ကလေးနဲ့ဒိန်ချဉ်

၆ လသားမှာ ဖြည့်စွက်စာစကျွေးတာနဲ့ ဒိန်ချဉ်လဲစကျွေးလို့ရပါပြီ။ ဒိန်ချဉ်ထဲမှာ ကယ်လစီယမ်၊ ပရိုတိန်းနဲ့ ဗီတာမင်တွေပါတယ်။ ဒိန်ချဉ်ဟာ ကလေးတွေအတွက်အရမ်းကောင်းတဲ့အစားအစာဖြစ်ပါတယ်။ ဒိန်ချဉ်မှာ Probiotics တွေပါပါတယ်။ Probiotics ဆိုတာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ပိုးလေးတွေပါ။ နေမကောင်းတဲ့သူတွေ ပိုးသတ်ဆေး (antibiotics) တွေသောက်ရတဲ့အခါ လူကိုအကျိုးပြုတဲ့ပိုးတချို့ပါသေသွားတတ်ပါတယ်။ အဲဒီအကျိုးပြုတဲ့ပိုးလေးတွေ အမြန်ပြန်ဖြစ်လာဖို့ probiotics ပါတဲ့အစားအသောက်လေးတွေစားပေးတာကောင်းပါတယ်။

ဒါပေမယ့် တချို့ရယ်ဒီမိတ်ဒိန်ချဉ်တွေကတော့ သကြားတွေအများကြီးထည့်ထားပါတယ်။ ပြီးတော့ရယ်ဒီမိတ်ဒိန်ချဉ်ဘူးတော်တော်များများက Low Fat yogurt တွေများပါတယ်။ အဆီလျှော့ထားတဲ့ဒိန်ချဉ် (low fat yogurt) တွေကို ဆရာဝန်ညွှန်ကြားချက်မပါရင် ၂ နှစ်အောက်ကလေးတွေကိုမကျွေးရပါဘူး။ ၂ နှစ်အောက်ကလေးတွေကိုကျွေးမယ်ဆိုရင် သေချာစစ်ဆေးပြီးမှကျွေးပါ။

အဲဒါကြောင့် ကလေးငယ်ငယ်လေးတွေကိုဒိန်ချဉ်စပြီးကျွေးတော့မယ်ဆိုရင် “သန့်စင်ပြီးသားသဘာဝဒိန်ချဉ်” တွေက အကောင်းဆုံးပါ။ သကြားမပါသေးတာ၊ အချိုတွေထည့်မထားသေးတာလေးတွေကောင်းပါတယ်။ ဒိန်ချဉ်ကို သကြားမပါ ဘာမပါ ဒီအတိုင်းသက်သက်တော့ကလေးတွေကကြိုက်မှာမဟုတ်တဲ့အတွက် သူတို့ကြိုက်မယ့်သဘာဝအသီးအနှံလေးတွေကို ကြိတ်စက်နဲ့ကြိတ်ပြီးရောကျွေးလို့ရပါတယ်။

၁ နှစ်အောက်ကလေးတွေကို ဒိန်ချဉ်တိုက်ရင် ပျားရည်လုံးဝမထည့်ပါနဲ့။ ၁ နှစ်အောက်ကလေးတွေကို ပျားရည်လုံးဝမကျွေးသင့်သေးပါဘူး။ ဒိန်ချဉ်ကိုပျားရည်နဲ့ကျွေးတာတွေမလုပ်ပါနဲ့။ အန္တရာယ်ရှိပါတယ်။ ၁ နှစ်အောက်ကလေးတွေကို ဒိန်ချဉ်တော့ကျွေးလို့ရပေမယ့် နွားနို့လဲတိုက်လို့မရသေးပါဘူးနော်။ ဒါလေးကိုလဲ သတိထားပေးပါ။

ထုံးစံအတိုင်း လသားကလေးငယ်လေးတွေကို အစားအစာအသစ်တစ်ခုစကျွေးပြီဆိုရင် ၃ ရက်လောက်စောင့်ကြည့်ပြီးမှ တခြားအစားအစာအသစ်တစ်ခုစကျွေးပါ။ ဒိန်ချဉ်ကျွေးမှရယ်လို့မဟုတ်ပဲ အစားအစာအသစ်ကျွေးပြီးတဲ့အခါတိုင်း ကလေးကိုစောင့်ကြည့်ရပါမယ်။ အသားမှာ အနီကွက်အယားကွက်လေးတွေပေါ်လာရင်၊ နှုတ်ခမ်းတွေမျက်လုံးတွေယောင်တာတွေဖြစ်လာရင်၊ အစာစားပြီးတိုင်း ၂ နာရီခြားလောက်အချိန်အတွင်းမှာပြန်ပြန်အန်ရင် ဆရာဝန်ဆီပြပါ။ အစာအဆိပ်သင့်တဲ့လက္ခဏာလားဆိုတာစစ်ဆေးရပါမယ်။

ဒိန်ချဉ်ဟာကျန်းမာရေးအတွက်အရမ်းကောင်းပါတယ်။ ဒါပေမယ့် ကိုယ်ကသေချာရွေးချယ်ပြီးမဝယ်တတ်ဘူးဆိုရင်တော့ ကလေးအတွက်မကောင်းတဲ့ဆိုးဆေးတွေ၊ အချိုတွေအများကြီးပါတဲ့ဟာဖြစ်နေတတ်တယ်။ ရယ်ဒီမိတ်ဒိန်ချဉ်ဘူးလေးတွေကျွေးတော့မယ်ဆိုရင် သကြားပမာဏကိုလဲသေချာစစ်ဆေးသင့်သလို ဘာ ingredients တွေဘယ်လောက်ပါတယ်ဆိုတာလဲ သိပြီးမှကလေးတွေကိုကျွေးပါ။ ဘယ်အရာမဆို တန်ဆေးလွန်ဘေးမို့လို့ မိဘကချိန်ဆပြီးကျွေးကြပါလို့ပြောချင်ပါတယ်။

Ref : babycenter

Jessica Mozart (A Cool Mom)