြီးသောက်လိုက်မိတယ်။ သောက်ပြီးတဲ့အခါမှာတော့ သူတို့ ဟာ ရုတ်တရက် မြေခွေးလေးတွေအဖြစ် ပြောင်းလဲသွားပါရောတဲ့ကွယ်။ အမှန်တော့ မာယာ တောအုပ်ထဲမှာ ရှိတဲ့ စမ်းရေအိုင်တွေဟာ မာယာဘုရင်မ ရဲ့ မှော်ဆေးရေ ကြောင့် အဆိပ်သင့်နေတာပေါ့ကွယ်။
အဒိနောက်မှာတော့ မာယာဘုရင်မ ရဲ့ ရဲမက်တွေဟာ တောအုပ်လေးထဲရောက်လာပြီးမြေခွေးလေး နှစ်ကောင်ကို ဖမ်းဆီးကြတယ်ကွဲ့ ။ ဒါပေမဲ့ လည်းမြေခွေးလေးတွေဟာ အစွမ်းကုန် ပြန်လည်ခုခံပြီး ထွက်ပြေးကြတာကြောင့် ဖမ်းမမိဖူးတဲ့။ တစ်နေရာအရောက်မှာတော့ ရဲမက်တစ်ယောက်ပစ်လိုက်တဲ့
လှံတံဟာ မြေခွေးလေး ရွှေသံလွင်ကို ထိပြီး ဒဏ်ရာအနာတရ ရသွားပါရောတဲ့ကွယ်။မြေခွေးလေး နှစ်ကောင်ဟာ ရဲမက်တွေ ပြန်လှည့်သွားချိန်ထိ ချောက်ကပါးအောက်က ကျောက်ဂူထဲမှာ ခိုအောင်းနေရှာတယ်။ ဒဏ်ရာ ပြင်းထန်တာကြောင့် သွေးအလိမ်းလိမ်း ခ နေတဲ့ မြေခွေးလေး ရွှေသံလွင်ဟာ အော်ဟစ်ညည်းညူနေရှာတယ်.. ဒါကို မနေနိုင်တဲ့ မြေခွေးလေး စိန်လက်ဝါးဟာ ကျောက်ဂူ အောက်ခြေမှာရှိတဲ့ မြေပြင်က မြက်ခြောက်တွေကို စုပြီး ဒဏ်ရာကို အုံပေးကာ သူ့ ညီလေးကို ကုသပေးရှာတယ်။ ဒါပေမဲ့ မသက်သာရှာဘူးပေါ့ကွယ်။ နောက်ဆုံးမှာတော့ ကြံရာမရတဲ့ မြေခွေးလေးဟာ သေအံ့မူးမူးဖြစ်နေရှာတဲ့ သူ့ ညီငယ်လေး ကို ပိုက်ပြီး တိုးတိုးလေး ငိုညည်းမိသတဲ့။ အဒိ လို ညည်းလိုက်တဲ့အသံ ကို ကုန်သည် အဖွဲ့ မှာ ပါလာတဲ့ ညီထွေးဥာဏ်ကျယ်က ကြားပြီး အသံလာရာဆီကိုလိုက်ရှာလိုက်တာ နောက်ဆုံးတော့ မြေခွေးလေးတွေ ခိုအောင်းနေကြတဲ့တောအုပ်ထဲကိုရောက်လာပါရောတဲ့ကွယ်။ ညီထွေးဟာ တောအုပ်ထဲရောက်တဲ့အခါ အကိုမြေခွေးလေး နှစ်ကောင် ရှိရာ ကျောက်ဂူကို ရှာမတွေ့ ပဲတ၀ဲဝဲလည်နေရှာသတဲ့။ တနေရာအရောက်မှာတော့ တောထဲက မြွေမင်းသမိးဟာ ညီထွေးကို စားချင်တာကြောင့် အလွန်ချောမောလှပတဲ့ မင်းသမီးလေးအယောင်ဆောင်ပြီး မြူစွယ်တယ်။ ညီထွေးဟာ မြွေမင်းသမီးကို တပ်မက်သော်လည်း သူ့ အကိုမြေခွေးလေး တွေ ရဲ့ ညည်းညူသံကို မရပ်မနားကြားရတာကြောင့် မြွေမင်းသမိးကို ထားရစ်ခဲ့ပြီးတောအုပ်ထဲကို ဆက်ပြီးခရီးနှင်ခဲ့တာပေါ့ကွယ်။ ခရီးနှင်ရင်း ညီထွေးဟာ ကြာပန်းရေအိုင်ကြီးတအိုင်ကို ဖြတ်ကျော်ရင်းရေအိုင်အလည်မှာ ရေအိုင်စောင့်ဘီလူး နဲ့ တွေ့ သတဲ့။ ဘီလူးက ညီထွေးကို ဖမ်းပြီးစားဖို့ လုပ်ပါလေရော။ ညီထွေးက “ဘီလူးကြီးရယ်… ကျွန်တော့်အကို နှစ်ယောက် တော့ ဒုက္ခရောက်နေရှာတယ်…ကျွန်တော့်အကို နှစ်ယောက်ကို လိုက်ရှာပါရစေဗျာ…ပြီးမှ ဘီလူးကြီးစိတ်ကြိုက် ကျွန်တော့်ကို စားသောက်နိုင်ပါတယ်ခင်မျာလို့ ”တောင်းပန်သတဲ့။ ဘီလူးကြီးလည်း “ကောင်းပြီလေ သင့်ဂတိကို သင်မမေ့ပါစေနဲ့ ” လို့ ပြောပြီးလွှတ်လိုက်သတဲ့။ အဒိလို နဲ့ ညီထွေးလည်း အကိုဖြစ်သူ မြေခွေးလေးတွေခိုအောင်းရာ ကျောက်ဂူကြီးကို ရှာတွေ့ သွားသတဲ့။ ရှာတွေ့ တဲ့အချိန်မှာ မြေခွေးလေးတွေ ဖြစ်နေရှာတဲ့ သူ့ အကို နှစ်ယောက် ကို ဘယ်လို ကယ်ရမလဲလို့ စဉ်းစားမရဘူးတဲ့ကွယ်။ နောက်ဆုံးမှာတော့ သူ တို့ အမေပေးခဲ့တဲ့ ကြာပန်းလေးကို သတိရပြီး ညီအကိုသုံးယောက် လုံး ကြာပန်း လေးကိုပွေ့ ပိုက်ထားလိုက်ကြသတဲ့ကွယ်။ မကြာခင်မှာပဲကြာပန်းလေး ရဲ့ အစွမ်းကြောင့် အကိုကြီးစိန်လက်ဝါးရော၊ အကိုလတ်ရွှေသံလွင်ရော မြေခွေးလေးတွေအဖြစ်ကနေ လွှတ်မြောက်ပြီးဒဏ်ရာတွေလည်းသက်သာသွားပါရောတဲ့ကွယ်။ ဒါပေမဲ့ ညီထွေးခမျာတော့ ၀မ်းမသာနိုင်ပဲမှိုင်တွေနေရှာတယ်။ အကိုတွေက ညီထွေးရေ ဘာကြောင့်မှိုင်နေရသလဲကွယ်လို့ မေးကြတဲ့အခါ။ အကိုတို့ ရေ ညီထွေးတော့ အကို တို့ ကို ကယ်ပြီးရင် ဘီလူးကြီးဆီကို ကတိအတိုင်း သွားရတော့မှာ မို့ လို့ ပါ လို့ ပြန်ပြောသတဲ့။ အကိုလတ်က ညီထွေးလေးကို သနားသွားပြီး အကိုတို့ ရှိပါတယ်..ညီထွေးလေးကို ဘီလူးကြီးမစားစေရပါဘူး။ အကိုတို့  ဘီလူးကြီးကို တိုက်ခိုက်ပါ့မယ်လို့ ပြောပြီး ညီအကို သုံးယောက်တူတူ ဘီလူးကြီးဆီထွက်သွားကြရောတဲ့။ ရေအိုင်နားရောက်တဲ့အခါ အကိုကြီးစိန်လက်ဝါးဟာ ရေကန်စပ်ကနေ ရေတွေကိုလက်ဝါးနဲ့ ရိုက်လိုက်တာ ရေအိုင်ကြီး နှစ်ခြမ်းကွဲသွားပါရောတဲ့..ဘီလူးကြီးလည်း အကိုကြီး ကို ဖမ်းဖို့ ရေကန်ထဲကနေ တက်ပြီးပြေးလိုက်လာပါရော။ အရမ်းအပြေးသန်တဲ့အကိုကြီးဟာ ပြေးရင်း ဆူးခြုံတွေရှိရာကို ဘီလူးကြီးကိုမြှားခေါ်လာပါတော့တယ်။ ဆူးခြုံတွေထဲကိုဘီလူးကြီးရောက်လာတဲ့အခါ သစ်ပင်ပေါ်က စောင့်နေတဲ့အကိုလတ်ရွှေသံလွင်ဟာ သူ့ သံပုလွေလေးကိုထုတ်ပြီးမရပ်မနားမှုတ်တော့သတဲ့။ ဘီလူးကြီးလည်း ဘယ်လိုမှ မနေနိုင်ပဲကခုန်နေလိုက်တာ နောက်ဆုံးတော့ ဆူးခြုံတွေ နဲ့ ညိတွယ်ပြီးသေဆုံးသွားပါရောတဲ့ကွယ်။ ညီအကိုသုံးယောက်ဟာလည်း အဒိနေ့ ကစပြီး တစ်ယောက် နဲ့ တစ်ယောက် ချစ်ခင်ပျော်ရွှင်စွာ နဲ့ အတူတကွနေထိုင်သွားကြပါရောတဲ့ကွယ်။
ကလေးတို့ လည်း ဒီပုံပြင်လေးထဲကလိုပဲ ကိုယ်စွမ်းကိုယ်စတွေ ကိုယ်စီရှိကြသော်လည်း အချင်းချင်း မတည့်ကြတဲ့ညီအကိုသုံးယောက်ကို သင်ခန်းစာယူကြရမယ်ကွဲ့ ။ အရေးအကြောင်းရှိလာရင် ကူညီသူဟာလည်း ကိုယ့်မောင်နှမ သားချင်းတွေပဲဆိုတာ သိကြရမယ်နော်။ ခွန်အား နဲ့ အစွမ်းအစ မည်မျှပင်ကြီးမားသော်လည်း သတိမမူရင် ကျရှူံးတတ်တယ်ဆိုတာလည်း မှတ်သားထားရမယ်နော်။ကလေးတို့ ရေ ပုံပြင်လေးကတော့ဒါပါပဲကွယ်။
မဇူးထိုက်
(အိပ်ယာဝင်ပုံပြင်လေးများ)