ကလေးကို သင်သူသည် ကလေးလိမ္မာခြင်း ၊ ဆိုးခြင်းကို ဖန်တီးသူ ဖြစ်သည် ..!

မိဘတွေ သားသမီးကို စိတ်အပျက်ဆုံးအချိန် ၊ သားသမီးအတွက် စိတ်အညစ်ရဆုံးအချိန်ဟာ သားသမီးတွေ မိဘစကားကို နားမထောင်တဲ့အချိန်ပါပဲ။ ဘယ်အချိန်ကတည်းက သားသမီးတွေဟာ မိဘစကားကို စတင် နားမထောင်တာလဲ။ တကယ်ဆို သူတို့ ဆွဲတတ် ၊ ကိုင်တတ် ၊ လေးဘက်တွားတတ်တဲ့ အချိန်ကတည်းကလို့ ဆိုနိုင်ပါတယ်။

မကိုင်နဲ့ဆိုကိုင်မယ် ၊ မဆွဲနဲ့ဆိုဆွဲမယ် ၊ မလုပ်နဲ့ဆိုလုပ်မယ် ၊ မသွားနဲ့ဆိုသွားမယ် ၊ မငိုနဲ့ဆိုငိုမယ် ၊ လာဆိုမလာ ၊ စားဆိုမစား ၊ အိပ်ဆိုမအိပ် ၊ လုပ်ဆိုမလုပ် ဆိုတာကနေ စမှာပေါ့နော်။ ငယ်ငယ်တုန်းကတော့ ကလေးပဲလေ ငယ်သေးတယ်ဆိုတဲ့ အတွေးနဲ့ မပြောဖြစ် ၊ မဆိုဖြစ် ၊ မသင်ဖြစ်တာတွေ သူလုပ်နေကျ အကျင့်ဖြစ်သွားတဲ့အခါ အဲဒီက စတာပဲ။

သားသမီးကို ဆိုဆုံးမတယ်ဆိုတဲ့အခါမှာလည်း သားသမီးနဲ့ အနီးကပ် လက်ပွန်းတတီးနေထိုင်တတ်တဲ့ မိဘတွေက သားသမီးကို ပိုဆိုဆုံးမရလွယ်ပြီး သားသမီးနဲ့ အနေဝေးတဲ့မိဘတွေ ၊ သားသမီးကို အချိန်မပေးနိုင်တဲ့ မိဘတွေအတွက်ကတော့ သားသမီးကို ပိုလို့ ဆိုဆုံးမရ ခက်နေမှာဖြစ်ပါတယ်။ တကယ်လို့များ မိဘနဲ့သားသမီးဆက်ဆံရေးဟာ အေးစက်စက် ဆက်ဆံရေးလိုမျိုး ၊ လက်ပွန်းတတီး မရှိတာလိုမျိုး ၊ မျက်နှာကြောမတည့်တာလိုမျိုး ဆိုရင်တော့ အဲဒီလိုသားသမီးတွေဟာ မိဘရဲ့ ဆိုဆုံးမမှုကို မနာခံတဲ့သူတွေအဖြစ် တွေ့မြင်ရပါတယ်။

သားသမီးနဲ့မိဘ နွေးထွေးတဲ့ဆက်ဆံရေး ရှိဖို့ဆိုရင် သားသမီးကို အချိန်ပေးတာမျိုး ၊ ဂရုစိုက်မှုပေးတာမျိုးတွေမှပဲ သားသမီးနဲ့မိဘ အပြန်အလှန် နွေးထွေးမှု ရရှိကြမှာဖြစ်ပါတယ်။ တကယ်လို့များ မိဘမဟုတ်တောင် ကလေးကို အနီးကပ် ပြုစု ၊ ဂရုစိုက် ၊ ကြင်နာမှုပေးတဲ့သူ ရှိနေမယ်ဆိုရင် ကလေးဟာ ကျန်းမာပျော်ရွှင်စွာ ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ ဒါပေမယ့် မိဘနဲ့ သားသမီး အနေမနီးခဲ့ရင်တော့ နွေးထွေးမှုမရှိဘဲ ခပ်တောင့်တောင် ဆက်ဆံရေးနဲ့ အနေစိမ်းနိုင်ပါသေးတယ်။ သားသမီးနဲ့မိဘ အပြန်အလှန် နွေးထွေးမှုရှိဖို့ဆိုတာ တနေ့ ၊ တရက် ၊ တနာရီလောက်တွေ့ဆုံခြင်းမျိုးနဲ့တော့ မဖြစ်နိုင်ဘူးလေ။ နေ့စဉ် အနည်းဆုံး နာရီဝက် ၊ တနာရီလောက်ပဲဖြစ်ဖြစ် သားသမီးနဲ့ လက်ပွန်းတတီး ကစားတာမျိုး ၊ ပြောဆိုဆွေးနွေးလို့ အချိန်ပေးရတာမျိုးပါ။

မိဘတွေရဲ့ ယေဘူယျတာဝန်က ဘာလဲ။ သားသမီးခံစား ကြုံတွေ့နေရတဲ့ စိတ်ပျက်အားငယ်မှု ၊ စိန်ခေါ်မှု ၊ အတားအဆီး အခက်အခဲတွေအားလုံးကို မိဘတွေက ဘယ်လိုဟာ ဘယ်လိုဖြေရှင်းရမယ် ၊ ဘယ်စိတ်ကို ဘာနဲ့တောင့်ခံရမယ် ၊ ဘယ်လိုစိတ်မျိုးမွေးပြီး ဘယ်လိုရင်ဆိုင်ရမယ် စတာတွေနဲ့ လူ့လောကထဲ တွေ့ကြုံလာရမယ့် အခက်အခဲ အထွေထွေကို သားသမီးတွေ ကိုယ့်ဘာသာ ယုံကြည်ချက်ရှိရှိ ကျော်ဖြတ်နိုင်အောင် ၊ ကျော်ဖြတ်ရဲအောင် ၊ စိတ်အင်အားနဲ့ ထိန်းချုပ်နိုင်အောင် ၊ စီမံခန့်ခွဲတတ်အောင် သင်ပေးတာပါပဲ။

ဒီလိုသင်ပေးတဲ့နေရာမှာ အကောင်းဘက်ကနေ သင်ပေးရမှာဖြစ်ပြီး အဆိုးဆုံးသော သင်ပေးခြင်းကတော့ သားသမီးတွေကို နောက်ထပ်မလုပ်ရဲတော့အောင် ပြောဆိုလိုက်တာပါပဲ။ အန္တရာယ်ရှိတယ်ဆိုတဲ့ အရာတွေမှာတောင် အဆိပ်သောက်လိုက်တဲ့ ကိစ္စမျိုးကလွဲလို့ လျှပ်စစ်ဆိုတာ ဘယ်လိုအခြေအနေမှာ မကိုင်ရဘူး ၊ ကိုင်ရင် ဘာဖြစ်တတ်တယ်ဆိုတာမျိုး ကလေးနားလည်တဲ့အထိ အကြောင်းအကျိုး ရှင်းပြရမှာပါ။

ကိစ္စတစ်ခု ကလေးလုပ်လိုက်တာကို အကြောင်းအကျိုး ရှင်းပြရမယ့်အစား နောက်မလုပ်ရဘူးလို့ တချက်လွတ်အမိန့်ပေးလိုက်မယ်ဆို ကလေးရဲ့အတွေးထဲမှာ ဘာကြောင့် မလုပ်ခိုင်းတာပါလိမ့်ဆိုတဲ့အတွေးကို ကြီးထွားစေပါတယ်။ ဒီလိုအတွေး ကြီးထွားလာတာနဲ့အမျှ ကလေးဟာ စမ်းသပ်လုပ်ကိုင်ချင်စိတ်တွေ တဖွားဖွား ဖြစ်လို့လာပါတယ်။ ဒီလို စူးစမ်းချင်စိတ်တွေ မထိန်းသိမ်းနိုင်တဲ့အဆုံးမှာ မိဘရှေ့ပဲဖြစ်ဖြစ် ၊ နောက်ကွယ်ပဲဖြစ်ဖြစ် စမ်းသပ်ကြည့်ဖို့ ကြိုးစားမှာပါ။

ကိုယ်တားထားတာ ကိုယ့်ရှေ့စမ်းသပ်လုပ်ကိုင်တာကို ပြောထားရက်နဲ့ ထပ်လုပ်ရကောင်းလားလို့ ဆူပူရိုက်နှက် တားမြစ်မယ်ဆိုရင် မိဘနောက်ကွယ်မှာ လုပ်ပါလို့ စကားလုံးမဲ့ နှိုးဆော်လိုက်သလိုပါပဲ။ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ် ကြီးမားတာနဲ့အမျှ ကလေးဟာ အန္တရာယ်ကြီးကြီး ကြုံရဖို့ ရာခိုင်နှုန်း များနေပြီလေ။ ဒါကြောင့် အပူဖြစ်ပစေ ၊ အစပ်ဖြစ်ပစေ ဘယ်ဟာ အပူ ၊ ဘယ်ဟာအစပ် ဘယ်လိုခံစားမှုမျိုး ဆိုတာတွေနဲ့ ကလေးနားလည် လက်ခံနိုင်လောက်တဲ့ ရလဒ်မျိုးတွေသုံးလို့ ကလေးနားလည်အောင် ပြောဆိုရှင်းပြ တခါတရံ ကိုယ်ရှေ့ လုပ်ကိုင်စေလို့ နားလည်သဘောပေါက်စေရမှာပါ။

Credit : BurmeseHearts Blog