ကလေးမွေးပြီး ပထမ ၆ ပတ် **********************

 သဘာဝအတိုင်းမီးဖွားပြီး အခက်အခဲမရှိလျှင် ၁-၂ ရက်အတွင်း အိမ်ပြန်ရောက်ပြီး ခွဲမွေးပြီး ပြဿနာမရှိလျှင် ၃ ရက်မှ ၇ ရက်ကြာ ဆေးရုံတက်ရမည်။ ဘယ်နည်းနှင့်မွေးမွေး အိမ်ပြန်ရောက်လျှင်

(၁) အကူအညီယူပါ

ဈေးဝယ်ခိုင်းဖို့ နှင့် အိမ်အလုပ်အချို့အတွက် ခင်ပွန်း၊ မိသားစု၊ မိတ်ဆွေနှင့် အိမ်နီးချင်းများကို အကူအညီတောင်းပါ။

မိခင်နို့မထွက်လျှင် လက်မှတ်ရ သားဖွားဆရာမများ၊ ကျွမ်းကျင်သော သူနာပြုများ၊ သားဖွားမီးယပ်ဆရာဝန်များစသူတို့ထံမှ အကူအညီယူပါ။ ပထမ ၃ ရက်တွင်နို့မထွက်ခြင်း၊ နို့ထွက်နည်းခြင်း အများစုက နို့တိုက်ပုံနည်းလမ်း မမှန်ကန်၍ ဖြစ်သည်။

(၂) စားပါ

မိခင်ရော ကလေးပါ အာဟာရရှိဖို့ ထမင်း၊အသား၊ ငါး၊ ကြက်ဥနှင့် နို့ထွက်ပစ္စည်းများကို စုံလင်အောင် စားပါ။ ဝမ်းမချုပ်အောင် သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် အမျှင်ဓာတ်ပါပြီး အရည်ရွှမ်းသော သစ်သီးမျိုးစုံစားပါ။ အစားပြင်ဆင်ရာတွင် ချိုလွန်း၊ ငန်လွန်း၊ စပ်လွန်းခြင်းမဖြစ်အောင် သတိပြုပါ။

မိခင်က ပဲနှင့် ဟင်းသီးဟင်းရွက်စားလျှင် ကလေးလေနာသည်ဟုပြောကြသော်လည်း ဆေးပညာမှ သုတေသနများတွင် မှန်ကန်ကြောင်း မတွေ့ရှိပါ။

(၃) သောက်ပါ

ရေကို လုံလောက်စွာသောက်မှ မိခင် နို့ရည်များများထွက်မည်။ တည့်လျှင်၊ နွားနို့စစ်စစ်ရနိုင်လျှင် သောက်ပါ။

(၄) အိပ်ပါ

ကလေးအိပ်စက်ချိန်တွင် လိုက်အိပ်ပါ။ ကိုယ်ခန္ဓာက အနားရလျှင် အစားမှရသောခွန်အားကို မိခင်နို့အတွက် အာဟာရဖြစ်အောင်သုံးနိုင်သည်။ အိမ်အလုပ်မလုပ်ခြင်းအတွက် အပြစ်ရှိသလို မခံစားပါနှင့်။

(၅) နားပါ

လက်သုံး၍ အဝတ်လျှော်ခြင်း၊ အဝတ်လှမ်းခြင်း၊ ပစ္စည်း ကုန်းကောက်ခြင်း၊ ကလေးကြီးများကို ချီခြင်း၊ ဈေးခြင်းတောင်းဆွဲခြင်း၊ အလေးအပင်မခြင်း စသည်တို့က ခွဲမွေးထားသော အနာကို ဆွဲလိုက် ဆန့်လိုက်လုပ်သလိုဖြစ်နိုင်သည်။ ၆ ပတ်ကျော်၍ အနာအပြည့်အဝကျက်ပြီးမှ လုပ်ပါ။

သဘာဝအတိုင်းမွေးထားသော မိခင်က လိုအပ်လျှင် ပေါ့ပါးသော အိမ်အလုပ်ကို ဖြည်းဖြည်းချင်းစလုပ်နိုင်သည်။ သို့သော် မကြာခဏ နားပါ။ အဆင်ပြေလျှင် တစ်နေ့ကို ၁၅ မိနစ်မှ မိနစ် ၃၀ လမ်းလျှောက်ထွက်ပါ။ လေကောင်းလေသန့်ရှူပါ။

(၆) တကိုယ်ရေသန့်ရှင်းရေးအလေးပေးပါ

ရေချိုးခေါင်းလျှော်နိုင်သည်။ အရေးကြီးဆုံးက လက်မှန်မှန်ဆေးပါ။ ကလေး ဝမ်းလျှောစေသော ပိုးက မိခင်အစားနှင့် မိခင်နို့မှ တိုက်ရိုက်မလာပါ။ မသန့်ရှင်းသော မိခင်လက်မှ လာနိုင်ပါသည်။

(၇) စိတ်ဖိစီးမှုနှင့် သောကများရှောင်ပါ

မီးနေသည် စိတ်ချမ်းသာအောင် ခင်ပွန်းသည်နှင့်မိသားစုက အများဆုံးကူညီနိုင်သည်။ သို့သော် မမှန်ကန်သော အကြံပြုချက်နှင့် တွန်းအားများကို လိမ္မာပါးနပ်စွာ ရှောင်ပါ။ မှန်ကန်သော ကျန်းမာရေးအယူအဆများကို မမွေးခင်က လေ့လာနိုင်လျှင် ပိုကောင်းသည်။

စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားမှု၊ စိတ်ပူပန်မှုအားလုံးက နို့ထွက်နည်းစေနိုင်သည်။

(၈) မိသားစု စီမံကိန်းဆွဲဖို့ပြင်ဆင်ပါ

ကလေးတစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၂ နှစ်ခြားလျှင် မိခင်နှင့် ကလေး ၂ ဖက်လုံးအတွက် သင့်လျော်သည်။ သားဆက်ခြား သန္ဓေတားဖို့ သင့်တော်မည့်နည်းလမ်းကို ခင်ပွန်းသည်နှင့် ဆွေးနွေးပါ။ ၆ ပတ်တွင် ဆရာဝန်နှင့် တိုင်ပင်ဆုံးဖြတ်ပါ။

အများစုက သူငယ်ချင်းနှင့် အိမ်နီးချင်းများကို အတွေ့အကြုံ မေးတတ်ကြသည်။ မေးနိုင်ပါသည်။ သို့သော် သူတို့သုံးသော နည်းလမ်းက ကိုယ့်အတွက် သင့်လျော်ချင်မှ သင့်လျော်မည်။ အဆင်ပြေချင်မှ ပြေမည်။ သူတို့အတွက် အဆင်မပြေသောနည်းက ကိုယ့်အတွက် အကောင်းဆုံးဖြစ်ချင်ဖြစ်ပါလိမ့်မည်။

နေနေမိုးဆွေ (Child Health Myanmar
Page)
Pictures- credits to Raising Children Net
(ကူးယူခြင်းထက် Share ကိုနှိပ်၍ မျှဝေခြင်းဖြင့် Child Health Myanmar Page ကို မသိသေးသူ ကိုယ်ဝန်ဆောင် မိခင်လောင်းများနှင့် မိဘများသိရှိအောင်ကူညီနိုင်ပါသည်။ )
#naynaymoeswe