“မိခင်နို့တိုက်ကျွေးခြင်းရဲ့ အကျိုးကျေးဇူးများ”

လူ့လောကထဲကို ရောက်လာတဲ့ ကလေးတစ်ယောက်အတွက် မိခင်နို့ဟာ အကောင်းဆုံးဖြစ်တယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်း မိခင်တွေဟာ အမေနို့ကို သေသေချာချာ တိုက်နေကြရဲ့လား။ မိခင်နို့တိုက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကိုရော တိတိကျကျ သိနေရဲ့လား။ ကျွန်တော့်အတွေ့အကြုံအရတော့ သိမနေပါဘူး။
အဲဒီအတွက် မိခင်နို့တိုက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပြောပြလိုပါတယ်။

ပထမဆုံးအနေနဲ့ ကလေးအတွက် အကျိုးတအားရှိပါတယ်။

မိခင်နို့ဟာ မွေးကင်းစကလေးအတွက် အဓိကကျတဲ့ အာဟာရတွေကို ပေးစွမ်းနိုင်ပါတယ်။ ဗီတာမင်တွေ၊ ပရိုတိန်းဓါတ်တွေ ပါတယ်။ ရောဂါပိုးတိုက်ထုတ်နိုင်တဲ့ ပဋိဇီဝပစ္စည်း (Antibody) တွေ ပါဝင်တယ်။ ကာကွယ်ဆေးတွေ ထိုးရင်လည်း မိခင်နို့တိုက်ထားတဲ့ကလေးက တခြားကလေးတွေထက် ပိုပြီးတုံ့ပြန်မှုကောင်းတယ်၊ ထိရောက်တယ်။ နို့မှုန့်တွေထက်လည်း အစာကြေလွယ်တယ်။ မွေးစကနေ ကလေးအသက် (၆)လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးမယ်ဆိုရင် အဲဒီကလေးဟာ ကြီးလာတဲ့အခါ ဉာဏ်ရည်ဉာဏ်သွေးကောင်းတယ်၊ IQ မြင့်တယ်၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ ၀မ်းပျက်ဝမ်းလျှောတွေ စတဲ့ ရောဂါတွေလည်း အဖြစ်နည်းတယ်။ နောက်ပြီး မိခင်နဲ့ကလေးကြားက ရင်းနှီးမှုကိုလည်း ပိုကောင်းစေတာမို့ ဒါဟာ ရှေ့လျှောက် သားသမီးထိန်းကျောင်းမှုတွေမှာလည်း အဆင်ပြေလာစေလိမ့်မယ်။

တကယ်ဆို ကလေးအတွက်တင် မဟုတ်ဘဲ မိခင်အတွက်လည်း အကျိုးရှိတယ်။ အရင်ဆုံးအနေနဲ့ ကလေးက ကျန်းမာရေးကောင်းတယ်၊ မချူချာဘူးဆိုတဲ့အခါမှာ မိခင်လည်း အလုပ်ရှုပ်သက်သာတယ်။ ငွေကုန်ကြေးကျနည်းတယ်။ မိသားစုဘ၀ပျော်ရွှင်တယ်။

အဲဒီအပြင် အမျိုးသမီးရဲ့ ကျန်းမာရေးကိုလည်း အထောက်အကူပြုတယ်။ မိခင်နို့တိုက်မယ်ဆိုရင် သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ Oxytocin လို့ခေါ်တဲ့ ဟော်မုန်းထွက်တယ်။ အဲဒီဟော်မုန်းက သားအိမ်ကို မူလအရွယ်အစား ပြန်ရောက်ဖို့ တွန်းအားပေးတာမို့ ကလေးမွေးပြီး သွေးဆင်းနေတာတွေကို သက်သာစေတယ်။ မိခင်နို့တိုက်တဲ့ အမျိုးသမီးတွေဟာ ကလေးမွေးပြီး (၆)ပတ်ဆိုရင် သူ့ရဲ့သားအိမ်က မူလအနေအထား ပြန်ရောက်တဲ့အချိန်မှာ နို့မတိုက်တဲ့သူကတော့ ကလေးမွေးပြီး (၁၀)ပတ်နေမှ မူလအရွယ် ပြန်ဖြစ်တယ်။ အဲဒီအပြင် Prolactin လို့ခေါ်တဲ့ ဟော်မုန်းလည်း ထွက်သေးတယ်။ အဲဒီဟော်မုန်းကတော့ မမျိုးဥ မကြွေအောင် တားဆီးပေးတာမို့ ရာသီပြန်မပေါ်အောင် လုပ်ပေးတဲ့အပြင် ကလေးမရအောင်လည်း တားဆီးပေးတယ်။ ဒါကြောင့်မို့ ကလေးမွေးပြီး မိခင်နို့ကို (၆)လအထိ တစ်မျိုးတည်းတိုက်မယ်ဆိုရင် အဲ့ဒီကာလမှာ တခြား ဘာသားဆက်ခြားနည်းမှ သုံးစရာ မလိုတော့ဘူး။ ဒီသဘာဝနည်းနဲ့ ကိုယ်ဝန်တားလို့ရတယ်။ ဘာဘေးထွက်ဆိုးကျိုးမှလည်း မရှိသလို၊ ငွေကုန်ကြေးကျလည်း မရှိဘူး၊ ဘယ်ဆေးရုံဆေးခန်းမှလည်း သွားစရာ မလိုတော့ဘူး။

ဒါတွေအပြင် မိခင်နို့တိုက်ခြင်းက အရိုးထဲမှာ ကယ်လ်ဆီယမ်ဓါတ်တွေကို ပိုမိုစုမိစေပြီး အရိုးကိုခိုင်မာစေတယ်။ ကိုယ်အလေးချိန်ကိုလည်း လျှော့ချပေးတယ်။ ရင်သားကင်ဆာနဲ့ သားဥအိမ်ကင်ဆာတို့ကိုလည်း ဖြစ်နှုန်းလျော့စေတယ်။

ဒီလိုအကျိုးကျေးဇူးတွေကို သေချာသဘောမပေါက်တဲ့အခါမှာ မိခင်တွေဟာ ကလေး(၂)လ (၃)လလောက်ဆို အစာတွေကျွေးတယ်၊ ရေတွေတိုက်တယ်။ အမှန်တော့ ကလေးအသက်(၆)လအထိက မိခင်နို့ဟာ လုံလောက်တဲ့ အာဟာရတွေ ပေးစွမ်းနိုင်ပါတယ်။ ရေလည်း တိုက်စရာ မလိုသလို အစားလည်း ခွံ့စရာ မလိုသေးပါဘူး။

နောက်ပြီး လူကြားထဲမှာ နို့တိုက်ရမှာ၊ ဒီိလိုတိုက်လိုက်ရင် ရင်သားအလှပျက်ကုန်မှာ၊ နောက်ပြီး ညရေးညတာ နို့တိုက်ရလို့ ပင်ပန်းတာ၊ နို့ဗူးတိုက်ရင် အစာကြေဖို့ခက်တာမို့ မိခင်နို့လောက် အကြိမ်များများ တိုက်စရာမလိုတဲ့အတွက် အလုပ်ရှုပ်သက်သာတာ စတဲ့ အကြောင်းပြချက်တွေနဲ့လည်း မိခင်နို့တိုက်ဖို့ တွန့်ဆုတ်တတ်ကြပါတယ်။ တကယ်တော့ ဒီပြဿနာတွေဟာ မိခင်ရော ကလေးပါ ရမယ့်အကျိုးကျေးဇူးတွေနဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်တာကို သတိထားမိပါလိမ့်မယ်။ ဒါကြောင့်မို့ ကလေးမွေးပြီးရင် မိခင်နို့တိုက်ကျွေးကြဖို့ကို တိုက်တွန်းလိုပါတယ်။
တိုက်တဲ့အခါမှာတော့ ABC ကို သတိရစေချင်ပါတယ်။

Awareness (သတိရှိပါ)
ကလေးငိုနေပြီလား၊ နို့ဆာတဲ့လက္ခဏာတွေ ပြနေပြီလား။ ဒါကို သတိထားပြီး တိုက်ပေးပါ။ ကလေးအသက် (၆)လအထိ ငိုတိုင်းတိုက်၊ ဆာတိုင်းတိုက် တစ်နေ့ကို အနည်းဆုံး (၈)ကြိမ်ကနေ (၁၂)ကြိမ်အထိ တိုက်သင့်ပါတယ်။

Be patient (စိတ်ရှည်ပါ)
တိုက်တဲ့အခါမှာလည်း မလောပါနဲ့။ စိတ်ရှည်ရှည်နဲ့ နို့ဝတဲ့အထိ တိုက်ပါ။ ပုံမှန်အားဖြင့် နို့တစ်ခါစို့ရင် (၁၀)မိနစ်ကနေ မိနစ်(၂၀)အထိ ကြာတတ်ပါတယ်။

Comfort (သက်သောင့်သက်သာ အနေအထားနဲ့ နို့တိုက်ပါ)
နို့တိုက်တော့မယ်ဆို သက်သက်သာသာ အနေအထားမှာ နေပါ။ အဲဒီလိုနေခြင်းက မိခင်နို့ထွက်တာကို အထောက်အကူပေးပါတယ်။ အေးအေးဆေးဆေး မိခင်နို့တိုက်နိုင်မှာလည်း ဖြစ်ပါတယ်။

တကယ်တော့ မိခင်နို့ဟာ သဘာဝက ဖန်တီးပေးထားတဲ့ ဆေးတစ်လက်ဖြစ်ပါတယ်။ ကလေးအတွက်ရော၊ မိခင်အတွက်ပါ ကျန်းမာရေး၊ လူမှုရေးအကျိုးကျေးဇူးတွေ ရနိုင်တာဖြစ်လို့ အတတ်နိုင်ဆုံး ကြိုးစားပြီး တိုက်ကျွေးပါ။ မိခင်နို့တိုက်ဖို့ရာ အဆင်မပြေတာတခုခုရှိနေရင်လည်း ဆရာဝန်တွေ၊ လူကြီးမိဘတွေနဲ့ဖြစ်ဖြစ်၊ မိခင်တွေအချင်းချင်းပဲဖြစ်ဖြစ် ဆွေးနွေးတိုင်ပင်ပြီး အဖြေရှာသင့်ပါတယ်

ရေးသားသူ – ဒေါက်တာ ဖြိုးသီဟ
၁၅.၈.၂၀၁၇