ကျမသာ အမွှာလေးမွေးခဲ့ရင်….

ကလေးတွေအကြောင်း အလျင်းသင့်သလို ရေးခဲ့တာ အကြောင်းအရာ အတော်အသင့်ခြုံငုံပြောမိပေမယ့် အမွှာလေးတွေအကြောင်း တစ်ခါမှ မရေးဖြစ်သေးဘူးနော်။ အမွှာလေးတွေက တော်ရုံမိသားစုမှာ မရှိလို့ မပြောဖြစ်ကြပေမယ့် သူတို့ကိုလည်း မေ့ထားလို့ မဖြစ်သေးဘူး။ ကျမငယ်ငယ်တုန်းက အမွှာလေးတွေ သိပ်သဘောကျတာပဲ။ ကိုယ်ကိုယ်တိုင်လည်း အမွှာညီအမတစ်ယောက်လောက် ရှိချင်ခဲ့တာ။ အသက်ကြီးလာတော့လည်း အမွှာလေးမွေးချင်ပြန်ရော။ အမွှာကလေးလေးတွေကို သဘောကျတော့လည်း သူတို့အကြောင်း ရှာဖွေဖတ်မိတာပေါ့။ အမွှာအများစုက တစ်ယောက်နဲ့ တစ်ယောက်ချစ်ကြတည့်ကြတာများပေမယ့် လုံးဝမတည့်ဘဲ တွေ့တာနဲ့ ရန်ဖြစ်တတ်တဲ့ အမွှာလည်း ကြုံဖူးတယ်။ သူတို့ရဲ့ စိတ်ခံစားချက်ဘယ်လိုဖြစ်မလဲ ခဏခဏတွေးကြည့်မိဖူးတယ်။ အငယ်ကောင်လေးရဲ့ မကျေနပ်ချက်ကဘာလဲဆိုတော့ သူတို့အမေက ဗိုက်နာပြီး ရိုးရိုးမမွေးနိုင်လို့ ဗိုက်ခွဲမွေးလိုက်ရတယ်။ အဲဒီမှာ အငယ်လေးက မွေးလမ်းကြောင်းထဲရောက်နေလို့ အပေါ်မှာ ရှိနေတဲ့ ကလေးကို အရင်ထုတ်လိုက်ရတော့ ပုံမှန်မွေးရင် အငယ်ဖြစ်မယ့်ကလေးက အပြင်ကို အရင်ရောက်သွားပါလေရော။ ရိုးရိုးမွေးရင် ကောင်လေးက အကြီးဖြစ်ရမှာဖြစ်ပေမယ့် ဗိုက်ခွဲလိုက်တော့ သူက ဒုတိယကလေး (အငယ်)ဖြစ်သွားပြီ။ မိဘတွေကလည်း သူတို့ဘဝတလျှောက်လုံး ကောင်ကလေးကို အမစကားနားထောင်ရမယ်၊ နင်က အငယ် သူကအကြီးစသည်ဖြင့် အမြဲဆုံးမတယ်၊ ပြောတယ်ပေါ့။ အကြီးမလေးကလည်း ၂စက္ကန့်လောက်ကြီးတာကို ၄-၅နှစ်ကြီးတဲ့ပုံစံနဲ့ အမြဲသူ့ကိုဆက်ဆံတယ်။ အဲဒါကို သူအရမ်းခါးခါးသီးသီးခံစားရတယ်။ သူ့နေရာကလည်း ဝင်စဉ်းစားပေးကြည့်ပြီး ကိုယ်ချင်းစာပါတယ်။ အဲဒီလိုနဲ့ အမွှာကလေးတွေကို ဘယ်လိုသဘာဝကျကျကြီးပြင်းစေနိုင်သလဲဆိုပြီး စဉ်းစားကြည့်ပြီး စာတွေလိုက်ဖတ်ကြည့်မိတယ်။

သူတို့ဟာ လူတစ်ဦးစီဆိုတာ မမေ့ပါနဲ့။
ကလေးတိုင်းဟာ သူတို့ကိုယ်ပိုင်လက္ခဏာနဲ့ စိတ်ခံစားချက်ရှိကြပါတယ်။ ကလေးတွေကို ရည်ညွန်းတဲ့အခါ အတွဲတစ်ခုလို မပြောမိပါစေနဲ့။ ဥပမာ – အိမ်က အမွှာနှစ်ကောင်/အမွှာနှစ်ယောက် စသည်ဖြင့် အမြဲတွဲပြောမိတာမျိုး။ တစ်ယောက်မရှိရင် တစ်ယောက်က ဘက်ပဲ့သလိုခံစားရအောင် မပျိုးထောင်မိပါစေနဲ့။ တစ်ခါတလေပြောတာမျိုးက ကိစ္စမရှိပေမယ့် အမြဲတတွဲတွဲ ဖြစ်အောင် မိဘက ထားမိတဲ့အခါ ကလေးတွေမှာ ကိုယ့်ကိုယ်ကိုယ် တစ်ယောက်ထဲ ရပ်တည်ဆုံးဖြတ်ချက်တွေ ချဖို့ ခက်လာပါလိမ့်မယ်။ ကိုယ်ဆုံးဖြတ်ရမယ့်ကိစ္စတစ်ခုကို ကိုယ့်အမွှာရဲ့ ထောက်ခံချက်ရမှ လုပ်ရဲတာမျိုး ဖြစ်လာတယ်။

နံမည်ပေးတဲ့အခါ ကာရန်ညီတဲ့ နံမည်မျိုး မပေးမိအောင် သတိထားပါ။
အမွှာလေးတွေ ဆင်တူဝတ်တဲ့အခါ၊ နံမည်ဆင်တူရိုးမှားလေးတွေ ပေးထားတဲ့အခါ ကြည့်ရနားထောင်ရတာ အင်မတန်ချစ်ဖို့ကောင်းတယ်နော်။ ဒါပေမယ့် ကလေးတွေစိတ်ထဲမှာ အဲဒါကို ကြိုက်ချင်မှ ကြိုက်မယ်။ ငယ်တုန်းတော့ မသိပေမယ့် အသက်ကြီးလာလေ ဒါမျိုးမနေချင်လေ ဖြစ်လာတတ်တယ်။ မွေးနေ့လက်ဆောင်ပေးရင် မတူတဲ့ပစ္စည်း၂ခုပေးတာမျိုး၊ အဝတ်ဆင်တူတစ်ပုံစံတည်း ဝတ်ပေးတာမျိုး တတ်နိုင်သလောက်ရှောင်သင့်တယ်လို့ ဆိုတယ်။ အဓိက ရည်ရွယ်ချက်က အပေါ်ကပြောထားတဲ့ အချက်ပေါ့။ အရမ်းတတွဲတွဲဖြစ်ပြီး တစ်ယောက်အပေါ်တစ်ယောက်က စိတ်ခံစားချက်အားဖြင့်သော်လည်းကောင်း၊ ကာယအားဖြင့်သော်လည်းကောင်း မှီခိုမိတာ မဖြစ်ရအောင် လုပ်ပေးတာဖြစ်တယ်။

အတန်းကျောင်းထားတဲ့အခါ စာသင်ခန်းမတူအောင် ထားနိုင်ရင် ထားပါ။ သူတို့စိတ်ထဲမှာ ရိုးရိုးညီအမ၊ ညီအကို၊ မောင်နှမလိုပဲ သဘောထားနိုင်ရင် အကောင်းဆုံးပါတဲ့။ အနည်းဆုံး စာမေးပွဲဖြေတဲ့အခါ လူခွဲ၊ အတန်းခွဲပြီး ဖြေနိုင်ရင် ကောင်းတယ်။ တစ်ခါတလေ စိတ်သဘောချင်း ဆက်နွယ်နေလို့ စာမေးပွဲအဖြေတွေ တူသွားတဲ့အခါ ကလေးတွေကို ခိုးချတယ်လို့ စွပ်စွဲခံရတတ်တယ်။

ငယ်စဉ်ကတည်းက သူတို့ကိုယ်သူတို့ မိတ်ဆက်တတ်အောင် သင်ထားပေးပါ။
အခြားသူတွေနဲ့ ကလေးတွေကို မိတ်ဆက်ပေးတဲ့အခါ “ဒါ ကျတော်/ကျမရဲ့ အမွှာ၂ယောက်လေ” လို့ မိတ်ဆက်ပေးမယ့်အစား ကလေးတွေကိုယ်တိုင် သူတို့နံမည်သူတို့ ပြောပြီး မိတ်ဆက်ခိုင်းပါ။ အဲဒီလိုလုပ်ခိုင်းခြင်းအားဖြင့် သူတို့ကိုယ်သူတို့ ယုံကြည်မှု ပိုတက်စေတယ်။ အခြားသူတွေက ကလေးတွေကို အမွှာလေးတွေဆိုပြီး ခေါ်ရင်လည်း မခေါ်စေချင်ကြောင်း ပြောဖို့ အားမနာပါနဲ့။ ကလေးတွေကို သူတို့ကိုယ်ပိုင်နံမည်ပဲခေါ်စေချင်တဲ့အကြောင်း ပြောပြပါ။

ကလေးတစ်ယောက်ချင်းစီနဲ့ သီးသန့်အချိန်ပေးပြီး နေနိုင်အောင် ကြိုးစားပါ။ အလုပ်ကများရတဲ့အထဲ အမွှာကမွေးထားပြန်၊ ပြောတော့လွယ်တယ်၊ တကယ်လုပ်ဖို့ အရမ်းခက်ပါတယ်။ အဲဒါကြောင့် အတတ်နိုင်ဆုံးကြိုးစားကြည့်ပါလို့ ပြောတာပါ။

ကလေးတစ်ယောက်ချင်းရဲ့ ဝါသနာနဲ့ သူတို့ဘယ်နေရာမှာ ထူးချွန်သလဲဆိုတာကို သိအောင်ကြိုးစားပြီး ပျိုးထောင်ပေးပါ။ တစ်ယောက်လုပ်လို့ နောက်တစ်ယောက်က လိုက်လုပ်နေရတယ်ဆိုတာမျိုး မဖြစ်အောင် သတိထားပါ။ တစ်ယောက်ကို အကြီး၊ တစ်ယောက်ကို အငယ်ဆိုပြီး ခွဲပြောမိတာမျို တတ်နိုင်သလောက်ရှောင်ပါ။ အမှန်ပြောရရင် သူတို့ဟာ အသက်တူတူပါပဲ။ မိနစ်ပိုင်းလေးကွာတာကို အမွှာတွေမှာ ပိုပြီး ချဲ့ကားပြောမိတတ်တယ်။ အသက်တူရဲ့သားနဲ့ တစ်ယောက်ကတစ်ယောက်ကို အကြီးဆိုပြီး သြဇာပေးတာမျိုး ဖြစ်အောင်မိဘက ပျိုးထောင်မိရင် ဒုတိယတစ်ယောက်မှာ မကျေနပ်တာတွေ ဖြစ်လာတတ်တယ်။

အမွှာအချင်းချင်း သိပ်ချစ်ကြလို့ ဆင်တူမှ ဝတ်ချင်တယ်။ ဘာလုပ်လုပ် အတူတူလုပ်ချင်တယ်ဆိုပြီး ကလေးတွေကိုယ်တိုင်က တောင်းဆိုရင်တော့ အတန်အသင့် ခွင့်ပြုရတာ ပြသနာမရှိပါဘူး။ ရုပ်ချင်းတူတဲ့ Identical twins တွေကြားမှာ bond က ပိုပြီးအားကြီးပါတယ်။ အချင်းချင်းလည်း ပိုချစ်တတ်ကြတယ်။ ဒါပေမယ့် တစ်ယောက်အပေါ် တစ်ယောက်သိပ်မှီခိုတာမျိုး မဖြစ်အောင်တော့ ကိုယ်က ထိန်းကျောင်းပေးသင့်ပါတယ်။

ကျမအနေနဲ့ အမွှာတွေကို ဘယ်လိုထိန်းကျောင်းရမယ်ဆိုတာ လုံးဝအတွေ့အကြုံမရှိပါဘူး။ သူများရေးထားတာတွေထဲက ကိုယ်သဘောကျတဲ့၊ မှန်တယ်လို့ ကိုယ်တိုင်လက်ခံတဲ့အချက်လေးတွေကို ရေးထားတာသာ ဖြစ်ပါတယ်နော်။ ဒီစာကိုဖတ်ပြီး အမွှာတွေ ကိုယ်တိုင်ကသော်လည်းကောင်း၊ အမွှာမွေးထားတဲ့ မိဘတွေကသော်လည်းကောင်း ကျမရေးထားတဲ့နဲ့ သဘောကွဲလွဲမယ်ဆိုရင် လွတ်လွတ်လပ်လပ် ကွဲလွဲနိုင်ပါတယ်။ ကိုယ်တိုင်ကြုံတွေ့ခံစားရတဲ့ အတွေ့အကြုံလေးတွေကိုလည်း ကျမတို့နဲ့ ဝေမျှပြောပြပေးကြပါဦးလို့ အမွှာများနဲ့ အမွှာတို့ရဲ့ မိဘတွေကို တောင်းဆိုပါရစေ။ 🙂

မေတ္တာဖြင့်

Wellness Mommy

Ref: http://www.chicagotribune.com/sc-fam-0421-twins-differences-20150415-story.html

https://www.healthychildren.org/English/family-life/family-dynamics/Pages/Twins-Two-Distinct-Individuals.aspx

Photo courtesy: https://www.verywell.com/signs-and-symptoms-of-twin-pregnancy-2446732

#wellnessmommy