ကြွက်ကလေးနီနီ

ဟိုးရှေးရှေးတုန်းက နီနီဆိုတဲ့ကြွက်ကလေးတစ်ကောင် ရှိတယ်။ နီနီဟာ သိပ်လိမ္မာတဲ့ကြွက်ကလေးပေါ့ကွယ်။ နီနီဟာ မေမေကြွက် ၊ မမ ကြွက်တို့ နဲ့ တူတူ ဗံဒါပင်ကြီးတစ်ပင်အောက်က သူတို့ အိမ်သေးသေးလေးမှာ နေတယ်။ နီနီဟာ မနက်တိုင်း ဗံဒါပင်ကြီးရဲ့ မနီးမဝေးမှာရှိတဲ့ ကွင်းပြင်ကြီးထဲ ကို ဖြတ်ပြီးအစာရှာထွက်လေ့ရှိတယ်။ မနက်ခင်း နေရောင်ခြည်အောက်မှာ လေညှင်းလေးတိုက်ခတ်တာကြောင့် ယိမ်းနွဲ့ နေတဲ့ ရိုးပြတ်တွေကို ဖြတ်ပြီးကန်သင်းရိုးပေါ်မှာ လှပတဲ့ ရှုခင်းကို ငေးလေ့ရှိတယ်။ တစ်နေ့ မှာတော့ နီနီဟာ အစာရှာထွက်ရင်း ရိုးပြတ်ထဲမှာ အခြား ကြွက်ကလေး ၂ကောင် နဲ့ ဆုံတယ်။ ကြွက်ကလေး ၂ကောင်က သူတို့ ဟာ ဖိုးတုတ် နဲ့ ဖိုးကုတ်ဖြစ်ကြောင်း သူတို့ ဟာ ရိုးပြတ်ရဲ့ တစ်ဖက်မှာ ရှိတဲ့ ရွာမှာ နေကြတာဖြစ်ကြောင်း ပြောပြတယ်။ ဖိုးကုတ်နဲ့ ဖိုးကုတ်ဟာ နီနီ နဲ့ စကားစမြည်ပြောရင်း မိတ်ဆွေတွေဖြစ်သွားကြပါရောကွယ်။ ဒီလိုနဲ့ နီနီ ဟာ အစာရှာပြီး အိမ်ပြန်လာတဲ့အခါမှာတော့ ဖိုးတုတ် နဲ့ ဖိုးကုတ်ကို အိမ်လည်ခေါ်ခဲ့ တယ်။ ဖိုးတုတ် နဲ့ ဖိုးကုတ်တို့ ဟာ အမှန်တော့မရိုးသားဖူးကွယ့်။ သူတို့ဟာ နီနီ အစာရှာကောင်းတာ ကို မြင်ပြီး နီ နီ့ ကို ရွာ ထဲခေါ်သွားဖို့ ကြံစည်နေကြတာကွဲ့ ။ ဒါနဲ့  ရွာထဲမှာ အစာတွေ ဘယ်လိုပေါကြောင်း ၊ အစားအသောက်ကောင်းတွေ ရှိကြောင်း ၊ အစာရှာရ အင်မတန် လွယ်ကြောင်းတွေ နီနီ အားကျအောင် ပြောကြဆိုကြတယ်။ နီနီကတော့ အစားအစာကောင်းတွေ ပေါများတာ ကို နားယောင်ပြီး ရွာကို လိုက်သွားချင်လာတာပေါ့ကွယ်။ ဒါကြောင့်မေမေရေ သား ရွာထဲမှာသူငယ်ချင်းတွေ နဲ့ လိုက်သွားပြီးအစာသွားရှာပါရစေနော်လို့ ခွင့်တောင်းတယ်။
မေမေက “သားလေး နီနီရေ ရွာဆိုတာ လူတွေအင်မတန်ပေါများတဲ့နေရာကွဲ့ ၊ လူတွေပေါများတာကြောင့် အန္တရာယ်လဲများတယ် မသွားပါနဲ့ ကွယ်၊ မေမေ တို့ ရိုးပြတ်ထဲမှာ လည်း အစာတွေ ရှိပါတယ်သားရယ်” လို့ တားတယ်။ ဒါပေမဲ့ နားယောင်နေတဲ့ နီနီဟာ လိုက်သွားချင်နေတာပေါ့ကွယ်။ ဒါကို ရိပ်မိတဲ့ ဖိုးတုတ် နဲ့ ဖိုးကုတ်က..” နီနီရေ တို့ကိုခင်ရင်လိုက်ခဲ့ပါကွာ”လို့ ဆွဲဆောင်တယ်။ နီနီက လိုက်ချင်ပါတယ်သူငယ်ချင်းရယ်၊ ငါလိုက်သွားရင် မေမေ က စိတ်ဆိုးလိမ့်မယ်လို့ ပြောရှာတယ်၊ “ဖိုးကုတ်က နီနီ မင်း က ငကြောက် တစ်ကောင်ပဲကွ မင်း မစွန့် စားရဲ ဖူးမလား” လို့ မခံချိမခံသာအောင်ပြောတဲ့အခါ။ နီနီ က “အိုး ငါရဲရင့်တာပေါ့ ငါ ရိုးပြတ်ထဲက မြွေကြီးနဲ့ တောင် စိန်ပြေးလိုက်တမ်းကစားခဲ့ ဖူးတယ်” လို့ ပြန်ပြောသတဲ့ ။ ဖိုးကုတ်က “’ဒါဆို မင်း အန္တရာယ်တွေ ရှောင်နိုင်ပါတယ်ကွာ မင်းမေမေ က အလကားစိတ်ပူနေတာပါ။ ငါတို့ နဲ့ သာ လိုက်ခဲ့စမ်းပါ” လို့ ပြောတော့ နီနီလဲမငြင်းသာတော့ပဲ ဖိုးကုတ်တို့ အပြန်မှာ မေမေ မသိအောင်တိတ်တိတ်လေး လိုက်သွားပါရောတဲ့ကွယ်။
ဒီလိုနဲ့ နီနီတို့ သုံးယောက်ဟာ ရိုးပြတ်ကွင်းပြင် ကို ဖြတ်ပြီးခရီးနှင်လာခဲ့တယ်။ လမ်းမှာ တာရိုးပေါ်မှာ ဒဏ်ရာရနေတဲ့ သပိတ်လွယ်ငှက်ကလေး တစ်ကောင်ကိုတွေ့ တဲ့အခါ နီနီက ငှက်ကလေးရေ မင်း ဒဏ်ရာ ကို ငါကုသပေးပါ့မယ်ကွယ်လို့ ပြောတယ်။ ဖိုးကုတ် နဲ့ ဖိုးတုတ်တို့ က အချိန်မရှိဘူး နီနီ ငါတို့ ရွာကို အရောက်သွားကမယ်။ မင်း ဒီငှက်ကို ပြုစုနေဖို့ မကောင်းဖူးလို့ တားသတဲ့။ ဒါပေမဲ့ နီနီကလည်း သပိတ်လွယ်လေး ကို ပစ်မထားခဲ့ရက်ဖူးတဲ့ကွယ်။ ဒါနဲ့ ခဏလေးစောင့် ခိုင်းပြီး သပိတ်လွယ်လေး အနာ ကို ဗီးဇပ်ရွက်လေးတွေ အုံ ၊ ပိန်းရွက်ကလေး နဲ့ ချောင်းထဲကရေလေးတွေခပ်..သူ့ စုဆောင်းထားတဲ့ စပါးနှံခြောက်လေးတစ်ချို့ ခွဲဝေပြီး ငှက်ကလေးနားမှာ ချ ထားကာ ခရီးဆက်ထွက်လာပါရောတဲ့ကွယ်။ လမ်းမှာ ကျောက်တုံးကြားခြေညပ်နေတဲ့ ခွေးလေးတစ်ကောင် ကို ထပ်တွေ့ တယ်။ ခွေးလေးဟာ ခြေထောက်ထုတ်လို့ မရလို့ ညည်းညူနေရှာတယ်ကွဲ့ ။ ဖိုးတုတ်နဲ့ ဖိုးကုတ်ဟာ ခွေးလေးကို ပြောင်လှောင်ပြီး အလျှင်အမြန်ဆက်လျှောက်သွားကြတယ်။ နီနီက မနေသာပဲ “ငါ ခွေးလေးခြေထောက်ကို သက်သာသွားအောင်လုပ်ပေးချင်တယ်ကွာ” လို့ ပြောသတဲ့။ ဒီအခါမှာတော့ ဖိုးတုတ် နဲ့ ဖိုးကုတ်တို့ က အပြင်းအထန်တားမြစ်တယ်ကွဲ့ ။ “ခွေးဆိုတဲ့အမျိုးဟာ မကောင်းပါဘူးကွာ…. သူ့ ခြေထောက်လွတ်တာ နဲ့ ငါတို့ ကို လိုက်ကိုက်လိမ့်မှာကွ..ငါတို့ တော့ ပြေးကလိမ့်မှာ” ဒါပေမဲ့ နီနီက ခွေးကလေးကို ကယ်ချင်နေရှာတယ်။ ဒါနဲ့ ဖိုးတုတ်တို့ ကို ဘယ်လိုမှညှိလို့ မရတဲ့အဆုံး မင်းတို့ သွားနှင့်ပါ။ ငါ ခွေးကလေးခြေထောက်ကို လွတ်အောင်လုပ်ပေးပြီးလိုက်ခဲ့ပါ့မယ်လို့ ပြောပြီးခွေးလေးဆီပြန်သွားသတဲ့။ ခွေးလေးဆီရောက်တဲ့အခါ ကျောက်တုံးအောက်က မြေကျစ်စာခဲတွေကို နီနီကယက်ထုတ်တယ်…နောက်ဆုံးမှာတော့ မြေကျစ်စာခဲတွေကြောင့်ကျောက်တုံးအောက်က ချောင်ကျသွားပြီးခွေးကလေးခြေထောက်လွတ်သွားတယ်။ နီနီလည်းခွေးလေးခြေထောက်လွတ်သွားတာနဲ့ ခြုံထဲပြေးဝင်ပြီး မြေကျင်းထဲကတဆင့် ဖိုးတုတ်တို့ သွားရာဖက်ကို အပြင်းနှင်ကာ လိုက်သွားတော့သတဲ့။ခွေးကလေးကတော့ သူ့ ကယ်တင်ရှင် နီနီ့ ကို မျှော်ကြည့်ရင်းကျန်ရစ်ခဲ့တယ်ကွဲ့ ။ နီနီလာ ခရီးနှင်လာရင်းဖိုးတုတ်တို့ ဖိုးကုတ်တို့ နဲ့  ပြန်ဆုံသတဲ့။ ဒီလိုနဲ့ခရီးဆက်ရင်း နီနီ ၊ ဖိုးတုတ် ၊ ဖိုးကုတ်တို့ ဟာ ရွာ ထဲကိုရောက်လာသတဲ့။ ရွာထိပ်ရောက်တာ နဲ့ ဖိုးတုတ်ဖိုးကုတ်တို့ ဟာ မှောင်ထဲကို ပြေးခိုလိုက်ကြတယ်။ နီနီက နားမလည်နိုင်ပဲ ဖိုးတုတ်ရေ ဖိုးကုတ်ရေ လို့ ခေါ်တော့ ။ ဖိုးတုတ် က “ရှူးတိုးတိုး နီနီ အမှောင်ထဲကို လာခဲ့ မင်းကို လူတွေမြင်လို့ မဖြစ်ဖူးလို့ ပြောသတဲ့” နီနီက နားမလည်နိုင်ပဲ ဖိုးတုတ်ကို ပြန်ကြည့်တော့ ဖိုးတုတ်က “ပြီးမှ ငါ ပြောပြမယ်ကွာ..လာဒို့ ခုအစာသွားရှာကြရအောင်လို့ ” ပြောပြီးထွက်သွားကြပါရောကွယ်။ နီနီလဲဖိုးတုတ်တို့ နောက်ကလိုက်သွားတာပေါ့ကွယ်။ ဖိုးတုတ် နဲ့ ဖိုးကုတ်ဟာ အိမ်ကြို အိမ်ကြားတွေထဲကွေ့ ပါတ်သွားရင်း အိမ်ကြီးတစ်လုံးထဲကို ၀င်သွားကြတယ်။ အိမ်ကြီးရဲ့ နောက်ဖေးခန်းထဲအရောက်မှာတော့ သူတို့ ဟာ ချောင်ထဲမှာကုပ်နေကြပြီး တိုင်ပင်ကြသတဲ့။ ဖိုးကုတ်က “ကဲနီနီ ဒါမင်းပထမဆုံးစွန့်စားခန်းပဲ…ဟောဟိုစားပွဲပေါ်က ငါးကြော်ကြီးကိုမြင်လား…အဲဒီငါးကြော်ကြီးကို တိတ်တိတ်လေးဆွဲယူလာခဲ့ကွာလို့ ပြောတယ်။” နီနီက ငါတို့ ခိုးယူနေသလို ဖြစ်နေမှာပေါ့ကွ ဖိုးကုတ်ရလို့ ပြောတော့.. ဖိုးကုတ်က…ဟာ ဒါစွန့် စားခန်းကွ နီနီရ ..ဘာလဲမင်းမစွန့် စားရဲဖူးလား.. မင်းကြောက်နေတာမလားလို့ ပြောတော့ နီနီက..”ကောင်းပြီလေ ငါသွားယြူုပမယ်…ကြည့်နေဆိုပြီးသွားယူသတဲ့ နီနီလည်း ချောင်ထဲကနေ နံရံကပ်ပြီး ငါးကြော်ကြီးတင်ထားတဲ့စားပွဲနားကို တိတ်တိတ်လေးကပ်သွားတာပေါ့ကွယ်။ စားပွဲနားလည်းရောက်ရော ..ငါးကြော်ကြီးကို လက်လှမ်းနေတုန်း စားပွဲဘေးကြောင်အိမ်ပေါ်မှာ အိပ်ပျော်နေတဲ့ ကြောင်ဝတုတ်ကြီးကို သတိထားမိသွားပါရောတဲ့။ နီနီက ဖိုးတုတ်တို့ ကို လှမ်းကြည့်တယ်။ ဖိုးတုတ်နဲ့ ဖိုးကုတ်က .. ဒီကောင်ကြီး အပျင်းကြီးပါကွာ…ငါးကြော်ကြီးသာ မြန်မြန်ဆွဲခဲ့ ဆိုပြီးအချက်ပြ တယ်။ နီနီလဲ ကြောက်ကြောက် နဲ့ ငါးကြော်ကြီးကိုလှမ်းဆွဲလိုက်တာ…ငါးကြော်ပန်းကန်ကြီးမှောက်သွားပြီး ကြောင်ကြီးလဲ လန့် နိုးသွားပါရောကွယ်။ ကြောင်ဝတုတ်ကြီးက နောက်ကလိုက် …ဖိုးတုတ်၊ ဖိုးကုတ် နဲ့  နီနီတို့ က ရှေ့ က ပြေးလိုက်ကြတာ… မြောင်းကြီးတစ်ခုလဲရောက်ရော နီနီဟာ မြောင်းကြီးထဲပြုတ်ကျသွားပါရောတဲ့ကွယ်။ ဖိုးတုတ် နဲ့ ဖိုးကုတ်တို့ ဟာ နီနီ့ ကို မကယ်ဖူးတဲ့။ သူတို့ ဟာ နီနီ့ ကို လှည့်တောင်မကြည့်ပဲ ဆက်ပြေးသွားလိုက်ကြတာ..မြင်ကွင်းက တောင်ပျောက်သွားပါရောတဲ့ကွယ်။ မြောင်းပေါ်ကိုဘယ်လိုတက်ရမှန်းလဲမသိ ဗိုက်ကလဲဆာ နဲ့  နီနီဟာ မြောင်း ရေစပ်စပ်ထဲမှာ ငုတ်တုတ်လေးထိုင်ရင်း သူ့ ရိုးပြတ်ထဲက အိမ်ကို လွမ်းမိသတဲ့ … တဆက်ထဲ … မေမေ့စကားသာ နားထောင်ရင် ငါ ဒီလို စိတ်ညစ်ရမှာမဟုတ်ဖူးလို့ လဲတွေးမိပြီးဝမ်းနည်းနေရှာသတဲ့။ အဒိအချိန်မှာ သပိတ်လွယ်ငှက်ကလေးတစ်ကောင်ဟာ မြောင်းဘေးသစ်ပင်ပေါ်ကနေပြိးနီနီ့ ကိုလှမ်းခေါ်သတဲ့… နီနီရေ ငါ ကတော့ ရိုးပြတ်ထဲမှာ မင်းကယ်ခဲ့တဲ့ သပိတ်လွယ် ငှက်ကလေးပါကွယ်… ခု မင်း ကို ပြန်လာကယ်ပါ့မယ်။ သစ်ကိုင်းခြောက်လေး မင်းအတွက် ငါ ချပေးလိုက်ပါ့မယ်…မင်း သစ်ကိုင်းခြောက်လေးကို ဖက်ပြီး မြောင်းပေါ်တက်ခဲ့ပါတော့ကွယ်လို့ ပြောတယ်။ သပိတ်လွယ်လေးချပေးတဲ့ သစ်ကိုင်းခြောက်လေးကို ဖက်ပြီးတက်လာလိုက်တာ နီနီဟာ မြောင်းနခမ်းပေါ်ရောက်ပါရောတဲ့ ..မြောင်းနခမ်းပေါ်လဲရောက်ရော..မြောင်းပေါ်မှာ စောင့်နေတဲ့ကြောင် ကြီးဟာ နီနီ့ ကိုလိုက်ဖမ်းပါရောတဲ့ကွယ်။ နီနီလဲပြေးလိုက်တာ ..ပြေးလိုက်တာ..ရွာထိပ်ရောက်တဲ့ထိပါပဲကွယ်..နောက်ဆုံးရွာထိပ်အရောက်မှာ နီနီဟာ မောလွန်းလို့ မပြေးနိုင်တော့ပါဘူးတဲ့… မောလွန်းလို့ ကုတ်ကုတ်လေး ဖြစ်နေတဲ့ နီနီ့ ကိုကြောင်ကြီးက ဖမ်းမိသွားပြီးခုတ်ခါနီးဆဲဆဲမှာ ပဲ ရွာစည်းရိုးအောက်ကနေ ၀င်လာတဲ့ခွေးတစ်ကောင်ဟာ ကြောင်ကြီးကို ဟိန်းဟောက်ပြီးလိုက်ကိုက်သတဲ့။ ကြောင်ကြီးလဲထွက်ပြေးသွားပါရောကွယ်။ ခွေးလေးဟာ နီနီ့ ဆီပြန်လာပြိး ငါခြေနာနေတုန်းမင်းကယ်ခဲ့လို့ ခုလို ငါ ရွာထဲကို ပြန်လာနိုင်တာပါ။ ရွာထဲမှာ အန္တရာယ်များပါတယ်။ မင်း ရိုးပြတ်ကွင်းပြင်ဆီမှာ အေးချမ်းပါတယ်ကွာ လို့ နီနီ့ ကိုပြောပြီး ရိုးပြတ်ကွင်းပြင်ထိရောက်အောင်နီနီ့ ကိုလိုက်ပို့ သတဲ့။ နီနီလဲ အသိတရားရပြီး ရိုးပြတ်ကွင်းပြင်ကိုဖြတ်လာလိုက်တာ… မနက်လင်းတဲ့အချိန်ရောက်တဲ့အခါ အိမ်နားကို နီးပါပြီတဲ့။ မနက်လင်းချိန်မှာ ထွက်လာတဲ့ နေမင်းကြီးကို ကြည့်ရင်း လေပြေညှင်းလေးမှာ လွင့်နေတဲ့ ရိုးပြတ်တွေကို ကြည့်ရင်း နီနီဟာ လယ်တော ကို ဘယ်တော့မှ ထပ်မခွဲခွာသွားတော့ဖူးလို့ တွေးရင်း သူ့ အိမ်ကလေးရှိရာ ဗံဒါပင်ကြီးဆီကို ပျော်ပျော်ရွှင်ရွှင်ဆက်လျှောက်သွားပါတော့တယ်။ ကဲပုံပြင်လေး ကတော့ ဒါပါပဲကွယ် ကလေးတို့ လဲ ဖိုးတုတ် နဲ့ ဖိုးကုတ် တို့ လို သူငယ်ချင်းဆိုး ၊ သူငယ်ချင်းမိုက်တွေကို ရှောင်ရှားရမယ်နော်။ သူများမြှောက်ပေးတိုင်း ၊ မခံချင်အောင်ပြောတိုင်းလဲ မမြောက် ၊ မကြောက် ပဲ ဥာဏ် နဲ့ ယှဉ်လို့လုပ်သင့်လား မလုပ်သင့်လားစဉ်းစားရမယ်ကွယ့်။ ဘုရားဟောတဲ့မင်္ဂလာတရားတော်လာအတိုင်း အသေ၀လာစ ဗာလာနံဆိုတဲ့ လူဆိုးလူမိုက်တွေကို ရှောင်ကြဉ်ရင်း ပျော်ရွှင်ငြိမ်းချမ်းစွာ နေထိုင်ကြရမယ်နော်။

ဇူးထိုက်