သစ်ရွက်တွေနဲ့ ဆောက်တဲ့အိမ်

 

သစ်ရွက်တွေနဲ့ ဆောက်တဲ့အိမ်
ဟိုးရှေးရှေးတုန်းက ဖိုးနီဆိုတဲ့ကောင်လေး တစ်ယောက် ရှိသတဲ့။ သူဟာ အလွန်စိတ်ကူးယဉ်တဲ့ ကျွဲကျောင်းသားလေး ဖြစ်တယ်ကွဲ့ ။ ဖိုးနီရဲ့ သဌေးကျွဲရှင်ဟာ ဖိုးနီ အဒီလို စိတ်ကူးယဉ်တာကို မကြိုက်ဖူးတဲ့ကွယ်။ အလကားအပျင်းထူ ကာ တွေဝေငေးမောနေတယ်လို့ သာ ထင်သတဲ့ ။ အဒါကြောင့် ဖိုးနီ ကျွဲခြံမှာ ရှိတဲ့ တစ်ချိန်လုံး စိတ်ကူးယဉ်လို့ မရအောင် တဖျစ်တောက်တောက် မြည်တွန် ညည်းညူလို့ သာ နေသတဲ့။ အဒါကြောင့်ဖိုးနီဟာ ရွာပြင်လယ်တောထဲကိုသွားပြီး လယ်တောစပ်က သစ်ပင်ကြီး ကိုသာ မှီထိုင်ရင်းနဲ့  စိတ်ကူးယဉ်ရတာပေါ့ကွယ်။
တစ်နေ့မှာတော့ဖိုးနီဟာ သစ်ပင်ကြီးကို မှီထိုင်ပြီးစိတ်ကူးယဉ် ရင်း အိပ်ပျော်သွားပါရောတဲ့။ ညရောက်တဲ့အခါ အိပ်ပျော်နေတဲ့ ဖိုးနီကို လူပုလေးတစ်ယောက်က လာနှိုးသတဲ့။ လူပုလေးက
“မင်္ဂလာပါ ဖိုးနီ။ သင့်ကို စိတ်ကူးယဉ်တိုင်းပြည်က ကြိုဆိုပါတယ်” လို့ ပြောသတဲ့။
လူပုလေးစကားအဆုံးမှာပဲ ဖိုးနီမှီအိပ်နေတဲ့ သစ်ပင်ကြီးဟာ အမြစ်ကနေ ကြွတက်လာပြီး တဖြည်းဖြည်းမြောက်တက်သွားကာ ကောင်းကင်ပေါ်က တိမ်စိုင်တိမ်လိပ်တွေကြားထဲကို ရောက်သွားပါရောတဲ့။
ဖိုးနီလဲ သစ်ပင်ကြီးရဲ့ အကိုင်းအခက်တွေကို တွယ်ဖက်ရင်း သစ်ပင်ကြီးနဲ့ အတူ ပါသွားပါရောတဲ့ကွယ်။
သစ်ပင်ကြီးဟာ တိမ်စိုင်တိမ်လိပ်တွေပေါ်မှာ ခရီးသွားနေလိုက်တာ ကောင်ကင်ပေါ်က နန်းတော်ကြီးဆီအရောက်မှာတော့ တဖြည်းဖြည်း ရပ်တန့် သွားပါရောတဲ့ကွယ်။
ဖိုးနီ သစ်ပင်ကြီးပေါ်က ဆင်းလိုက်တာ နဲ့ တပြိုင်ထဲ ရဲတိုက်ကြီးထဲက လူပုလေးတွေ ထွက်လာပြီး ခရာတွေကို တီးမှူတ်ကာ ကြိုဆိုကြသတဲ့။ နောက် အကြီးအကဲ လူပုလေးတစ်ယောက်ထွက်လာပြီ
“ကျွန်ပ်တို့ အရှင်မင်းမြတ်ဟာ သမီးတော်ရဲ့ မွေးနေ့ အတွက် နန်းဆောင်လေးတစ်ခု ဖန်တီးဆောက်လုပ်ပေးဖို့ အလိုရှိနေပါတယ်။ ဒါကြောင့် စိတ်ကူး အယဉ်တတ်ဆုံးလူကလေးတွေကိုဖိတ်ခေါ်ပြီး ယှဉ်ပြိုင်စေမှာပါ။ သမီးတော် နှစ်သက် သဘောအကျဆုံးနန်းဆောင်ကို ဖန်တီးနိုင်သူကတော့ နှစ်သက်ရာ ဆု(၃) ဆုတောင်းခွင့် ရှိမှာ ဖြစ်ပါတယ် ” လို့ ပြောသတဲ့။
“အလှဆုံးနန်းဆောင်ဆောက်လုပ်ဖို့ အတွက် သင့်ကို အချိန်တစ်လ ပေးပါမယ်။ ဒီအချိန်တွင်းမှာ သင်နှစ်သက်ရာနေရာ ကို သွားရောက်ပြီး လိုအပ်တာတွေကိုစုဆောင်းရင်း နန်းဆောင် ဆောက်လုပ်ဖို့ သင်ပြင်ဆင်ပါ” လို့ပြောသတဲ့။
ထို့ နောက်လူပုလေးဟာ ဖိုးနီ နေထိုင်ဖို့  ရဲ တိုက်ထဲက အဆောင် တစ်ဆောင်ပေးပြီး အတူ ပြိုင်ပွဲဝင်မဲ့ သူတွေနဲ့ မိတ်ဆက်ပေးသတဲ့။ ပြိုင်ပွဲဝင်မဲ့သူတွေ ထဲမှာ ဘုရင့်သားတော်၊ သဌေးကြီးရဲ့ သား နဲ့ ကုန်သည်ကြီးသားတို့ လဲပါဝင်ကြသတဲ့ကွယ်။
သူတို့ တတွေဟာ ဖိုးနီကို ကျွဲကျောင်းသားလေးဆို ပြီး မချေမငံ နှိမ့်ချဆက်ဆံကြသတဲ့။
ဘုရင့်သားတော်က ဖိုးနီကို
“အသင် ကျွဲကျောင်းသား အသင် မယှဉ်ပြိုင်ပါနဲ့ တော့ ၊ သင့်စိတ်ကူးတွေဟာ ကျွန်ုပ်တို့ ရဲ့ ခမ်းနားတဲ့စိတ်ကူးတွေကို မှီနိုင်မှာ မဟုတ်ပါဖူး” လို့ ပြောသတဲ့။
သဌေးကြီးရဲ့ သားကတော့ “အသင်မယှဉ်ပြိုင်ရင် ကျွန်ုပ် သင့်ကို ရတနာတွေ ပေးပါ့မယ် သင့်တစ်သက်ဖူလုံစေမှာပါ” လို့ ဆွဲဆောင်သတဲ့။
ကုန်သည်ကြီးသားကတော့ “အသင့်စိတ်ကူးတွေဟာ တောခြုံတွေဆီက လာတာမို့  သမီးတော်ကို မုချ ရယ်မောစရာ ဖြစ်စေမှာပါ ” လို့ လှောင်ပြောင်သတဲ့။
သူတို့ တွေ လှောင်ပြောင်သရော်ကြပေမဲ့  ဖိုးနီက တော့ ဆိတ်ဆိတ်သာ နေသတဲ့။ ဒီလို နဲ့  နောက်တစ်နေ့ မနက်လင်းတဲ့အခါမှာတော့ သူတို့ အားလုံးဟာ နန်းဆောင်ဆောက်လုပ်ဖို့ ရာ လိုအပ်တာတွေ စုဆည်းဖို့  နေရာ အသီးသီး ကို ထွက်ခွာသွားကြပါရောတဲ့။
ဘုရင့်သားတော်ဟာ လစန္ဒာဆီ သွားသလို ၊ သဌေးကြီးရဲ့ သားဟာ ကြယ်စုတွေဆီသွားပြီး ၊ ကုန်သည်ကြီးရဲ့ သားကတော့ သက်တန့် နတ်သမီးဆီသွားကာ အကူအညီတောင်းသတဲ့။ ဖိုးနီကတော့ နန်းတော် အနောက်ဖက်က တောအုပ်လေးထဲကို သွားပြီးနှင်းဆီ ခြုံတွေ နားမှာ ထိုင်ရင်း စိတ်ကူးယဉ်သတဲ့။
ဒါပေမဲ့ ဖိုးနီဟာ စိတ်ကူးယဉ်သော်လည်း တော်တော်နဲ့ စိတ်ကူးမထွက်ဖူးတဲ့ကွယ်။ ဒါနဲ့  သူလုပ်နေကြအတိုင်း ကျွဲကျောင်းရင်သုံးတဲ့ ပုလွေလေး ထုတ်ကာ မှူတ်သတဲ့။ ဖိုးနီရဲ့ ပုလွေသံချိုချိုလေး ကို ကြားရတဲ့အခါ နှင်းဆီခြုံပင်က နှင်းဆီပွင့်လေးတွေဟာ ပွင့်အာလာကြပြီး စမ်းချောင်းလေးထဲက ရေနတ်သမီးလေး တွေကလည်း ကခုန် ကြသတဲ့။ တောစောင့်နတ်သမီးလေးကလည်း ပုလွေသံ ချိုလေးကို နှစ်သက်တာကြောင့်လာနားထောင်သတဲ့။ အဲဒီနောက် ဖိုးနီဟာလည်းစိတ်ကူးဥာဏ်တွေကွန့် မြူးလာပြီး သစ်ရွက် အိမ်လေး တစ်လုံးဆောက်ချင်လာပါရောတဲ့
သစ်ရွက်အိမ်လေး ဆောက်ဖို့ ရာ ရောင်စုံသစ်ရွက်လေးတွေလိုအပ်တာကြောင့် တောထဲက သစ်ပင် ကြီးငယ်တွေဆီက နေ သစ်ရွက်လေးတွေ ခူးဆွတ်ဖို့ ခွင့်ပန်သတဲ့။ သစ် ခက်တွေ ကလည်း ဖိုးနီ ရဲ့ ပုလွေသံလေးကို နှစ်သက်သဘောကျတာကြောင့် သူတို့ ဆီက အလှဆုံး ရောင်စုံသစ်ရွက်လေးတွေကို သစ်ရွက်အိမ်လေးဆောက်ဖို့ အတွက်ပေးကြတယ်တဲ့ကွယ်။ သစ်ရွက်အိမ်လေးရဲ့ ခေါင်တိုင် အဖြစ်ထောက်မထားဖို့ အတွက်ကတော့ နှင်းဆီ နွယ်တွေက ရစ်ပါတ်ပြီး တိုင်ထူပေးကြသတဲ့ကွယ်။အိမ်ကလေးရဲ့ ကြမ်းခင်းအဖြစ်တော့ ဖိုး နီဟာနေကြာပွင့်ချပ်တွေကို ခင်းကျင်းပြီးလှပတဲ့ ကော်ဇောလေးတစ်ခု ချူပ်သတဲ့ကွယ်။
အဲဒီနောက် တောစောင့်နတ်သမီးဟာ ဖိုးနီရဲ့ အိမ်ကလေးကို ပိုးစုန်းကြူးတစ်သိုက်ခေါ်လို့  တဖိတ်ဖိတ်တလက်လက် တောက်ပအောင် အလင်းဆောင်စေသတဲ့ကွယ်။ ရေနတ်သမီးလေးတွေကလည်း အိမ်ကလေးရဲ့ ပြတင်းတံခါးတွေမှာ အလှဆင်ဖို့  ရေစက်ရေပေါက်လေးတွေကို ပိုးမျှင်လေးတွေနဲ့ သီကုံးကာ အလှဆင်ပေးကြသတဲ့။ အားလုံးပြီးဆုံးတဲ့အခါမှာတော့ဖိုးနီဟာ ကြာဖြူပွင့်ကြီးတစ်ပွင့် ကို ခူးပြီး သမီးတော်လေးအတွက် သလွန်အဖြစ် ခင်းကြင်းထားပေးသတဲ့ကွယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ပြိုင်ပွဲကြီး နီးလာပါရောတဲ့။ ဘုရင့်သားတော်၊ သဌေးကြီးသား နဲ့  ကုန်သည်ကြီးသားတို့ ဟာ သူတပါးရဲ့ စိတ်ကူးအကြံဥာဏ်တွေကိုယူကာ ခန်းနားလှပတဲ့ ပြသာဒ်ကြီးတွေကို အပြိုင်အဆိုင်ဆောက်လုပ်နေကြတာပေါ့ကွယ်။ ဖိုးနီကတော့ သူ့ သစ်ရွက်အိမ်လေးကိုပဲ အလင်းဝင်ထွက်ပေါက်ကအစ ဆန်းကြယ် လှပနေအောင် စိတ်ကူးထုတ်ပြီး ကောင်းသထက်ကောင်းအောင် လှသထက် လှအောင် ဆောက် လုပ်သတဲ့ကွယ်။
ပြိုင်ပွဲကို ရောက်တဲ့အခါမှာတော့ ဘုရင့်သားတော်ဟာ သူ့ ရဲ့ ခန်းနားလွန်းတဲ့ ပြသာဒ်ကြီးကို သမီးတော်လေးအတွက် နန်းဆောင် အဖြစ် ပေးအပ်သတဲ့။ ဒါပေမဲ့ သမီးတော်လေးဟာ
“သင့် နန်းဆောင်ဟာ ခန်းနားလွန်းပေမဲ့ ကျွန်ုပ်ရဲ့ စိတ်ကို နူးညံ့အေးမြအောင် မလုပ်ပေးနိုင်ပါဖူး ။ ဒါကြောင့်မရွေးချယ်ပါရစေ နဲ့ လို့ သာ ပြောသတဲ့”
သဌေးကြီးရဲ့ သားကတော့ ကြယ်တွေပေးတဲ့အကြံဥာဏ် အတိုင်း တဖိတ်ဖိတ် တလက်လက်ထနေတဲ့ ရတနာ နန်းတော်ကြီးကို ပြသတဲ့။
ဒါပေမဲ့ သမီးတော်လေးဟာ “တောက်ပလွန်းတာကြောင့် မျက်လုံးတွေ ကျိန်းစပ်လွန်းလှပါတယ်”လို့ ပြောပြီးငြင်းပယ်လိုက်သတဲ့ကွယ်။
ကုန်သည်ကြီးရဲ့ သားဟာ သက်တန့် နတ်သမီးရဲ့ စိတ်ကူးအတိုင်း ရောင်စုံနန်းတော်ကြီး ဆောက်လုပ်ထားသတဲ့။သမီးတော်လေး ဟာ အရောင်တွေစုံနေတဲ့ နန်းတော်ကြီးကို ကြည့်ပြီး မူးဝေပြီးတောင်လာလို့  ချက်ချင်းပဲ ငြင်းဆန်လိုက်သတဲ့ကွယ်။
အဒိနောက်မှာတော့ ဖိုးနီ ဟာ သမီးတော်လေးကို တရိုတသေ ဦးညွတ်ပြီး သူ့ ပုလွေလေးကို ထုတ်ကာ အသာအယာ မှုတ်လိုက်သတဲ့။ အဒီလို မှူတ်လိုက်ရင်ပဲနန်းတော်အနောက် ဖက် တောအုပ်လေးထဲက ငန်းရိုင်းဖြူကြီးတွေဟာ လှပလွန်းတဲ့ ပန်းရထားလုံးလေးကို သယ်ဆောင်ပြီး ပျံသန်းလာပါသတဲ့။
“သမီးတော် လေးအတွက် နန်းဆောင်ဟာ တောအုပ်လေးထဲမှာ ရှိတာကြောင့် လိုက်ကြည့်စေလိုပါတယ်”လို့  ပြောလိုက်သတဲ့။ သမီးတော်လေး ပန်းရထားလုံးလေး ပေါ်ကို တက်လိုက်တာ နဲ့  ဖိုးနီဟာ ရထားလုံးလေးကို မောင်းနှင်လိုက်ပြီး တောအုပ် လေးထဲကို ခေါ်ဆောင်သွားတာပေါ့ကွယ်။
နေညိုချိန်ဖြစ်တာကြောင့် ရွှေရောင်တွေ တဖိတ်ဖိတ် ထနေတဲ့ ရောင်စဉ်တွေဟာ ပိုးစုန်းကြူးတို့ ရဲ့ အလင်းနဲ့ ပေါင်းစပ်ပြီး သစ်ခက်အိမ်ကလေး ကို တောက်ပနေစေသတဲ့။ အိမ်လေးထဲမှာလည်း နှင်းဆီခေါင်တိုင် က လှပတဲ့နှင်းဆီပန်းတွေ ကြောင့် မွှေးကြိုင်သင်းပျံ့လို့ နေသတဲ့။ အိမ်လေးအနီးက စမ်းချောင်းလေးကလည်းတသွင်သွင် စီးဆင်းနေပြီး ရေနတ်သမီးလေးတွေကလည်း တစ်ယောက် နဲ့ တစ်ယောက် ကျီစယ်ဆော့ကစားနေကြသတဲ့ကွယ်
လှပ သာယာလွန်းတာကြောင့် သမီးတော်လေးဟာ သစ်ရွက်အိမ်လေးထဲ ၀င်သွားပြီး နေကြာပွင့်ချပ်တွေနဲ့ စိတ်ရှိလက်ရှိဆော့ကစားနေပါရောတဲ့။ သမီးတော်လေးဟာ ပန်းပွင့်လေးတွေနဲ့ ဆော့လိုက် ပုလွေသံလေးနဲ့ ကလိုက်နဲ့  အလွန်ကြည်နူးပျော်ရွှင်နေ ပါရောတဲ့ကွယ်။
အဒိနောက် သမီးတော်လေးဟာ သူ့ ရဲ့ နန်းဆောင်အဖြစ် ဖိုးနီ ရဲ့ သစ်ရွှက်အိမ်ကလေးကို ရွှေးချယ်လိုက်တာပေါ့ကွယ်။
သမီးတော်လေးအတွက် နန်းဆောင် လေးရသွားတာကြောင့် ဘုရင်ကြီးဟာ ဖိုးနီကို အလိုရှိရာ ဆု (၃) ခုတောင်းစေသတဲ့ကွယ်။
ဒါပေမဲ့ သူ့ စိတ်ကူးထဲက သစ်ရွက်အိမ်လေးကိုဆောက်လုပ်ခွင့်ရသွားတာကို ပဲ ပျော်ရွှင်ကြည်နူးနေတဲ့ ဖိုးနီဟာ ဘာဆုတွေ ကို တောင်းရမှန်း တကယ်ကို မသိပါဖူးတဲ့။ သူဟာ စိတ်ကူးယဉ်ဖို့  အိမ်လေး ပြီးအောင် ဆောက်ဖို့ အတွက်ပဲ စဉ်းစားဖြစ်ခဲ့တာကြောင့် ပြိုင်ပွဲမှာ အနိုင်ရဖို့  ဆုတွေတောင်းဖို့ ဆိုတာတွေကို မေ့နေခဲ့တယ်တဲ့ကွယ်။
ဒါကြောင့် ဖိုးနီဟာ ရိုးသားစွာနဲ့ ပဲ ဘုရင်ကြီးကို သူဘာဆုတွေတောင်းရမှန်း မသိပါဖူးလို့  ရိုးသားစွာပြောသတဲ့။
ဒီအခါ ဘုရင်ကြီးက “ကောင်းပြီ ဒါဆို ကျွန်ုပ်ကပဲ ဆု(၃)ဆု ပေးပါ့မယ် ၊ အမောင် အိမ်ပြန်ချေပါ။ အိမ်ရောက်ရင် ကျွန်ုပ်ပေးတဲ့ဆုတွေကို ရပါလိမ့်မယ်” လို့ ပြောသတဲ့။ ဘုရင်ကြီး စကားဆုံးတာနဲ့ ဖိုးနီဟာ အိပ်မောကျသွားပြီး နိုးလာတဲ့အခါမှာတော့ လယ်တောစပ်ကို ပြန်ရောက်နေသတဲ့ကွယ်။ သူ့ ခြေရင်းမှာလည်း တဖိတ်ဖိတ်တောက်ပနေတဲ့ ရတနာတွေအပြည့်ထည့်ထားတဲ့ရတနာ သေတ္တာလေး တစ်လုံး ရောက်နေသတဲ့ကွယ်။ သေတ္တာလေးပေါ်မှာတော့ “ပထမ ဆု” လို့ ရေးထားသတဲ့။ အဒိနောက် ဖိုးနီဟာ လူးလဲထပြီး ကျွဲခြံကို ပြန်သွားပါရောတဲ့။ ဒါပေမဲ့ ကျွဲခြံမှာ ကျွဲရှင်ကို မတွေ့ ရတော့ဖူးတဲ့။ ဘာလို့ လဲဆိုတော့ ဖိုးနီကို ပြည့်ရှင်မင်းက နန်းတွင်းမှာ နန်းဆောင်တွေဆောက်လုပ်ဖို့  ၀န်မင်းအဖြစ်ခန့် အပ်လိုက်တာကြောင့် အမှာစာပါးတဲ့ မင်းချင်း တစ်သိုက်ကို သာ တွေ့ ရလို့ တဲ့ကွယ်။ အဒိနောက် ဖိုးနီဟာ နန်းတော်ကို လိုက်သွားဖို့  ရထားလုံးပေါ်ကို တက်လိုက်တာ နဲ့  ရထားလုံးပေါ်မှာ ချိုမြတဲ့အပြုံးတွေနဲ့ ထိုင်နေတဲ့ သမီးတော်လေးကို တွေ့ မြင်လိုက်ရသတဲ့ကွယ်။ သမီးတော်လေးက အံ့သြ၀မ်းသာနေတဲ့ ဖိုးနီကို “ကျွန်ုပ်က တတိယဆုပါအရှင်လို့ ” ပြောလိုက်သတဲ့ကွယ်။
အဲဒိနောက်မှာတော့ ဖိုးနီဟာ တစ်နိုင်ငံလုံးမှာ အကျော်ကြားဆုံး အလှပဆုံး နန်းဆောင်တွေကို ဆောက်လုပ်ဖန်တီးသူ ဖြစ်လာပါတယ်တဲ့။ သမီးတော်လေးနဲ့ လဲ လက်ထပ်ကာ သေတပန်သက်တစ်ဆုံးပျော်ရွှင်စွာပေါင်းဖက်သွားကြတယ်တဲ့ကွယ်။
ပုံပြင်လေးကတော့ဒါပါပဲကွယ်..ကလေးတို့ လည်း ဖိုးနီလို စိတ်ကူးယဉ်ကြရမယ်နော်။ မိမိစိတ်ကူးလေးတွေကိုလည်း တန်ဖိုးထားကြရမယ်။ အဒီလိုပဲ သူများစိတ်ကူးတွေကို လည်း အထင်မသေး လျော့မတွက်ပဲ တန်ဖိုးထားကြရမယ်နော်။ သူများတကာကိုလည်း အပေါ်ယံ အမြင်နဲ့ တင် အကဲဖြတ်လှောင်ပြောင်တာမျိုးကို ရှောင်ရှားကြရမယ်နော်။ လှပ ခန်းနားလွန်းတာဟာလည်း ရိုးစင်းလှပမှူကို အမြဲ မစိုးမိုးနိုင်ဖူးဆိုတာလည်း သိထားရမယ်ကွယ့်…။ ဇူးထိုက်