ဗီတာမင် ဒီ ၊ နေနတ်သား၏ အခမဲ့ သဘာဝလက်ဆောင်မွန်

“ဒီတလော ဗီတာမင်ဒီ ချို့တဲ့ရင် ကြောက်စရာကောင်းတဲ့ ရောဂါဆိုးတွေ ဖြစ်တော့မယ် ဆိုပြီး ပြောနေတာတွေက ဟုတ်ပါသလား ဆရာ” ဆိုပြီး ပြည်သူလူထု စိုးရိမ်သောကရောက်စွာနဲ့ မေးမြန်းလာတဲ့စာတွေ လက်ခံရရှိသလို အမေရိကန်နိုင်ငံမှ မြန်မာလူနာများကလည်း ဖြေကြားပေးပါဟု တောင်းဆိုလာတဲ့အတွက် ဒီကျန်းမာရေး အသိပညာပေး စာစုလေးကို ရေးသားပေးလိုက်ရပါတယ်။

ဒီစာစုလေးရေးဖို့အတွက် အလွန်ကို အသေးစိတ်စူးစမ်းလေ့လာရပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူလူထုရဲ့ အားကိုးယုံကြည်မှုကို တွေ့ကရာစာလေး ပုံလေးတွေကနေ ထင်ရာမြင်ရာ လျှောက်ရေးတယ်လို့ မဖြစ်ရလေအောင် အလေးအနက်ထားပြီး စနစ်တကျ ပြင်ဆင်ရေးသားပေးလိုက်ပါတယ်။

ပထမဆုံး သိထားစေချင်တာက ဗီတာမင် ဒီ (Vitamin D) မှာ D2 နဲ့ D3 ဆိုတဲ့ အမျိုးအစား နှစ်ခု ပါဝင်ပါတယ်။ D2 ကို ergocalciferol လို့ခေါ်ပြီး D3 ကို cholecalciferol လို့ခေါ်တယ်။ D2 ကို အစားအသောက်ကနေရပြီးတော့ D3 ကို နေရောင်ခြည် လူ့အရေပြားကို ထိတွေ့ခြင်းကနေမှတဆင့် ရရှိတယ်။ အစပိုင်းလေ့လာမှုတွေအရ D2 ပဲဖြစ်ဖြစ် D3 ပဲဖြစ်ဖြစ် အကျိုးအာနိသင် တူတူပါပဲ မကွာလောက်ပါဘူးလို့ ထင်ခဲ့ကြပေမယ့် တဖြည်းဖြည်းနဲ့ အချိန်ယူလေ့လာတဲ့အခါမှာ D3 အမျိုးအစားက ရေရှည်အာနိသင် ပိုကောင်းလာတယ်ဆိုတာကို သိလာကြရပါတယ်။

🌞🌞🌞
ဒီလို ဗီတာမင် ဒီ (Vitamin D) က လူတွေအတွက် ဘယ်လို အကျိုးရှိလို့လဲ။ ဒီဓာတ်ချို့တဲ့ရင် ဘာတွေဖြစ်မလဲပေါ့။
ဟုတ်ကဲ့ ဗီတာမင် ဒီ (Vitamin D) ဟာ အောက်ဖော်ပြပါ အကျိုးအာနိသင်တွေကို ရရှိစေပါတယ်။
၁။ အရိုးတည်ဆောက်မှု ၊ သန်စွမ်းမှုမှာ အားဖြည့်ပေးတယ်။
၂။ ကိုယ်ခံအားစနစ် ကောင်းစေတယ်။
၃။ သွားတွေခိုင်မာစေတယ်။
၎။ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကလေးကျန်းမာခြင်း ၊ အရိုးအားပြည့်ခြင်းတို့ကို ဖြစ်စေတယ်။
၅။ ဦးနှောက်နဲ့ မှတ်ဥာဏ်တွေကို ကောင်းမွန်စေပါတယ်။

🌞🌞🌞
အဆိုပါ ဗီတာမင် ဒီ (Vitamin D) ဓာတ်ချို့တဲ့ရင်တော့ အခုဖော်ပြထားတဲ့
၁။ စဉ်းစားတွေးခေါ်တာမှာ ပြဿနာရှိလာမယ်။ အတိတ်မေ့ချင်သလို သူငယ်ပြန်ချင်သလို ဖြစ်လာမယ်။
၂။ အရိုးတွေနာလာမယ်။ အရိုးကျိုးမယ်။
၃။ ကြွက်သားအားနည်းသလို ဖြစ်မယ်။
၎။ အရိုးနုတွေ ပုံပျက်သွားမယ်။
၅။ အကြောင်းမရှိဘဲ မောမောနေမယ်။ အစရှိတဲ့ ရောဂါလက္ခဏာများကို ခံစားရမှာပဲ ဖြစ်ပါတယ်။

🌞🌞🌞
ဒီတော့လည်း ကြောက်စရာကြီးပဲ။ ဗီတာမင် ဒီ (Vitamin D) ဆေးတွေဝယ်သောက်ရတော့မလား။ ဗီတာမင် ဒီ (Vitamin D) ချို့တဲ့နေလား သိရအောင် ဆေးတွေစစ်ရတော့မလား။
ဟိုး ဟိုး။ ခဏလေး နေကြပါဦး။ စိတ်မလောကြပါနဲ့။ ဗီတာမင် ဒီ (Vitamin D) ဆိုတာ နေနတ်သားရဲ့ အခမဲ့ သဘာဝလက်ဆောင်မွန်ပါ။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် ဒီ (Vitamin D)ကို
– နေရောင်ခြည်ကနေ ၈၀% ရပါတယ်။
– ငါးကြီးဆီ (လက်ဖက်ရည်ဇွန်း တစ်ဇွန်းပမာဏ)မှာ ၄၄၀ IU ပမာဏ ပါပါတယ်။
– ဆယ်လ်မွန်ငါး ၊ ကွန်းရှပ်ငါး ၊ မာကယ်လ်ငါး (သုံးအောင်စ ပမာဏ)မှာ ၄၀၀ IU ပမာဏ ပါပါတယ်။
– တူနာငါး (သုံးအောင်စ ပမာဏ)မှာ ၂၂၈ IU ပမာဏ ပါပါတယ်။
– ဆာဒင်းငါး (သုံးအောင်စ ပမာဏ)မှာ ၁၆၄ IU ပမာဏ ပါပါတယ်။
– နွားနို့တစ်ခွက်မှာ ၉၈ IU ပမာဏ ပါပါတယ်။
– ကြက်ဥ တစ်လုံးမှာ ၄၁ IU ပမာဏ ပါပါတယ်။
– ငါးဥ ၊ ငါးသလောက်ဥ (တစ်အောင်စ ပမာဏ)မှာ ၃၃ IU ပမာဏ ပါပါတယ်။
– မှိုတစ်ခွက်စာမှာ ၂ IU ပမာဏ ပါပါတယ်။
စသဖြင့် အသီးသီး ပါဝင်ကြပါတယ်။ IU ဆိုတာ International Unit နိုင်ငံတကာ သတ်မှတ်ထားသော ပမာဏတန်ဖိုး ဖြစ်ပါတယ်။

အဲ့တော့ နေရောင်ခြည်မရရှာတဲ့ အမေရိကလို ၊ ဥရောပလို ကမ္ဘာ့မြောက်ဖျား အေးတဲ့ဒေသတွေမှာ နေတဲ့သူတွေဆိုရင် ၊ နောက်တစ်ခုက နေရောင်တော့ ရပါရဲ့ တစ်ကိုယ်လုံး နေရောင်မထိအောင် လုံနေအောင် ဖုံးထားရတဲ့ အရှေ့အလယ်ပိုင်း ၊ ပါကစ္စတန် နဲ့ အိန္ဒိယနိုင်ငံတွေမှာ ဆိုရင်တော့ ဗီတာမင် ဒီ (Vitamin D) အားဆေးကို သူ့အချိန်အဆနဲ့သူ သောက်ပေးဖို့ လိုပါတယ်တဲ့။

မြန်မာပြည်အတွက်ကတော့
၁။ အသက်ကြီးလာလို့ အစာကောင်းစွာ မစားနိုင်သူတွေ
၂။ အသည်းရောဂါ ရှိသူတွေ
၃။ အစာအိမ်အူလမ်းကြောင်းမှာ ရောဂါအခြေအနေအရ အူတစ်ချို့ကို ဖြတ်ထုတ်လိုက်ရသူတွေ (အူဖြတ်ထားတော့ လိုအပ်တဲ့ အာဟာရဓာတ်တွေ မစုပ်နိုင်တော့လို့ပါ။)
၎။ ကျောက်ကပ် မကောင်းတဲ့သူတွေ
၅။ ကိုယ်ဝန်ဆောင်မိခင်တွေ (ကလေးရဲ့ အရိုးဖွံ့ဖြိုးမှု အားကောင်းစေဖို့ပါ။)
စတဲ့ အချက်တွေနဲ့ ညီညွတ်မယ်ဆိုရင် သောက်ပေးဖို့ လိုပါလိမ့်မယ်။ Vitamin D ချို့တဲ့သူတွေရှိရာနိုင်ငံကို ဖော်ပြထားတဲ့ ကမ္ဘာ့မြေပုံကိုလည်း တစ်ခါတည်း ထည့်ပေးထားပါတယ်။ အမေရိကမှာ အခြေအနေတွေဆိုးသလောက် ကိုယ်တွေမြန်မာပြည်မှာကတော့ နေနတ်သားရဲ့ အခမဲ့ လက်ဆောင်နဲ့ ကျန်းမာနေကြတာကို အသိသာကြီး တွေ့ရမှာ ဖြစ်ပါတယ်။

🌞🌞🌞
ဘာပဲဖြစ်ဖြစ်ပေါ့ ဆရာရယ်။ အားဆေးသောက်မယ် အရမ်းသောက်ချင်တယ် ဆိုတဲ့သူတွေအနေနဲ့ သောက်မယ်ဆိုလည်း စွတ်ဆက်သောက်လို့ မသင့်တော့်ပြန်ပေဘူး။ အချိုးအဆရှိပါသေးတယ်။ နေရောင်ဆင်းရဲရှာတဲ့ တိုင်းပြည်တွေမှာ တစ်ခါသောက်ရင် 600 to 1,000 IU ပမာဏ သောက်ရပြီးတော့ မြန်မာပြည်လို နေရောင်ပေါများတဲ့ တိုင်းပြည်တွေမှာကတော့ တစ်နေ့ကို 200 to 400 IU သာ သောက်ရန် လိုအပ်ပါတယ်။ ဒ့ါကြောင့် မြန်မာပြည်အတွက် ထုတ်လုပ်လိုက်တဲ့ Vitamin D အားဆေးတွေဟာ 200 နဲ့ 400 IU တွေပဲ ရှိကြတာပါ။ အပိုတွေသောက်မိပြီး Vitamin D အဆိပ်သင့်တာ မဖြစ်ရအောင် ကာကွယ်ပေးထားတာပါ။ သို့သော် မသောက်မီတော့ ဆရာဝန်တွေနဲ့ မဖြစ်မနေ တိုင်ပင်ရပါ့မယ်။

🌞🌞🌞
ဟ . . . ဆေးလေးသောက်တာ တိုင်ပင်စရာလား။ ဆရာဝန်တွေ ငွေမက်လိုက်တာ။ ကိုယ့်ဟာကိုယ်ဝယ်သောက်မှာပေါ့။ ဒီလိုတွေးမိကြမှာ ဆရာဝန်တွေ သိပါတယ်။ အသည်း ၊ ကျောက်ကပ် ၊ အူဖြတ်ထားတဲ့ လူနာတွေမှာ အခု ဗီတာမင် ဒီ ဓာတ်တစ်မျိုးတည်း ချို့တဲ့နိုင်တာ မဟုတ်ပါဘူး။ တခြားဓာတ်များလည်း ချို့တဲ့နိုင်ပါတယ်။ ရောဂါအခံရှိနေတဲ့အတွက် ဆေးဖြည့်လိုက်ရင် ခံနိုင်ရည်ရှိမှာလား ၊ အခြားဓာတ်တွေပါ လိုက်ပါပြောင်းလဲသွားနိုင်သလား ဆိုတာတွေကို စစ်ဆေးပေးဖို့ လိုပါတယ်။ ဒါတွေကို သာမန်လူတွေ ဘယ်လိုမှ နားမလည်နိုင်ပါဘူး။ ဆေးလောကရဲ့ တိုးတက်မှုတွေကလည်း အလျင်အမြန်ပြောင်းလဲနေတော့ စဉ်ဆက်မပြတ် ခေတ်မီတိုးတက်နေဖို့ လိုအပ်ပါတယ်။ ဒါတွေသိဖို့အတွက် အနည်းဆုံးသော ဆရာဝန်ပေါက်စပင်လျှင် ၇ နှစ် ဆေးကျောင်းတက်ရပါတယ်။ ဆေးတောက်လျှောက်ကုနေရပါတယ်။ အဆက်ပြတ်သွားရင် အတွေးအခေါ် အယူအဆတွေက စာဆက်ပြတ်သွားပြီး ခေတ်နောက်ကျသွားလို့ ဘောင်မဝင်တော့တဲ့အခါ လူနာတွေ နစ်နာရပါတယ်။ ဒီလို နစ်နာမှုတွေ မရှိစေဖို့ လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်ပေးနိုင်ဖို့ ဆရာဝန်တွေနဲ့ စစ်ဆေးဖို့ လိုအပ်ပါတယ်။

နောက်တစ်ခုကတော့ လူနာ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ကံ ၊ စိတ် ၊ ဥတု ၊ အာဟာရ အခြေခံ လိုအပ်ချက်တွေတူတာ မဟုတ်ပါဘူး။ ဒီတော့ အားလုံးကို စက်ရုံက ရိုက်ထုတ်လိုက်သလို တစ်ယောက်တစ်လုံးစီသောက်ကြ ရော့အင့် ဆိုပြီး လုပ်လို့ မရပါဘူး။ တစ်ယာက်ခြင်းစီရဲ့ ကံ ၊ စိတ် ၊ ဥတု ၊ အာဟာရ နဲ့ ရောဂါအနေအထားကို စစ်ဆေးလေ့လာပြီးမှသာ စနစ်တကျကုသပေးရမှာ ဖြစ်ပါတယ်။
ကံ ၊ စိတ် ၊ ဥတု ၊ အာဟာရ ဆောင်းပါးကို အောက်ပါလင့်ခ် Link နှိပ်၍ ဖတ်ပေးနိုင်ပါသည်။

https://m.facebook.com/story.php…

🌞🌞🌞
တစ်ချို့တွေက ပြောကြတယ်။ နေရောင်ခြည်က ခရမ်းလွန်ရောင်ခြည်ဓာတ်တွေက လူသားတွေကို အန္တရာယ်ပေးတယ်။ အရေပြားကင်ဆာ ဖြစ်စေတယ်ဆိုပြီးတော့ ပြောကြပါတယ်။ ဒီတော့ နေရောင်ခံမယ့်အစား ဆေးသောက်တာ ပိုမကောင်းဘူးလား။

မကောင်းပါဘူး။ သဘာဝနေရောင်ခြည်မှာ ရောဂါပိုးကိုသေစေတယ့် သဘာဝဓာတ်တွေ ပါဝင်ပါသေးတယ်။ နောက်တစ်ခုက ခရမ်းလွန်ရောင်ခြည်က အမြဲတမ်း မြင့်တက်နေတာ မဟုတ်ပါဘူး။ အခုလိုမိုးရာသီမှာ နေမပူမှာတောင် ကြောက်နေရတာလေ။ ကျန်းမာရေးကောင်းတဲ့ ဓာတ်တွေကို သယ်ဆောင်ပေးတဲ့ နေရောင်ခြည်အချိန်ဟာ နံနက်အာရုံတက်ကနေ နံနက် ၈ နာရီ အထိ ရှိတတ်ပါတယ်။ ဒီအချိန်မှာ လမ်းလျှောက်ထွက်တာ ၊ လေ့ကျင့်ခန်းလုပ်တာ ၊ နေပူဆာလှုံတာတွေက ဆေးသောက်တာထက် အကျိုးပိုများပါတယ်။

🌞🌞🌞
Vitamin D သောက်တာများသွားရင် ဘာဖြစ်မလဲ။ Vitamin D အဆိပ်သင့်တာ ဖြစ်လာပါလိမ့်မယ်။ တစ်နေ့တာအတွင်း 6,000 IU ထက်ပိုခဲ့ရင်ဖြစ်စေ တစ်လတာအတွင်း 30,000 IU ထက် ကျော်လွန်ခဲ့ရင်ဖြစ်စေ Vitamin D အဆိပ်သင့်ပါလိမ့်မယ်။ နှလုံးသွေးကြောတွေ မာတောင့်လာမယ် ၊ ကျောက်ကပ်မှာ ဆီးကျောက်တည်တာတွေ ဖြစ်လာလိမ့်မယ်။ ဆီးတွေ ခဏ ခဏ သွားမယ်။ နှလုံး အဆုတ် ကြွက်သားစတဲ့ ပျော့ပြောင်းရမယ့် အင်္ဂါတွေဟာ မာကြောလာလို့ အလုပ်လုပ်တာမှာ မချောမွေ့တော့ဘူး။ စက်တွေသံချေးကိုက်သလိုမျိုး ခန္ဓာကိုယ်ဟာ တောင့်တင်းလာပါလိမ့်မယ်။

ဒါကြောင့် အရာရာဟာ တန်ဆေးလွန်ဘေးပါပဲ။ သူများတွေက သောက်ဖို့လိုပေမယ့် ကိုယ်က လိုချင်မှလိုတာပါ။ ဒီလိုသဘာဝနေရောင်ခြည်နဲ့ အစားအစာ အာဟာရတွေကနေ စွမ်းအားပြည့်တဲ့ Vitamin D တွေ အခမဲ့ ရနေတာကို ဘာဖြစ်လို့များ ငွေကုန်ကြေးကျခံပြီး ဈေးကြီးဆေးတွေ ဝယ်သောက်နေရမလဲ ခင်ဗျာ။ အနှစ်ချုပ်ရေးပေးပါ့မယ်။

🌞🌞🌞
Vitamin D တစ်နေ့တာ လိုအပ်ချက်
နေရောင်ရတိုင်းပြည် – 200 IU မှ 400 IU
နေရောင်ဆင်းရဲသည့် တိုင်းပြည် – 600 IU မှ 1,000 IU
🌞🌞🌞
Vitamin D အဆိပ်သင့်ပမာဏ
တစ်နေ့ 6,000 IU ထက်ပိုလျှင်
တစ်လ 30,000 IU ထက်ပိုလျှင်

အသက်ဥာဏ်စောင့် ၊ ဥစ္စာကံစောင့် ဆိုတဲ့ မြန်မာတို့ရဲ့ အဆုံးအမအတိုင်း မိမိတို့ရဲ့ အသက်နှင့်ကျန်းမာရေးကို မိမိတို့ဥာဏ်ပညာဖြင့် အထူးသတိပြု စောင့်ရှောက်ပေးကြပါလို့ မှာကြားလိုက်ရပါတယ်။
(ဤ Vitamin D အသိပညာပေးဆောင်းပါးကို အမေရိကန်နိုင်ငံ အထင်ကရ Mayo Clinic မှပြုလုပ်သော သုတေသနစာတမ်းနှင့် NIH – National Institute of Health မှ လမ်းညွှန်ချက်များကို အဓိကကိုးကား၍ ရေးသားပြုစုထားပါသည်။)

Dr. ကျော်သက်စိုး
အထွေထွေရောဂါကုဆရာဝန်
(၁၈ ၊ ၈ ၊ ၂၀၁၇)