ပဉ္စလက် မျက်လှည့် စွန်ကလေး

ဟိုးရှေးရှေးတုန်းက ပေတိုး နဲ့ ပေဆိုးဆိုတဲ့ အလွန်ဆင်းရဲတဲ့ ဈေးသည်ကောင်လေး (၂) ယောက် ရှိတယ်။
ပေတိုးဟာ ရိုးသားကြိုးစားသူလေး ဖြစ်ပြီး ပေဆိုးကတော့ ဥာဏ်များပြီးခိုးကြောင်ခိုးဝှက် လုပ်လေ့ ရှိတယ်။
ဒါပေမဲ့ ပေဆိုးဟာ အမြဲ သူ နှာတဖျားသာတယ် ဆိုပြီး ပေတိုးရှေ့ မှာ ဂုဏ်ယူလေ့ရှိတယ်။ ရိုးသားတဲ့ ပေတိုးဟာ ပေဆိုးလုပ်သမျှကို သဘောမကျသော်လည်း ပေဆိုးကို သူငယ်ချင်းတစ်ယောက်အဖြစ် ခင်မင်မြဲခင်မင် လျှက်ရှိတယ်။ တစ်နေ့ မှာတော့ သူတို့ (၂) ယောက်ဟာ မြို့ ထဲမှာ လာပြတဲ့ မျက်လှည့်ပွဲမှာ ဈေးရောင်းသွားကြတယ်။ ဈေးရောင်းရင်း နဲ့  စင်ပေါ်က မျက်လှည့်ဆရာကြီး မျက်လှည့်ပြတာကို ငေးကြည့်နေကြတာပေါ့ကွယ်။
မျက်လှည့်ဆရာကြီးဟာ မျက်လှည့်ကွက်တွေအများကြီ့းပြတာပဲတဲ့ ။ တစ်ကွက်မှာတော့ သူဟာ မျက်လှည့်ဦးထုတ်ထဲကနေ ငွေဒင်္ဂါးတွေ အများကြီးထုတ်ပြတယ်။ အဲဒီလို ငွေဒင်္ဂါးတွေ ထုတ်ပြတဲ့အခါ ပေတိုး နဲ့ ပေဆိုးတို့ ဟာ ပရိတ်သတ် ထဲကနေ ငေးကြည့်နေကြတာပေါ့ကွယ်။ သူဆင်းရဲ ကောင်လေး (၂) ယောက်ဟာ ငွေဒင်္ဂါးတွေကို သိပ်လိုချင်တာပဲတဲ့ကွယ်။ ညရောက်တဲ့အခါ သူတို့  (၂) ယောက်ဟာဈေးဘန်းလေးတွေ ဘေးချရင်း အိပ်မပျော်နိုင်ကြဘူးတဲ့ကွယ်။ ပေဆိုးဟာ မျက်လှည့်ဦးထုတ်ထဲမှာ ငွေဒင်္ဂါးတွေရှိမှာပဲ ဒါကြောင့်သာ ထုတ်ပြလို့ ရတာနေမှာ မျက်လှည့်ဦးထုတ်ကို ရရင် ငွေဒင်္ဂါးတွေကိုလဲရမှာပဲလို့တွေးပြီး မျက်လှည့်ဦးထုတ်ကို ခိုးယူဖို့ အကြံထုတ်နေတယ်ကွဲ့ ။ ပေတိုးကတော့ ပေဆိုးလို မစဉ်းစားဖူးကွဲ့ ။
“မျက်လှည့်ဆရာကြီး ငွေဒင်္ဂါးတွေ ထုတ်ပြတာ သူ့ မျက်လှည့်အတတ်ကြောင့်ဖြစ်မယ်။ အဒိ မျက်လှည့်အတတ်ကိုသာ ငါ ရရင် ငါ့တသက်လုံး ငွေဒင်္ဂါးတွေ အများကြီး အကြိမ်ပေါင်းများစွာ ထုတ်နိုင်မှာပဲ။ ဒီအတတ် ကို မျက်လှည့်ဆရာကြီးဆီက ငါ ရအောင်သင်ရမယ်လို့ တွေးတောပြီး မျက်လှည့်ဆရာကြီးကိုသင်ပေးချင်လာအောင် ဘယ်လို ပြောကပါ့မလဲဆိုတာ ကိုစဉ်းစားနေသတဲ့ကွယ်။
မနက်လင်းတဲ့အခါ ကောင်လေး (၂) ယောက်ဟာ ဈေးမရောင်းပဲ အကြံကိုယ်စီ နဲ့ တစ်ယောက် တစ်ကွဲစီထွက်ခွါသွားကြတာပေါ့ကွယ်။ ပေဆိုးဟာ မျက်လှည့်ဆရာကြီးတဲနားကို သွားပြီး မျက်လှည့်ဆရာကြီးအလစ်ကိုချောင်းနေသတဲ့ ။ မကြာခင်မှာပဲ မျက်လှည့်ဆရာကြီးဟာ ထမင်းစားသောက်ဖို့ အတွက် တဲပြင်ကိုထွက်သွားတာပေါ့ကွယ်။ မျက်လှည့်ဆရာကြီးထွက်သွားပြီးတာနဲ့ ပေဆိုးဟာ မျက်လှည့်ဆရာကြီးတဲထဲကို ၀င်သွားပြီး ငွေဒင်္ဂါးတွေ ထုတ်တဲ့ ဦးထုတ်ကို လိုက်ရှာသတဲ့ ။ ဒါပေမဲ့ တဲတစ်ခုလုံး အနှံ့ ရှာတာတောင် ဦးထုတ်ကို မတွေ့ ဖူးတဲ့ကွယ်။ နောက်ဆုံးမှာတော့ တဲထောင့်က ရွှေသေတ္တာလေးတစ်လုံးသာ ရှာဖို့ ကျန်တော့သတဲ့ ကွယ်။ ဒါနဲ့ ပေဆိုးလဲ ဦးထုတ်ရှာဖို့  ရွှေသေတ္တာလေးကို ဖွင့်လိုက်တာနဲ့ တပြိုင်ထဲ သူဟာ စွန်ကလေး ဖြစ်သွားသတဲ့။ စွန်ကလေးဖြစ်သွားတဲ့ပေဆိုးဟာ ရစ်ဘီးလေးတစ်လုံး နဲ့ အတွယ်ခံထားရပြီး တဲထဲမှာ တ၀ဲလည်လည် နဲ့ လွင့်နေရှာတာပေါ့ကွယ်။
အဲဒိအချိန်မှာ ပေတိုးတစ်ယောက်ကတော့ ဈေးထဲမှာ ထမင်းစားနေတဲ့ မျက်လှည့်ဆရာကြီးနားကိုချဉ်းကပ်သွားပြီး “ဦးထုတ်ထဲက ငွေဒင်္ဂါးတွေထုတ်တဲ့အတတ်ကို သင်ချင်လို့ ပါခင်မျာ” လို့ တောင်းပန်သတဲ့ ။ ဒီအခါ မျက်လှည့်ဆရာကြီးက “လူလေး ငါဟာ အရပ်တကာသွားလာနေတဲ့ ပညာသည်တစ်ယောက်ပဲ ဖြစ်တယ် ။ မင်းငါနဲ့ အတူ လိုက်မယ်ဆိုရင်ဖြင့် ငွေဒင်္ဂါးတွေ ဦးထုတ်ထဲက ထုတ်နိုင်တဲ့အတတ်ကို သင်ပေးမှာပေါ့ကွယ်” လို့  ပြောတယ်။ ပေတိုးကလဲ “ဆရာကြီးရဲ့ တပည့်အဖြစ် အလုပ်အကျွေးပြုပါ့မယ်ခင်မျာ” လို့ ပြောပြီး ဆရာကြီးရဲ့ နောက်ကို လိုက်သွားသတဲ့ ။
အဲဒိနောက်မျက်လှည့်ဆရာကြီးလည်း ပေတိုးနဲ့ အတူ ပစ္စည်းတွေသိမ်းကာ ခရီးဆက်တော့သတဲ့ကွယ်။ပေတိုးဟာ မျက်လှည့်ပစ္စည်းတွေထဲမှာ တလူလူ လွင့်နေတဲ့စွန်ကလေးကို သဘောကျတာကြောင့် ရစ်ဘီးလေးကို ရစ်ပြီး သိမ်းဆည်းထားလိုက်သတဲ့။ ဒီလိုနဲ့ ပေတိးုဟာ မျက်လှည့်ဆရာကြီးသွားရာတကောက်ကောက်လိုက်ရင်း မျက်လှည့်ပညာကို ကြိုးနွံစွာသင်ကြားသတဲ့။ အားလပ်တဲ့အချိန်တိုင်းမှာတော့သူဟာ စွန်လေးကို ကွင်းပြင်ကျယ်တွေဆီယူသွားပြီးစွန်လွှတ်လေ့ရှိတယ်။
တဖြည်းဖြည်း နဲ့ နှစ်တွေကြာလာတဲ့အခါ ပေတိုးဟာ မျက်လှည့်ပညာ ကို အတော်တီးမိခေါက်မိ ရှိလာသတဲ့။
သူလိုချင်တဲ့ ငွေဒင်္ဂါးတွေလဲ ဦးထုတ်ထဲက ထုတ် တတ် နေပြီတဲ့ကွယ်။ ဒါပေမဲ့ သူဟာ ငွေဒင်္ဂါးတွေထက်
ပညာ ဟာ ပိုတန်ဖိုး ရှိကြောင်းကိုလည်း သိနားလည်ပြီး ပိုမိုကြိုးစားတာကြောင့် ဆရာကြီး မျက်နှာလွှဲရတဲ့အထိ တတ်မြောက် လာပြီး သူတို့ ဆရာတပည့်ဟာ လည်း ပိုမို နာမည် ကျော်ကြားလာတာပေါ့ကွယ်။ ဒါကြောင့် ဘုရင်မင်းတရားကြီးကတောင် နန်းတော်မှာ ပျော်ပွဲ ရွှင်ပွဲ ကျင်းပတဲ့အခါ မျက်လှည့်ပြဖို့ သူတို့ ဆရာတပည့်ကို ဖိတ်ကြား လိုက်တယ်ကွဲ့ ။ ပေတိုးတို့ ဆရာတပည့်ဟာ မျက်လှည့်ပြဖို့ အတွက် နန်းတော် ကို သွားပြီးပြင်ဆင် နေကြတာပေါ့ကွယ်။ အဒိအချိန်မှာ မျက်လှည့်ပစ္စည်းတွေကြားမှာပါလာတဲ့ စွန်ကလေးဟာ ရစ်ဘီးလေးကို လှိမ့်ရင်း နန်းတော်ထဲက အဆောင်တွေကို လျှောက်သွားသတဲ့ ။ စွန်ကလေး ပေဆိုးဟာ စွန်ကလေးဘ၀ ကိုရောက်သော်လည်း အကျင့်တွေကို မဖျောက်နိုင်သေးပါဘူးတဲ့ကွယ်။
နန်းတော်ထဲက တွေ့ သမျှ ရတနာတွေ ၊ အဆောင်အယောင်တွေကို စွန်ကြိုးမှာ ချိတ်ပြီးခိုးယူသတဲ့။ စွန်ကလေးဟာ နန်းဆောင် တွေကြားမှာ လျှောက်သွားရင်း တစ်နေရာအရောက်မှာတော့ မိဖုရားကြီးရဲ့ စိန် ဆံထိုးကို ဘုရင့်ဘဏ္ဍာတိုက်ထဲကို ၀င်ခိုးတဲ့ သူခိုးကြီး နဲ့ တိုး ပါရောတဲ့ကွယ်။
သူခိုးကြီးဟာ ရွှေထည်တွေ ၊ ရတနာတွေ တချွင်ချွင် နဲ့  စွန်လေးကို တွေ့ တဲ့ အခါ ဘာလုပ်ရမှန်းမသိဘဲ ငေးကြည့်နေမိသတဲ့။ အဒိအချိန်မှာပဲ စွန်ကလေးဟာ သူခိုးကြီးလက်ထဲက စိန်ဆံထိုးကို လုပြေးတာကြောင့် စွန်လေးကို လိုက်ဖမ်းတာပေါ့ကွယ်။ စွန်လေးကလဲ ပြေးရင်း မျက်လှည့်ပစ္စည်းတွေထားတဲ့အဆောင်ထဲကိုဝင်ပြေးသတဲ့ ။ စွန်လေးက ပြေးရင်း သူခိုးကြီးက လိုက်ဖမ်းရင်းနဲ့ တဲထဲက မျက်လှည့်ပစ္စည်းတွေဟာ အရောရော အထွေးထွေး နဲ့  လဲပြို ရှူပ်ပွကုန်တာပေါ့ကွယ်။ တစ်နေရာအရောက်မှာတော့ သူခိုးကြီးဟာ စွန်လေး လက်က စိန်ဆံထိုးကို မိပြီအထင်နဲ့ ခုန်အုပ်လိုက်ရာမှာ ခြေချော်ပြီး ပေတိုး မျက်လှည့်ပြရမဲ့ ဦးထုတ်ထဲကို ရောက်သွားပါရောတဲ့ကွယ်။

မကြာခင်မှာပဲပေတိုးဟာ မျက်လှည့်ပြဖို့ အချိန်ကျပြီမို့  မျက်လှည့်ဦးထုတ်နဲ့ ဝတ်ရုံကို လာယူပြီး မျက်လှည့်ပြဖို့ အတွက်စင်ပေါ်ကိုတက်သွားပါရောကွယ်။
စင်ပေါ်ရောက်တဲ့အခါ မျက်လှည့်စပြဖို့ အတွက် ၀တ်ရုံကိုခါလိုက်တဲ့အခါ ၀တ်ရုံထဲက ငှက်တစ်အုပ်ထွက်သွားပြီးပရိတ်သတ်ကြားထဲကိုလျှောက်ပျံပါရောတဲ့ ။ ပေတိုးလဲကြံရာမရဖြစ်ပြီး ငှက်တွေကိုဖမ်းဖို့ ဝတ်ရုံနဲ့ ပစ်လိုက်သတဲ့။ ၀တ်ရုံအုပ်မိသွားတဲ့ငှက်တွေဟာ ရွှေဒင်္ဂါးတွေ၊ ရတနာတွေ ဖြစ်သွားပြီး လူ ပရိတ်သတ် ထဲကို ကျသွားတာမို့  ပရိတ်သတ်တွေဟာ ၀မ်းသာအားရကောက်ကြတာပေါ့ကွယ်။အဲဒိနောက်ပေတိုး ဟာ ၀တ်ရုံကို သိမ်းလိုက်ပြီး ဦးထုတ် နဲ့ မျက်လှည့်ပြဖို့  ဦးထုတ်ကို နှိုက်လိုက်ရာဦးထုတ်ထဲက မိဖုရားကြီးရဲ့ ပျောက်ဆုံးနေတဲ့ ဆံထိုး ထွက်လာပါရောတဲ့။ မိဖုရားကြီးလည်း အံ့သြ၀မ်းသာနေတာပေါ့ကွယ်။ အဲဒိအချိန်မှာပဲ ဦးထုတ်ဟာ ပေတိုးလက်ထဲကနေ ခုန်ထွက်ပြီး ထွက်ပြေးတော့သတဲ့။ ပေတိုးလဲ ထွက်ပြေးတဲ့ဦးထုတ်ကို လိုက်ဖမ်းတာပေါ့ကွယ်။ လိုက်ဖမ်းရင်း ဦးထုတ်ဟာ ဘုရင်ကြီးရှေ့ မှောက်ကို ရောက်သွားတာမို့ ဘုရင်ကြီးကဦးထုတ်ကို ဆီးဖမ်းလိုက်သတဲ့။ ဘုရင်ကြီးလက်နဲ့ ထိလိုက်တာ နဲ့ တပြိုင်နက်ထဲ ဦးထုတ်ဟာရပ်သွားပြီး သူခိုးကြီးဟာ ဦးထုတ်ထဲက ခုန်ထွက်လာပါရောတဲ့။ ဘုရင်ကြီးလည်း အစောင့်တပ်သားတွေခေါ်ပြီးသူခိုးကြီးကိုဖမ်းဆီးလိုက်ပါတာပေါ့ကွယ်။
ဘုရင်ကြီးဟာ မျက်လှည့်ပွဲမှာ သူခိုးကြီးကိုလဲဖမ်းမိ ၊ မိဖုရားကြီးဆံထိုးလည်းပြန်ရတာမို့ ဝမ်းသာပြီးပေတိုးကိုကျေးဇူးတင်နေတာပေါ့ကွယ်။ အဲဒိနောက် မျက်လှည့်ဆရာလေး ပေတိုး ကို သူကောင်းပြုပြီးဆုလာဘ်တွေ ချလိုက်တယ်ကွဲ့ ။ အဒိလို သူ့ကြောင့်ပေတိုးကောင်းစားသွားတာကို မနာလို ၀န်တို ဖြစ်နေတဲ့ စွန်ကလေးဟာ မျက်လှည့်ပစ္စည်းတွေကို သူ့ ရစ်ဘီးနဲ့ ပျက်စီးအောင် လျှောက်တိုက်ပစ်သတဲ့။ အဲလိုလျှောက်တိုက်ပစ်ရင်း မမျှော်လင့်ဘဲ ရွှေသေတ္တာလေးကို တိုက်မိသွားပြီး စွန်ကလေး အဖြစ်ကနေ ပေဆိုး အဖြစ်ကို ပြန်ရောက်သွားပါရောတဲ့ကွယ်။ ၀န်တိုဒေါသစိတ် ကြီးနေတဲ့ ပေဆိုးဟာ သူ စွန်ကလေး ဘ၀ကနေ လူပြန်ဖြစ်သွားတာကိုတောင် သတိမထားမိဘဲ ပစ္စည်းတွေကို ဆက်လက်ကန်ကျောက်နေတယ်တဲ့ကွယ်။ အဒါကို မြင်သွားတဲ့ မျက်လှည့် ရုံစောင့်ဟာ ပေဆိုးကို ဆူပူပြီးရုံထဲက နှင်ထုတ်လိုက်တယ်တဲ့ကွယ်။
ပုံပြင်လေးကတော့ဒါပါပဲကွယ်။ ကလေးတို့ လဲပေဆိုးလိုအလွယ်လိုက်လိုစိတ်၊ မစဉ်းစားမဆင်ခြင်ဘဲ သူတပါးပစ္စည်းတွေကို တပ်မက်စိတ် ၊ အလိုစိတ်မျိုးတွေကို မထားရဖူးနော်။ ပေတိုးလို မိမိလိုချင်တာကို ကျားကုတ်ကျားခဲကြိုးစားပြီး ရယူလိုစိတ်၊ ပညာ ကိုမြတ်နိုးတန်ဖိုးထားတဲ့စိတ်၊ ရိုးရိုးကျင့်မြင့်မြင့်ကြံတဲ့အကျင့်တို့ ကို မွေးမြူအတုယူကြရမယ်နော်။
ဇူးထိုက်