ပုဇွန် ရွှေဖရုံသီးဟင်း

ဒီဟင်းလေးကို ကစ်လေးက အရမ်းကြိုက်လို့ အိမ်မှာ တစ်ပတ်ကို တစ်ခါတော့ ချက်ဖြစ်တယ်။
ပုဇွန် နဲ့ ရွှေဖရုံသီး နှစ်မျိုးလုံးက အရသာချိုတော့ စားလို့အရမ်းကောင်းပါတယ်။
နံနံပင် ပင်စိမ်းလေးအုပ်လိုက်ရင် အနံလေးကလည်း မွှေးပါတယ်။
အဲ့ဒီဟင်းလေးကို ကျောင်းတတ်တုန်းက အဆောင် အတူတူနေတဲ့ သူငယ်ချင်းတွေဆီက သိလာတာပါ။
ချက်နည်းလေးကလည်းလွယ်ပါတယ်။

ပုဇွန် ၁၂ကောင် (အရွယ်က အလတ်စားလေးပါ။)
ရွှေဖရုံသီး ၁စိတ် (အလုံးသေးတယ်ဆိုရင်တော့ ၂စိတ်လောက်သုံးပါ)
ကြက်သွန်နီ ၂လုံး
ကြက်သွန်ဖြူ ၆မွှာ
ဂျင်း အနည်းငယ်
နနွင်းမှုန့် အနည်းငယ်
ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်
ဆီ စားပွဲဇွန်း ၂ ဇွန်း
ဆား အနည်းငယ်
ငံပြာရည် လက်ဖက်ရည်ဇွန်း ၂ဇွန်း
နံနံပင်

ပထမဆုံးအနေနဲ့ ပုဇွန်တွေကို ခေါင်း အမြီးတွေဖြုတ် ကျောခွဲကာ ဆား နှင့် နနွင်းမှုန့်ဖြင့် နယ်ထားပါ။

ကြက်သွ န်နီကို အခွံခွှာ ရေဆေးကာ သေးသေးလှီးထားပါ။
ဂျင်း ကြက်သွန်ဖြူ ကို ညက်နေအောင်ထောင်းထားပါ။

ရွှေဖရုံသီးကို အခွံခွှာ ရေဆေးကာ အနေတော် အရွယ်လေးတွေ တုံးထားပါ။

အိုးထဲမှာ ဆီထည့်ကာ ဆီအပူပေးပါ။
ဆီပူလာလျှင် ကြက်သွန်ဖြူ ငရုတ်သီးမှုန့် နနွင်းမှုန့်ထည့်ကာ ဆီသတ်ပါ။
ကြက်သွန်နီနွမ်းလာလျှင် ကြက်သွန်ဖြူ နဲ့ ဂျင်ထည့်ကာ ဆီသတ်ပါ။
အားလုံးမွှေးပြီး ရွှေညိုရောင်ပြောင်းလာလျှင် ပုဇွန် နဲ့ ရွှေဖရုံသီးကို အတူတူထည့်ကာ မွှေပေးပါ။ ငံပြာရည်ထည့်ပါ။ ရေကို ချက်ချင်းမထည့်ဘဲ သေချာလေးမွှေပြီး ခဏလုံးပေးပါ။
ပုဇွန်အနံ့လေးမွှေးလာပြီဆိုမှ ရေမြှုပ်အောင်ထည့်ကာ အဖုံးအုပ်ပြီးတည်ထားပါ။ ကျွန်မကတော့ အရည်များများလေးကြိုက်လို့ ရေပိုထည့်ပါတယ်။
ရွှေဖရုံသီးတွေ အိလာပြီဆိုရင် နံနံပင်အုပ်ကာ မီးဖိုပေါ်ကနေချပါ။
အနံမွှေးမွှေးလေးနဲ့ အရမ်းအရသာကောင်းတဲ့ ဟင်းလေးတစ်ခွက်မို့ မေမေတို့ ချက်ကြည့်ကြပါဦးနော် ။