ကာကွယ်ဆေးနဲ့ အော်တစ်ဇင်

အထူးသဖြင့် ဝက်သက်ပါးချိပ်ယောင်ဂျိုက်သိုး ကာကွယ်ဆေး (MMR) နဲ့ ဆက်စပ်နေတယ်လို့ တချို့ကပြောကြတာပါ။ ၁၉၉၈ ခုနှစ်တုန်းက စာတမ်းတစ်စောင်ထွက်လာတာကနေ အစပြုတယ်။ နောက်ပိုင်း သုတေသနတွေ သေချာလုပ်ကြည့်တဲ့အခါ ဒီနှစ်ခုဟာ ဆက်စပ်မှုမရှိဘူးဆိုတာ တွေ့တဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ ဆက်စပ်မှုမရှိကြောင်း အတည်ပြုခဲ့တယ်။ ကာကွယ်ဆေးတွေမှာလည်း ဘေးထွက်ဆိုးကျိုးတွေ နည်းနည်းရှိပါတယ်။ အဲဒီဆိုးကျိုးတွေဟာ ဆေးထိုးလို့ ရလာမယ့် ကောင်းကျိုးတွေနဲ့ ယှဉ်ရင် မပြောပလောက်တဲ့အတွက် (benefits outweigh risks) ကာကွယ်ဆေးကို ထိုးကြရပါတယ်။

လက်ရှိ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်ပ်ဟာ ပညာဆင်ခြင်ဥာဏ်အားနည်းတယ်၊ ခေါင်းမာတဇွတ်ထိုးဆန်တယ်။ ပညာရှင်တွေအတည်ပြုထားတဲ့ အချက်တွေကို သူမယုံကြည်တာတွေ ရှိတယ်။ ဥပမာ – လူတွေ၊ စက်ရုံစက်ပစ္စည်းတွေက ထုတ်လုပ်နေတဲ့ အညစ်အကြေးမီးခိုးတွေကြောင့် Climate change လို့ခေါ်တဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲတာကို မယုံကြည်ဘူး။ ကလေးတွေ ကာကွယ်ဆေးထိုးရမယ်ဆိုတာကို မယုံကြည်တဲ့အပြင် ဆေးထိုးတဲ့အတွက် အော်တစ်ဇင်ဖြစ်တယ်ဆိုတာကို ခိုင်ခိုင်မာမာယုံကြည်တယ်။ ပညာရှင်တွေက အချက်အလက် အထောက်အထားတွေနဲ့ပြလည်း နားမထောင်ဘူး။ သူ့လို ခေါင်းမာမာနဲ့ မျက်စိမှိတ်ရေးနေပြောနေကြတဲ့သူတွေ US မှာ အများကြီးရှိပါတယ်။ အဓိကက အဲဒီလူတွေပြောနေရေးနေတာတွေကို သက်သေပြထားတဲ့ သုတေသနပြချက်တွေ ရှိမရှိပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ရပါမယ်။ April 2015 မှာ JAMA (Journal of American Medical Association) ကနေလုပ်တဲ့ သုတေသနမှာ ကလေးပေါင်း ၉၅,၇၂၇ယောက်ကို သုတေသနပြုလုပ်ခဲ့တယ်။ အဲဒီစာတမ်းမှာ MMR ကာကွယ်ဆေးနဲ့ အော်တစ်ဇင် ဆက်စပ်မှုမရှိကြောင်း သက်သေပြခဲ့တယ်။ (http://jamanetwork.com/journals/jama/fullarticle/2275444) JAMA ဆိုတာဟာ ကမ္ဘာက လက်ခံထားတဲ့၊ Credibility ရှိတဲ့ သုတေသန ဂျာနယ်ဖြစ်တယ်။ ကျမတို့ ဆေးရုံမှာ သုတေသနစာတမ်းဖတ်ပွဲတွေလုပ်ရင် သူ့ဆီကနေ reference ယူရပါတယ်။ ဆိုလိုချင်တာက JAMA က ဂျာနယ်တွေ သုတေသနစာတမ်းတွေဟာ ခိုင်မာပါတယ်။ နောက်သုတေသန တစ်ခုက ကလေးပေါင်း တစ်သန်းကျော် (၁,၂၅၆,၄၀၇) ကို သုတေသနပြုပြီး ကာကွယ်ဆေးနဲ့ အော်တစ်ဇင် ဆက်စပ်မှုမရှိကြောင်း သက်သေပြခဲ့တယ်။ (http://www.sciencedirect.com/science/article/pii/S0264410X14006367)

အနောက်နိုင်ငံ၊ နိုင်ငံတကာက အင်တာနက်သုံးသူတိုင်း၊ အင်္ဂလိပ်လို Video တွေ interview တွေ ရိုက်ပြတိုင်း ယုံကြည်ရတဲ့သူတွေ မဟုတ်ပါဘူး။ ကျမတို့ဆီမှာလိုပဲ ကွန်ပြူတာရှေ့ထိုင်ပြီး ထင်ရာရေးနေပြောနေတဲ့သူတွေလည်း အများကြီးပါ။ အဲဒီသူတွေရေးနေပြောနေတဲ့စာတွေတိုင်း (အင်တာနက်ပေါ်မှာဖတ်ရတိုင်း၊ အင်္ဂလိပ်လိုရေးထားတိုင်း) အထင်ကြီးစရာလည်းမရှိသလို အမြဲယုံစရာလည်းမလိုပါဘူး။ ကိစ္စတစ်ခုကို စိတ်ဝင်စားတယ် သံသယရှိတယ်ဆိုရင် အဲဒီကိစ္စနဲ့ ဆက်စပ်တဲ့ သတင်းတွေ သုတေသနတွေကို ရှာဖတ်ပြီးမှ share စေချင်ပါတယ်။ ဗဟုသုတပါဆိုပြီး အထောက်အထားမခိုင်လုံတဲ့ သတင်းကို တင်လိုက်တဲ့အခါ ကလေးမိဘတွေမှာ ယုံရနိုးနိုး ကြောက်လန့်ကုန်ပါတယ်။ အထူးသဖြင့် သတင်းတင်သူဟာ အများယုံကြည်အားကိုးတဲ့သူဆို ပိုဆိုးပါတယ်။ ကိုယ့်ကို သူများက အားကိုးပြီဆိုရင် ကိုယ်ပေးတဲ့ အချက်အလက်ဟာ မှန်ကန်ခိုင်မာဖို့ ပိုအရေးကြီးပါတယ်။ တာဝန်ကြီးပါတယ်။ အစကတည်းက ကာကွယ်ဆေးထိုးကြဖို့ အရေးကြီးကြောင်း awareness ရအောင် မနည်းလုပ်နေရတဲ့အချိန်မှာ ဒီလိုသတင်းမျိုးဟာ အဆိပ်အတောက်လို့ပဲ ပြောချင်ပါတယ်။

နောက်တစ်ခုကြုံလို့ ပြောချင်တာလေးရှိသေးတယ်။ US မှာ ဆေးပညာဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ၊ ယုတ်စွအဆုံး ဆေးကျောင်းသားတွေကို စာသင်တဲ့အခါမှာတောင် ဟောပြောသူတွေဟာ “Conflict of interest disclosure” ဆိုတာ ထည့်ရပါတယ်။ အဲဒါဘာလဲဆိုတော့ ဒီဟောပြောချက် သင်ကြားချက်တွေမှာ ပါတဲ့ အချက်အလက်တွေအတွက် သင်ကြားဟောပြောသူဟာ ပိုက်ဆံမရပါဘူး၊ ဘယ်ကုမ္ပဏီနဲ့မှ ချိတ်ဆက်ကြေငြာနေခြင်းမရှိပါဘူး။ အမှန်ကို အမှန်အတိုင်း အရှိကို အရှိအတိုင်း သုံးသပ်တင်ပြတာသာ ဖြစ်ပါတယ်ဆိုတာကို အာမခံရတာပါ။ မဟုတ်ရင် ဆေး၂မျိုးအကြောင်းသင်ရာမှာ တစ်ခုကို အကောင်းပြောပြီး နောက်တစ်ခုကို ဝေဖန်တာမျိုးဖြစ်တဲ့အခါ ပြဿနာတက်နိုင်လို့ပါ။ လာဘ်ယူပြီး ဆေးကြေငြာသလို စွပ်စွဲခံရနိုင်တယ်လေ။ ကျမဒီမှာ စာတွေရေးနေတာလည်း အင်မတန် စိတ်သန့်ပါတယ်။ စိတ်ချမ်းသာပါတယ်။ အားလုံးကို သိစေချင် ကောင်းစေချင်တဲ့ စေတနာမှန်ပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ဆီကမှ ကျမအကျိုးအတွက် ဘာတစ်ခုမှ မရတာ အာမခံပါတယ်နော်။ ဒါက ကျမရဲ့ Conflict of interest disclosure ပါ။

ဖြည့်စွက် – MMR vaccine ကို ကိုယ်ဝန်ဆောင်ချိန်မှာတော့ မထိုးရဘူးနော်။ သူက အသက်ရှင်နေတဲ့ virus ပါလို့ ကိုယ်ဝန်ဆောင်ချိန်မှာထိုးရင် ကလေးကို အန္တရယ်ရှိတယ်။ ရောဂါရတတ်တယ်။