အမဲသား အာလူးကတ်သလိပ်ကြော်

ဒီတခါတော့ အထဲမှာ အမဲသားထည့်ပြီး ကြော်ထားတဲ့ အမဲသားအာလူးကတ်သလိပ်ကြော်လေးကို ပြောပြချင်ပါတယ်။

အာလူး ၄လုံး
အမဲသားတောက်တောက် ၅ကျပ်သား
ကြက်သွန်နီ ၁လုံး
ကြက်သွန်ဖြူ ၂မွှာ
ဂျင်း အနည်းငယ်
နနွင်းမှုန့် အနည်းငယ်
ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တဝက်
ဆား အနည်းငယ်
မဆလာ အနည်းငဟ်
ကြက်သွန်မြိတ် အနည်းငယ်
ပြောင်းကော်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆီ စားပွဲဇွန်း ၁ ဇွန်း
ကြော်ရန်ဆီ

အာလူးကို အရင်ဆုံး နူးနပ်နေအောင်ပြုတ်ထားပါ။
အခွံခွှာထားပါ။
အမဲသားကို ဆား မဆလာထည့်ကာ နယ်ပါ။
ကြက်သွန်မြိတ်တွေကို သေးသေးလှီးထားပါ။

ကြက်သွန်နီကိုလည်း သေးသေးလှီးပါ။
ဂျင်း ကြက်သွန်ဖြူကို ထောင်းထားပါ။

ဒယ်တစ်ခုထဲမှာ ဆီ စားပွဲဇွန်း ၁ဇွန်းကို ထည့်ကာ အပူပေးပါ။ ဆီပူလာရင် ကြက်သွန်နီ ကြက်သွန်ဖြူ ဂျင်းထည့်ကာ ဆီသတ်ပါ။ နနွင်းမှုန့် ငရုတ်သီးမှုန့်ထည့်ကာ ကြက်သွန်တွေ နွမ်းတဲ့အထိကြော်ပါ။ ပြီးမှ အမဲသားထည့်ကာ မွှေပေးပါ။ ရေမထည့်ဘဲ အမဲသားက ထွက်လာတဲ့ အရည်နဲ့ပဲ ကြော်ပေးပါ။ အမဲသားကထွက်တဲ့အရည်ခမ်းတဲ့အထိ အမဲသားမနူးမှ ရေနည်းနည်းထည့်ပါ။ အမဲသားနူးသွားရင်တော့ ကြက်သွန်မြိတ် နဲ့ မဆလာထည့်ကာ မွှေပေးပါ။ အအေးခံထားပါ။

အာလူးတွေကို ထောင်းပါ။
ပန်းကန်တစ်ခုထဲမှာ အာလူး ပြောင်းကော်မှုန့် ဆားထည့်ကာ သမအောင်နယ်ပါ။
အားလူးကို ၆ပုံပုံကာ အပြားလေးတွေလုပ်ထားပါ။

အာလူးအပြားတခုယူကာ အပေါ်မှ အမဲသားထည့်ပါ။ အပေါ်မှ အာလူးတစ်ပြားကိုထပ်ကာ ဘေးပတ်ပတ်လည်လေးတွေကို စေ့သွားပြီး အမဲသားတွေ မထွက်အောင် ဖိပိတ်ပေးပါ။
ကျန်တဲ့အာလူးကိုလည်း အတူတူပဲ လုပ်ပေးပါ။ ၃ခုရမှာပါ။

ကြော်မယ့်ဆီကို ဒယ်မှာထည့်ကာ အပူပေးပါ။ မီးအရှိန်အနေတော်ကို သုံးပါ။ ဆီများများနဲ့ကြော်ရင် ပိုကောင်းပါတယ်။
ဟိုဘက်ဒီဘက်လှည့်ကြော်ပေးပါ။ ၂ ဖကိလုံး အကျက်ညီရင်တော့ ဆယ်ကာ ဆီစစ်ထားပါ။
အမဲသားအစား ကြက်သား ဝက်သား ဆိတ်သား ကြိုက်ရာကို သုံးနိုင်ပါတယ်။